သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဟောင်း ကင်ဒေးဂျုံ ဈာပန နိုင်ငံတော်အခမ်းအနားနဲ့ ဂုဏ်ပြု


ကွယ်လွန်သူ တောင်ကိုရီးယားသမ္မတဟောင်း Kim Dae-jung ရဲ့ ဈာပနဒီကနေ့ကျင်းပပြီး တောင်ကိုရီးယားပြည်သူတွေက နောက်ဆုံး နှုတ်ဆက်ကြတဲ့နေ့မှာ ဈာပနအခမ်းအနားတက်ဖို့ ရောက်နေကြတဲ့ မြောက်ကိုရီးယားအဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့နဲ့ လက်ရှိသမ္မတက ပထမဆုံးအကြိမ်အဖြစ် ထူးခြားစွာတွေ့ဆုံခဲ့ပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Kurt Achin ဆိုးလ်မြို့ကနေ ပေးပို့ထားတဲ့သတင်းနဲ့အတူ အဲဒီဈာပနအခမ်းအနားကို တက်ရောက်ခဲ့ကြတဲ့ NLD-LA အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေကို ကိုယ်စားလှယ်တွေကို ဆက်သွယ်ပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါ တယ်။

တောင်ကိုရီးယားသမ္မတ Kim Dae-jung ရဲ့ ဈာပနအခမ်းအနားကိုတက်ဖို့အတွက် မြောက်ကိုရီးယားနိုင်ငံက အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ တောင်ကိုရီးယားနိုင်ငံကို ဒီကနေ့ ထွက်ခွာလာခဲ့ပါတယ်။ ဒါပေမယ့် ဈာပနအခမ်းအနားကို မတက်ခင် လက်ရှိ တောင်ကိုရီးယားသမ္မတ Lee Myung-bak နဲ့ တွေ့ဆုံပါတယ်။

“မြောက်ကိုရီးယားကိုယ်စားလှယ်အဖွဲ့ဟာ တောင်ကိုရီးယားသမ္မတ Lee Myun-bak နဲ့ နာရီဝက်လောက်တွေ့ဆုံပြီးတော့ တောင်နဲ့မြောက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးအတွက် မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-il ပါးလိုက်တဲ့ သတင်းစကားကို ပြောကြားခဲ့ပါတယ်”လို့ ကိုရီးယားဘာသာစကားနဲ့ ပြောသွားခဲ့ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင်က ဘယ်လို သတင်းစကားမျိုး ပါးလိုက်တယ်ဆိုတဲ့ အသေးစိတ်အချက်အလက်ကိုတော့ တောင်ကိုရီးယားသမ္မတရုံးက ထုတ်ဖော် ပြောဆိုခြင်းမရှိပါဘူး။

“မြောက်ကိုရီးယားနဲ့ပတ်သက်လို့ တောင်ကိုရီးယားဖက်က ချမှတ်ထားတဲ့ မူဝါဒတွေအတိုင်း ဆက်လက် လုပ်ဆောင်သွားဖို့ သံဓိဌာန်ချထားတယ်ဆိုတဲ့သတင်းစကားကို မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong-il ကို ပြောပြဖို့ သမ္မတ Lee Myun-bak ပြောလိုက်ပါတယ်တဲ့။ နောက် မြောက်ကိုရီးယားကိုယ်စားလှယ် အဖွဲ့ အခုလို ဈာပနအခမ်းအနား လာတက်ကြ တဲ့အတွက် ကျေးဇူးတင်ကြောင်းနဲ့ နှစ်နိုင်ငံအကြားရှိနေတဲ့ ပြဿနာတွေကို ရိုးသား ဖြူစင်တဲ့ တွေ့ဆုံဆွေးနွေးတဲ့နည်းနဲ့ ဘယ်လိုမှ ဖြေရှင်းလို့မရနိုင်စရာ အကြောင်းမရှိပါဘူးတဲ့။ တောင်ကိုရီးယားသမ္မတ ပြောကြားလိုက်တဲ့ အဲဒီ သဘောထား တွေကို မြောက်ကိုရီးယားဖက်က လက်ခံတဲ့အနေနဲ့ တောင်နဲ့ မြောက်အကြား ပြဿနာတွေကို အတူတကွ ဖြေရှင်းကြဖို့ ပြန်လည် ပြောကြားခဲ့ပါတယ် ”လို့ ကိုရီးယားဘာသာစကားနဲ့ ပြောသွားခဲ့ပါတယ်။

မြောက်ကိုရီးယားအစိုးရသတင်းမီဒီယာတွေက တောင်ကိုရီးယားသမ္မတ Lee Myun-bak ကို သစ္စာဖောက်လို့ စွပ်စွဲ ရေးသားလေ့ ရှိတာကြောင့် ဒီကနေ့ တွေ့ဆုံမှုက တမူထူးခြားတဲ့ တွေ့ဆုံမှုဖြစ်တယ်လို့ ထင်မြင် ယူဆနေကြပါတယ်။ မြောက်ကိုရီးယားနဲ့ ပိုမို ရင်းနှီးမှုရရှိအောင် ရည်ရွယ်တဲ့အနေနဲ့ တောင်ကိုရီးယားနိုင်ငံက အခွန်ငွေတွေအသုံးပြုပြီး မြောက်ကိုရီးယားကို ထောက်ပံ့နေတဲ့ အရင်တောင်ကိုရီးယား သမ္မတဟောင်း နှစ်ယောက်ရဲ့ အစီအစဉ်ကို လက်ရှိ သမ္မတ က ဖျက်သိမ်းထားတာဖြစ်ပါတယ်။

အဲဒီ ကူညီထောက်ပံ့ရေး မူဝါဒကို စတင် အကောင်အထည်ဖော်ခဲ့တဲ့ ကွယ်လွန်သူ တောင်ကိုရီးယားသမ္မတ Kim Dae-jung ရဲ့ ဈာပနကို တက်ဖို့အတွက် မြောက်ကိုရီးယားကိုယ်စားလှယ်အဖွဲ့ ရောက်ရှိနေတာဖြစ်ပါတယ်။

ရိုမန် ကက်သလစ်ဘာသာဝင် တဦးဖြစ်ပြီး ဘာသာရေး အလွန်ကိုင်းရှိုင်းတဲ့ သမ္မတကြီး Kim Dae-jung ရဲ့ ဈာပန အခမ်းအနားကိုတော့ တောင်ကိုရီးယားပါလီမန် အဆောက်အဦတွင်းမှာ ကျင်းပခဲ့ပြီး သူ့ကို ချစ်တဲ့ ကိုရီးယားပြည်သူ ပြည်သား ထောင်ပေါင်းများစွာ တက်ရောက် ဂါရဝပြုခဲ့ကြပါတယ်။

သမ္မတ Kim Dae-jung ရဲ့ ဈာပနအခမ်းအနားကို ကိုရီးယားနိုင်ငံမှာရှိနေတဲ့ NLD-LA အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ အဖွဲ့ဝင်တွေလည်း တက်ရောက် ဂါရဝပြုဖို့ ဖိတ်ကြားခြင်း ခံခဲ့ရပါတယ်။ ဒီကနေ့ သူသွား တက်ရောက် ခဲ့တဲ့ ဈာပနအခမ်းအနား အကြောင်းကိုတော့ NLD – LA ဥက္ကဌ ဦးအောင်မြင့်ဆွေက အခုလို ပြောပြပါတယ်။

"အခမ်းအနားကို နေ့ခင်း ၂နာရီတွင်းမှာ ဂါရဝသွားပြုခဲ့ပါတယ်။ အဲဒီမှာ နိုင်ငံတကာ သမ္မတတွေနဲ့ ကိုရီးယား လက်ရှိ သမ္မတရော၊ နိုင်ငံတကာ သံတမန်တွေ တက်ရောက် ဂါရဝပြုခဲ့တာကို တွေ့ရပါတယ်။ ပြီးတော့ သမ္မတကြီးကို မြုပ်နှံမယ့် ဆီကို သယ်ဆောင်သွားတာကို တွေ့ရပါတယ်။"

ကွယ်လွန်သူ တောင်ကိုရီးယားသမ္မတကြီး Kim Dae-jung ဟာ တနေ့ မြန်မာပြည် ဒီမိုကရေစီရရှိရမယ်ဆိုတဲ့ ယုံကြည်ချက် နဲ့ သူ သမ္မတအဖြစ် တာဝန်ထမ်းဆောင်နေစဉ်မှာရော၊ ရာထူးက အနားယူပြီးတဲ့အထိပါ ဒီမိုကရေစီအရေး လှုပ်ရှားနေကြ သူတွေကို စိတ်အားထက်သက်စွာ ထောက်ခံအားပေးပြီး တက်တက်ကြွကြွ လှုပ်ရှား ဆောင်ရွက်ခဲ့သူဖြစ်တဲ့အကြောင်း လည်း ဦးအောင်မြင့်ဆွေက ဆက်ပြောပြပါတယ်။

"သမ္မတကြီး သက်ရှိထင်ရှား ရှိစဉ်ကာလမှာ မြန်မာပြည် ဒီမိုကရေစီရေးနဲ့ ပတ်သက်လို့ သူက အတက်နိုင်ဆုံး ပံ့ပိုးကူညီ ပေးခဲ့ပါတယ်။ ဒေါ်စုကိုလည်း အင်မတန် ထောက်ခံပြီး ဗမာပြည်ရဲ့ ဒီမိုကရေစီရေးဟာ တနေ့ မလွဲမသွေ ဗမာပြည်ဟာ ဒီမိုကရေစီနိုင်ငံဖြစ်ရမယ်ဆိုတဲ့ အကြောင်းနဲ့၊ သူ့ရဲ့ ဗမာပြည်အတွေ့အကြုံတွေကို ပြောသွားခဲ့ပါတယ်။ မြန်မာ့ဒီမိုကရေစီ အထိမ်းအမှတ်တွေကိုလည်း ကျင်းပပေးသွားခဲ့ပါတယ်။ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားသူတွေကိုလည်း ထောက်ပံ့ အားပေး သွားတဲ့ သာဓကတွေလည်း ရှိပါတယ်။"

NLD – LA ကိုရီးယားဌာနခွဲက ဥက္ကဌ ဦးအောင်မြင့်ဆွေ ပြောပြသွားတာဖြစ်ပါတယ်။

သမ္မတ Kim Dae-jung ရဲ့ ဈာပနအခမ်းအနားကိုတက်ဖို့အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း Madeleine Albright နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန မြောက်ကိုရီးယားဆိုင်ရာ အဆင့်မြင့် သံတမန် Stephen Bosworth တို့ ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို သမ္မတ Barack Obama က စေလွှတ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG