သုံးရလွယ်ကူစေသည့် Link များ

မြန်မာစစ်အစိုးရ ကလေးစစ်သား စုဆောင်းနေဆဲ


မြန်မာနိုင်ငံမှာ ကလေးစစ်သားအသုံးပြုမှု ပပျောက်သွားဖို့အတွက် မြန်မာအာဏာပိုင်တွေက ကော်မတီတရပ် ဖွဲ့စည်းပြီး လုပ်ဆောင်နေတယ် ဆိုပေမယ့် အောက်ခြေတပ်တွေထဲမှာကတော့ ကလေးစစ်သားစုဆောင်းတာတွေ ဆက်ပြီး ရှိနေဆဲပါ။ မကြာသေးခင်ကာလတွေမှာတော့ တပ်ထဲ အတင်းခေါ်သွားခံရတဲ့ ကလေးစစ်သားတွေရဲ့ မိသားစုဝင်တွေက အပြည်ပြည် ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO ကို သတင်းပို့တိုင်ကြားတာတွေ၊ တပ်တွေထဲထိလိုက်သွားပြီး ပြန်ပေးဖို့ တောင်းတာတွေ ရှိလာတာကြောင့် ကလေးစစ်သားတချို့ကို ပြန်ပေးတာတွေရှိလာပါတယ်။ အဲဒီထဲက နောက်ဆုံးဖြစ်ရပ်တခုကို ဘန်ကောက်ကနေ ၀ိုင်းတော်သား ကိုကျော်ကျော်သိန်းက မေးမြန်းစုံစမ်းပြီး တင်ပြထားပါတယ်။

အသက်မပြည့်သေးတဲ့ ကလေးတယောက်ကို အတင်းအကျပ် ခေါ်ဆောင်သွားပြီး လေ့ကျင့်ရေးတပ်ထဲ ပို့ပေးခဲ့တဲ့ ဖြစ်ရပ် ဖြစ်ခဲ့တာကတော့ ညောင်လေးပင်မြို့နယ်မှာပါ။ အသက် ၁၅ နှစ် ပြည့်ပြီးတာတောင် တလကျော်ပဲရှိသေးတဲ့ ညောင်လေးပင်မြို့၊ မြို့မ (၃) ရပ်ကွက်မှာနေထိုင်သူ ဆယ်တန်းကျောင်းသား မောင်ငြိမ်းချမ်းအောင်ကို ကျောင်းအသွား လမ်းမှာ တပ်ကြပ်တဦးက အတင်းခေါ်ဆောင်သွားတာလို့ ဖခင်ဖြစ်သူ ဦးစောစတီဗင်က ပြောပြပါတယ်။ ဦးစောစတီဗင် ကိုယ်တိုင်က လည်း စစ်မှုထမ်းဟောင်းတဦးပါ။ သားကို ခေါ်သွားတယ်ဆိုတဲ့တပ်ထဲကို ကိုယ်တိုင်လိုက်သွားပြီး အသက် မပြည့်သေးတဲ့အတွက် ပြန်လွှတ်ပေးဖို့ ပြောခဲ့တယ်လို့ ဖခင် ဦးစောစတီဗင်က ပြောပါတယ်။

“၁၅ ရက်နေ့ကျတော့ ကျနော် ညောင်လေးပင်ကနေ စထွက်တယ်၊ မန္တလေးမှာ အိပ်တယ်၊ နောက်နေ့ မြစ်ကြီးနားကို ဆက်ကူးပါတယ်။ မြစ်ကြီးနားကနေ အနောက်ကို ပြည်ထောင်ကို ပြန်လာရတာ။ ပြည်ထောင်ပြန်လာရတော့ တရုတ် ရထားနဲ့ စီးပြီးတော့ ခုန်ချပြီးတော့ သူတို့တပ်ရင်းမှာ ဆင်းရပါတယ်။ သူတို့ဆီလည်းရောက်ရော တပ်ခွဲမှူးနဲ့ တွေ့ပါတယ်။ တပ်ခွဲမှူး ဗိုလ်ကြီးကိုပြောတယ် - ကျနော့်သား ဒီကို ခေါ်ဆောင်သွားတယ်၊ ကျနော့်သားက ကျောင်းသားလေးပါ။ ထောက်ခံစာတွေ ကျနော် ပြလိုက်ပါတယ်။ ဗိုလ်ကြီးကလည်း မှာကြားတာပေါ့။ ဒီကျောင်းသားလေးကို ပြန်လွှတ် ပေးလိုက် ပါလို့၊ လေ့ကျင့်ရေးမှူးကို စာကို ပြလိုက်တယ်။ အမှတ် (၄) စုဆောင်းရေးတပ်၊ အဲဒါ ကျနော် ပြောလိုက်ပါတယ်။”

တကယ်ကတော့ ဖခင်ကိုယ်တိုင်လိုက်သွားပြီး ပြောတာတခုထဲကြောင့် ကလေးကို ပြန်လွှတ်ပေးလိုက်တာတော့ ဟုတ်ပုံ မရပါဘူး။ ဦးစောစတီဗင်ဟာ တပ်ကိုလိုက်သွားပြီး ပြန်ရောက်လာပြီးတဲ့နောက် ပဲခူးမြို့ပေါ်မှာရှိတဲ့ ILO ရုံးခွဲကို သွား အကြောင်းကြားပါတယ်။

ILO ရုံးကလည်း အချက်အလက်တွေ အပြည့်အစုံ တောင်းယူထားပြီး တရက် နှစ်ရက်အတွင်း ပြန်ခေါ်ပေးမယ်လို့ ပြောလိုက် တဲ့အကြောင်း ဦးစောစတီဗင်က ပြောပြပါတယ်။

ပဲခူးမြို့မှာအခြေစိုက်ပြီး ကလေးစစ်သား စုဆောင်းခံရတဲ့ကိစ္စတွေ၊ လယ်သမားတွေရဲ့ အခက်အခဲတွေကို ကူညီဖြေရှင်း ပေးနေတဲ့ လမ်းပြကြယ်အဖွဲ့ခေါင်းဆောင် ဦးအေးမြင့်ကတော့ ILO ကြောင့် ပြန်လွှတ်ပေးလိုက်တာပါသလို အရေးယူ ခံရမှာကြောက်တာ ကြောင့်လည်းဖြစ်တယ်လို့ သုံးသပ်ပါတယ်။

“အိုင်အယ်လ်အိုကြည့်လို့သာလျှင်၊ ILO ရောက်နေတာ ၂၀၀၂ ခုနှစ်နောက်ပိုင်းကတည်းက ရောက်နေတာတောင် ၇ နှစ် ကျော်အကြာမှာ အိုင်အယ်လ်အို လိုအဖွဲ့အစည်းကြီးတခု ရှိနေလို့ အဖွဲ့အစည်းကြီးကို အားကိုးပြီး တိုင်လို့ရတာတွေကြောင့် သာလျှင် ကျနော်တို့ ရတဲ့ဘ၀ ဖြစ်ပါတယ်။ အမှန်မှာတော့ ILO ကျေးဇူးလည်းပါတယ်။ သို့သော် ILO အပြင် သူတို့ ပြုတ်မှာ ကြောက်လို့၊ ဒုက္ခရောက်မှာကြောက်လို့ အခုလို တပ်က လာပြန်ပို့တာပါ။”

ပဲခူးမြို့က လမ်းပြကြယ်အဖွဲ့ခေါင်းဆောင် ဦးအေးမြင့်ပါ။

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ကလေးစစ်သား အများဆုံး စုဆောင်းအသုံးပြုတဲ့ နိုင်ငံတခုဖြစ်တယ်လို့ ကလေးစစ်သား အသုံးပြုမှု ပပျောက်ရေးလုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေက ပြောပါတယ်။ ကလေးစစ်သားကိစ္စ လူပြောသူပြော များလာပြီးတဲ့နောက် မြန်မာစစ်တပ်ထဲမှာ ကလေးစစ်သားမရှိဘူးလို့ အရင်က တောက်လျှောက် ငြင်းလာခဲ့တဲ့ မြန်မာ စစ်အစိုးရက ကလေးစစ်သား အသုံးပြုမှုပပျောက်ရေး လုပ်ဆောင်ဖို့ဆိုပြီး အဆင့်မြင့်တာဝန်ရှိသူတွေ ပါတဲ့ ကော်မတီ တရပ်ကိုတောင် ဖွဲ့စည်း လုပ်ဆောင်လာရ ပါတယ်။

ဒါပေမယ့်လည်း မြန်မာစစ်တပ်မှာ စစ်သားအရေအတွက် နည်းလွန်းနေတာကြောင့် တပ်သားသစ်တွေကို ရတဲ့နည်းနဲ့ စုဆောင်း နေကြရပြီး တပ်သားသစ် စုဆောင်းနိုင်တဲ့သူကို ဆုငွေချီးမြှင့်တာတွေရှိတာကြောင့် စားဝတ်နေရေး အဆင် မပြေတဲ့ အောက်ခြေ တပ်ဖွဲ့ဝင်အဆင့်ဆင့်က ကလေးတွေကိုတောင်မရှောင်ဘဲ စုဆောင်းနေကြဆဲဖြစ်တယ်လို့ လမ်းပြကြယ် အဖွဲ့ခေါင်းဆောင် ဦးအေးမြင့်က ပြောပါတယ်။

XS
SM
MD
LG