သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်ရပ် ကိုးကန့်တပ်ဖွဲ့နဲ့ မြန်မာစစ်အစိုးရကြား တင်းမာမှု တိုးပွား


အပစ်အခတ်ရပ်စဲထားတဲ့ MNDAA မြန်မာပြည် အမျိုးသား သွေးစည်းညီညွတ်ရေး တပ်မတော် ခေါ် ကိုးကန့်တပ်ဖွဲ့နဲ့ မြန်မာစစ်အစိုးရကြားမှာ တင်းမာမှုတွေဟာ ဒီနေ့ထိ ပြေလည်မှု မရရှိသေးဘဲ ကိုးကန့်အဖွဲ့ကတော့ နှစ်ခြမ်းကွဲတဲ့ အနေအထားကို ရောက်ရှိနေပါတယ်။ မြန်မာစစ်တပ်ဖွဲ့တွေက ကိုးကန့်အဖွဲ့ အခြေစိုက်ရာ လောက်ကိုင်မြို့တွင်းမှာ တပ်စွဲ ထာသလို ကိုးကန့်အဖွဲ့တွေကလည်း မြို့ ပြင်တောင်ကုန်းတွေမှာ နေရာယူထားပေမယ့် နှစ်ဘက် အတိုက်အခိုက်တော့ မရှိပါဘူး။ ဒီသတင်းကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထာပါတယ်။

အခုလ ၈ရက်နေ့က စတင်ခဲ့တဲ့ ကိုးကန့်တပ်တွေနဲ့ မြန်မာစစ်တပ်ဖွဲ့တွေ အကြားတင်းမာမှုဟာ ၂၃ရက်နေ့မှာ အမြင့်ဆုံးထိ ရောက်ခဲ့ပြီး ကိုးကန့်အဖွဲ့ဟာ နှစ်ခြမ်းကွဲတဲ့ အနေအထားထိ ဖြစ်ခဲ့ပါတယ်။ မနေ့ကညနေပိုင်းမှာတော့ မြန်မာစစ်တပ်တွေ ဟာ ကိုးကန့်အဖွဲ့ အခြေစိုက်ရာ လောက်ကိုင်မြို့ကို ဝင်ရောက်ခဲ့ကြပါတယ်။ ဒီကနေ့ နောက်ဆုံး အခြေအနေကိုတော့ တရုတ် မြန်မာနယ်စပ်က နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောက အခုလို ပြောပါတယ်။

“ဒီနေ့က ရှင်းရှင်းလင်းလင်း မဖြစ်ဘူး။ လောက်ကိုင်မြို့ထဲမှာလည်း ဗမာတပ် ရောက်နေပြီးတော့ မနက်ကတော့ ဗဟို ကော်မတီ အစည်းအဝေး လုပ်ခိုင်းတယ် ဗမာတပ်က။ အဲတော့ ဗဟိုကော်မတီ အစည်းအဝေးကိုတော့ ဖုန်ကြားတို့ မပါဘဲနဲ့ ဖုန်တို့ အဖွဲ့မပါဘဲနဲ့ လုပ်ခိုင်းတယ်။ ပြီးရင်မနေ့က ထွက်ပြေးတဲ့ ပိုင်ဆုန်ချင်ကို သူတို့ ဥက္ကဋ္ဌတင်ပြီး ကိုးကန့် အထူးဒေသ (၁) အသစ်ဖွဲ့မယ်နဲ့ တူတယ်။ ဗမာအစိုးရက ဖုန်မပါဘဲနဲ့ ။ အဲလိုဖြစ်ဖို့ များတယ်။ ဒါပေမဲ့ နှစ်ဘက်တပ်ကတော့ ဘာမှ မဖြစ်သေးဘူး။ ဗမာတပ်ကတော့ မနေ့က ၃-၄ ရင်းလောက်ဝင်လာတယ်။ ဒါပေမဲ့ တရုတ်နယ်စပ်အထိ မသွားဘဲနဲ့ လောက်ကိုင်မှာပဲ အခြေချထားတယ်။”

ဥက္ကဋ္ဌ ဖုန်ကြားရှင်အဖွဲ့နဲ့ ဒုတိယဥကဌ ပိုင်ဆုန်ချင်အဖွဲ့ဟာ နှစ်ခြမ်းကွဲတဲ့ အနေအထားကို ရောက်ရှိနေပြီး တပ်အင်အား အများစုကတော့ ဖုန်ကြားရှင်ဘက်မှာ ရပ်တည်နေတယ်လို့ ပြောပါတယ်။ အခုအခါမှာ ဥက္ကဋ္ဌ ဖုန်ကြားရှင်ဟာ လောက်ကိုင် မြို့ အနီးတောင်ပေါ်မှာ တပ်စွဲထားတဲ့ သူ့တပ်ဖွဲ့တွေနဲ့ အတူရှိနေတယ်လို့ ဦအောင်ကျော်ဇောက ပြောပါတယ်။ တရုတ် မြန်မာ နယ်စပ်ကသူအချို့ကတော့ ဖုန်ကြားရှင်ဟာ တရုတ်နိုင်ငံတွင်းကို ရောက်နေတယ်လို့ ပြောပေမယ့် အတည်ပြုလို့ မရသေးပါဘူး။ ကိုးကန့်တပ်ဖွဲ့တွေနဲ့ မြန်မာစစ်အစိုးရအကြား အခုလို တင်းမာနေတဲ့ အခြေအနေဟာ နောက်ပိုင်းမှာ ဘာတွေ ဆက်ဖြစ်လာမယ်ဆိုတာကတော့ သုံးသပ်ဖို့ ခက်နေတယ်လို့ ဦးအောင်ကျော်ဇော က ပြောပါတယ်။

“ပြောရတော့ ခက်တယ်ဗျ။ အပြန်အလှန်ဆွေးနွေးမှုတွေ အချက်အလက်တော့ များတာပေါ့။ တရုတ်ပြည်က ဘယ်လိုပါဝင် ဆွေးနွေးမလဲဆိုတဲ့ ပြသနာရယ်။ ညီနောင်တပ်ဖွဲ့တွေဖြစ်တဲ့ ဝတပ်ဖွဲ့တို့ ဘာတို့က ဘယ်လို သဘောထားပြီး ဘယ်လို ဖြေရှင်းမယ်ဆိုတဲ့ အပေါ်မှာ မူတည်တယ်။ ကျနော် အခုအနေတော့ ယတိပြတ်ပြောဖို့ ခက်ပါတယ်။”

ကိုးကန့်အဖွဲ့ဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေထဲမှာ မြန်မာစစ်အစိုးရနဲ့ ပထမဆုံး အပစ်အခတ်ရပ်စဲတဲ့ အဖွဲ့ ဖြစ်ပါတယ်။ ဒီနှစ်ဧပြီလအတွင်းကတော့ ကိုးကန့်အဖွဲ့ အပါအဝင် တရုတ်မြန်မာ နယ်စပ်က ကချင်၊ ဝ၊ မိုင်းလား စတဲ့ အပစ်အခတ်ရပ် အဖွဲ့တွေကို မြန်မာစစ်တပ်ရဲ့ အုပ်ချုပ်မှုအောက်မှာ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းးဖို့ မြန်မာ စစ်အစိုးရက ကမ်းလှမ်းခဲ့ပေမဲ့ သူတို့က လက်မခံခဲ့ကြပါဘူး။ အဲဒီနောက်မှာ ကိုးကန့်အဖွဲ့နဲ့ မြန်မာစစ်အစိုးရအကြား တင်းမာမှုတွေ စတင်လာတာဖြစ်ပါတယ်။

XS
SM
MD
LG