သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Ice စကားလုံး အီဒီယံ အသုံးအနှုန်းများ


Singapore Polar Bear
Singapore Polar Bear

ဒီတပတ် တင်ပြပေးထားတဲ့ အီဒီယံအသုံးအနှုန်းများကတော့ skating on thin ice, break the ice, on ice နဲ့ cut no ice တို့ဖြစ်ပါတယ်။

အအေးပိုင်းဒေသမှာ ဆောင်းတွင်ဆို အေးလွန်လို့ မြစ်ချောင်းအင်အိုင်၊ ရေကန်တွေ ရေခဲ သွားကြပါတယ်။ အဲဒီအခါ ရေခဲပြင်ပေါ် စကိတ် (skat) စီးတာ ရေပန်းစား ပါတယ်။ ဒါပေမယ့် ရေခဲပြင်ပေါ် စကိတ်စီးသူတွေဟာ တခုတော့ သတိထားရပါလိမ့်မယ်။ ရေခဲပြင်က ရေခဲလွှာပါးရင် ရေခဲပြင်မစီးရဘဲ ရေခဲထဲရေချိုးရတဲ့ အဖြစ်မျိုး ရောက်နိုင်လို့ပါ။

ဒီအခြေအနေပေါ် မှုတည်ပြီးတော့ ပထမဦးဆုံး တင်ပြပေးသွားမယ့် အီဒီယံ အသုံးကတော့ skating on thin ice ဖြစ်ပါတယ်။ Skating က skat ဆိုတဲ့ စကားလုံးကလာပြီး နာမ် (noun) အနေနဲ့ ရေခဲပြင်ပေါ်မှာ စီးတဲ့ ဘိနပ်အောက်ပိုင်းမှာ သံမဏီ အသွားပါးပါး တပ်ထားတဲ့ ဘိနပ်တမျိုးကို ဆိုလိုပါတယ်။ ကြိယာ (verb) အနေနဲ့ကတော့ အဲဒီလို ဘိနပ်ဝတ်ပြီး ရေခဲပြင်ပေါ်မှာ စီးတာ ဖြစ်ပါတယ်။ Thin ကတော့ ပါးလွှာတာဖြစ်ပြီး Ice ကတော့ ရေခဲ ဖြစ်ပါတယ်။ စကားစုတခုလုံးရဲ့ လုံးကောက်အဓိပ္ပါယ်က ပါးလွှာတဲ့ရေခဲပြင်ပေါ်မှာ စကိတ်စီးတာ ဖြစ်ပါတယ်။

အအေးပိုင်းဒေသတွေမှာ ရာသီဥတုက ရေခဲအမှတ် အောက်ရောက်ရင် မြစ်ချောင်းအင်အိုင်တွေ ရေခဲပြီးတော့ စကိတ်စီးတဲ့ ဝါသနာပိုးတွေအတွက်တော့ ပျော်စရာပါ။ ဒါပေမယ့်လည်း ရေခဲတာဟာ အပေါ်ယံကြောဘဲဖြစ်တယ်၊ ပါးလွှာတဲ့ဆိုရင်တော့ ရေခဲပြင်ကို စီးတဲ့အခါမှာ ရေခဲကွဲကျပြီးတော့ လူအတွက် အန္တရာယ်ရှိစေနိုင်ပါတယ်။ ဒါကြောင်မို့ ဒီစကားလုံးရဲ့ အီဒီယံအဓိပ္ပါယ်က နေ့စဉ်ဘဝမှာ အန္တရာယ်ကျရောက်မဲ့လမ်းကို လျှောက်နေတယ်ဆိုရင် ဒီအသုံးကို သုံးစွဲပြောဆိုနိုင်ပါတယ်။

ကျမတို့ မြန်မာမှာလည်း ရာဇဝတ်မှု ကျူးလွန်ပြီးတော့ ထောင်ကျဖို့ အလားအလာရှိနေရင် အဲဒီလူကို ထောင်နှုတ်ခမ်းဝ လျှောက်နေတဲ့လူလို့ ပြောသလိုဖြစ်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ Pauline Gary ပေးတဲ့ ဥပမာမှာတော့ ဆရာမတဦးက ဇီဝဗေဒ ပညာရပ်မှာ ကျောင်းသားတယောက် စာမကျက်လို့ စာမေးပွဲကျမဲ့ အန္တရာယ် ရှိတယ်ဆိုတဲ့အကြောင်း သတိပေးတဲ့ ဥပမာ ဖြစ်ပါတယ်။

"If you study as hard as you can the rest of term, you still have a chance to get a passing grade in Biology. But, right now I'm afraid you are skating on thin ice."

"မင်းအနေနဲ့ နှစ်မကုန်ခင် အစွမ်းကုန်ကြိုးစားမယ်ဆိုရင် ဇီဝဗေဒပညာရပ်မှာ အောင်မှတ်ရဖို့ အလားအလာရှိသေးတယ်။ ဒါပေမဲ့လို့ ဒီအတိုင်း ဆက်သွားရင်တော့ မင်းမလွယ်ဘူး၊ အန္တရာယ်တွေ့လိမ့်မယ်။"

ဒုတိယတင်ပြပေးမယ့် အီဒီယံအသုံးကတော့ break the ice ဖြစ်ပါတယ်။ Break က ခွဲသည်၊ ကွဲသည် ဖြစ်ပြီး Ice က ရေခဲ ဆိုတော့ စကားစုတခုလုံးရဲ့ လုံးကောက်အဓိပ္ပါယ်က ရေခဲကို ခွဲသည် ဖြစ်ပါတယ်။ အီဒီယံအဓိပ္ပါယ်ကတော့ အေးနေတဲ့ အခြေအနေကို နွေးထွေးလာစေတာကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဥပမာ ပါတီပွဲလမ်းမှာဖြစ်စေ၊ တခြား လူမှုရေးဆိုင်ရာ လူစုလူဝေးပြုလုပ်တဲ့အခါမှာဖြစ်စေ ခပ်စိမ်းစိမ်းဖြစ်နေတာတို့ ခပ်တည်တည်သိက္ခာနဲ့ နေကြတဲ့အခါမျိုးတို့မှာ ရေခဲကို ခွဲပြစ်လိုက်သလို အေးစက်မာကျောတဲ့ အခြေအနေကို ဖြိုခွင်းပေးလိုက်ပြီးတော့ အားလုံးခင်ခင်မင်မင် ရယ်ရယ်မောမော နွေးနွေးထွေးထွေး ပြောကြဆိုကြတဲ့ အခြေအနေမျိုးဖြစ်လာရင် ဒီ အီဒီယံအသုံးအနှုန်းကို ရည်ညွှန်း သုံးစွဲနိုင်ပါတယ်။

တခါ တစိမ်းတွေ မထမဦးအကြိမ် ကြုံတွေ့တဲ့အခါ တဖက်သားနဲ့ ခင်ခင်မင်မင်ဖြစ်အောင် ကိုယ်ကစပြီး ဖော်ဖော်ရွေးရွေး ပြောဆိုတာမျိုးကိုလည်း ဒီအသုံးကို ရည်ညွှန်း သုံးနိုင်ပါတယ်။ တခါတရံလူတွေ စုဝေးရောက်ရှိနေကြပေမယ့် တယောက်နဲ့တယောက် စကားအစ ရှာမရဘဲ ခပ်စိမ်းစိမ်းဖြစ်နေကြရင်လည်း တဦးတယောက်က အာဝဇ်ဇန်းရွှင်ရွှင်နဲ့ ခင်ခင်မင်မင် ပြောဆိုလာအောင် အခြေအနေဖန်တီးပေးနိုင်တဲ့နေရာမျိုးမှာလည်း break the ice အီဒီယံကို သုံးလို့ရပါတယ်။

Pauline Gary ပေးတဲ့ဥပမာကို လေ့လာကြည့်ရအောင်။

"Last night I met this very nice guy at the party. He was shy first, but I managed to break the ice when I found we come from the same hometown, and know a lot of the same people. So he warmed up and asked me to have a dinner with him tonight."

"မနေ့ညက ပါတီတခုမှာ ကျမ အလွန်ရည်ရည်မွန်မွန်ရှိတဲ့ အမျိုးသားတယောက်နဲ့ တွေ့ခဲ့တယ်။ သူကတော့ ပထမခပ်ရှိန်းရှိန်း ဖြစ်နေခဲ့တယ်။ ဒါပေမဲ့လို့ ကျမက ဖော်ဖော်ရွေးရွေး စကားစပြောရင် သူနဲ့ကျမ တမြို့တည်းက ဖြစ်နေပြီး အသိမိတ်ဆွေ တော်တော်များများကလည်း သွားတူနေတော့ သူကလည်း ခင်ခင်မင်မင် ဖြစ်လာပြီး ဒီညမှာ ညစာစားဖို့ သူက ကျမကို ဖိတ်လိုက်တယ်။"

နောက်ထပ်တင်ပြပေးမယ့် အီဒီယံအသုံးကတော့ on ice ဖြစ်ပါတယ်။ On က အပေါ်ဖက်မှာ Ice က ရေခဲ ဆိုတော့ စကားစုတခုလုံးရဲ့ အဓိပ္ပါယ်က ရေခဲပေါ်မှာ ဖြစ်ပါတယ်။ အီဒီယံအဓိပ္ပါယ်က ကိုယ်လိုချင်တဲ့အတိုင်း ဖြစ်တော့မယ်ဆိုတာကို ရည်ညွှန်းတာဖြစ်ပါတယ်။ လုပ်ငန်းကိုင်ငန်းတွေ နဲ့ သံရေတမန်ရေး စေ့စပ်ဆွေးနွေးမှုတွေမှာ၊ ဒါမှမဟုတ် အားကစားပွဲတွေမှာ ဒီအသုံးကို ရည်ညွှန်း သုံးလေ့ရှိပါတယ်။

ဘက်စကတ်ဘော ကစားပွဲအကြောင်းပြောတဲ့ Pauline Gary ပေးတဲ့ဥပမာကို လေ့လာကြည့်ရအောင်။

"That basket just now put our team 12 points ahead of the other side with only 2 minutes to go. I think it is safe to say now the game is on ice for us."

"အခုလေးတင် သွင်းလိုက်တဲ့ ဘောလုံးကြောင့် ပွဲသိမ်းဖို့ နှစ်မိနစ်သာ ကျန်တော့တဲ့အချိန်မှာ ကျမတို့အသင်းက တဖက်အသင်းကို ၁၂ နှစ်မှတ်အသာ ရသွားခဲ့ပြီ။ အခုဆိုရင် ဒီပွဲမှာ ကျမတို့ နိုင်မှာ သေချာပြီလို့ ကျမ ပြောနိုင်မယ်လို့ ထင်ပါတယ်။"

အခုနောက်ဆုံး တင်ပြပေးမယ့် အီဒီယံကတော့ cut no ice ဖြစ်ပါတယ်။ Cut က ဖြတ်သည်၊ ပိုင်းသည်၊ No က ဘာမှမရှိခြင်း နဲ့ Ice က ရေခဲ ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ရေခဲကို မပိုင်းမဖြတ်တာ ဖြစ်ပါတယ်။ တဦးတယောက် က cut no ice with me လို့ သုံးရင် အီဒီယံမှာ တဖက်က ဘယ်လိုဘဲထင်နေ သူကတော့ တဖက်လူရဲ့ စကားပြောတာကို နားမဝင်ဆိုတဲ့သဘော ဖြစ်ပါတယ်။

Pauline Gary ပေးတဲ့ဥပမာမှာတော့ လူတယောက်က သူ့အကြီးအကဲသစ်နဲ့ ပတ်သက်ပြီး ပြောတဲ့ ဥပမာဖြစ်ပါတယ်။

"Everybody tells me we are lucky to have this guy as our boss, but I am not impressed with what I have seen so far. All the stuff I hear about how great he is cut no ice with me."

"ဒီပုဂ္ဂိုလ်ကို ကျမတို့အကြီးအကဲ အနေနဲ့ ရတာ ကံကောင်းတယ်လို့ လူတိုင်းက ပြောကြတယ်။ ဒါပေမယ့်လို့ အခုထိ ကျမတွေ့ရသလောက်တော့ ဒီလိုမထင်ရပါဘူး။ သူဘယ်လောက် ကောင်းတယ်လို့ ပြောကြပြောကြ ကျမကတော့ ဒါကို လက်မခံနိုင်ဘူး။"


ဆက်စပ်သတင်းများ ...

XS
SM
MD
LG