သုံးရလွယ်ကူစေသည့် Link များ

ကွယ်လွန်သူ လွှတ်တော်အမတ် ကနေဒီ ကို ကမ္ဘာ့ခေါင်းဆောင်များ ဂါရ၀ပြု


သမ္မတ အိုဘားမားက ကွယ်လွန်သူ အက်ဒွပ်ကနေဒီဟာ သူ့ရဲ့  တသက်တာမှာ အမေရိကန်ပြည်ထောင်စုရဲ့ အကြီးမြတ်ဆုံး အထက်လွှတ်တော် အမတ်ကြီးပါပဲလို့ ချီးမွမ်းလိုက်ပါတယ်။ အထက်လွှတ်တော်အမတ် အက်ဒွပ်ကနေဒီ ကွယ်လွန်တဲ့ သတင်းကြားရလို့ သမ္မတ အိုဘားမားနဲ့ သူ့ဇနီး မစ်ရှဲလ်အိုဘားမားတို့က ၀မ်းနည်းကြေကွဲရပါကြောင်း၊ အထက်လွှတ်တော်မှာ အမတ်တွေအဖြစ် အတူတူ တာဝန် ထမ်းဆောင်ခဲ့စဉ်တုန်းက အက်ဒွပ်ကနေဒီဟာ ညဏ်ပညာ အမျှော်အမြင် ရှိရှိနဲ့ အကြံကောင်း အညဏ်ကောင်းတွေ ပေးခဲ့ဖူးတာကို တန်ဖိုးထားလေးစားပါကြောင်း၊ ၂၀၀၈ခုနှစ် သမ္မတရွေးကောက်ပွဲမှာ အက်ဒွပ်ကနေဒီရဲ့  အခရာကျတဲ့ အားပေးထောက်ခံမှုကို ကျေးဇူးအထူးတင်ရှိပါကြောင်းစသဖြင့် ဒီနေ့ မနက်ထုတ်ပြန်တဲ့ အိမ်ဖြူတော်ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ အထက်လွတ်တော် လူများစု ခေါင်းဆောင် ဟယ်ရီရီးဒ် ကတော့ ကနေဒီနဲ့ အလုပ်တွဲလုပ်ရတာ သူ့ဘ၀မှာ ရင်အခုန်ဆုံးပါပဲလို့ ပြောရင်း အထက်လွှတ်တော်ရဲ့ သမ္ဘာအရင့်ဆုံး၊ အများက လေးစားမှုအခံရဆုံး ပုဂ္ဂိုလ်ကြီးပါပဲလို့ မှတ်ချက်ချလိုက်ပါတယ်။ ကမ္ဘာတ၀ှမ်း ခေါင်းဆောင်တွေကလည်း အထက်လွှတ်တော်အမတ် အက်ဒွပ်ကနေဒီကို ချီးမွမ်းဂုဏ်ပြုလိုက်ကြပါတယ်။ ကျန်းမာရေးပြုစုစောင့်ရှောက်မှု အစီအစဉ်က အစ မြောက်ပိုင်း အိုင်ယာလန် ငြိမ်းချမ်းရေးအဆုံး မမှိတ်မသုန် ကြိုးပမ်းခဲ့တာတွေနဲ့ သူ့ရဲ့  ခေါင်းဆောင်မှုအတွက် ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒင်ဘရောင်း၊ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲနဲ့ အိုင်ယာလန်နိုင်ငံ ၀န်ကြီးချုပ်တို့ကလည်း ချီးမွမ်း လိုက်ကြပါတယ်။


ဆက်စပ်သတင်းများ ...

XS
SM
MD
LG