သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် အောက်လွှတ်တော် အရာရှိတွေ NLD နဲ့ တွေ့မည်


အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ အရာရှိ ၃ ဦးဟာ ၄ ရက်ကြာ ခရီးစဉ်အဖြစ်နဲ့ မြန်မာနိုင်ငံကို ရောက်ရှိနေပါတယ်။ မြန်မာစစ်အစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်ထားတဲ့ အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ မူဝါဒတွေကို ပြန်ပြောင်းသုံးသပ်နေရာမှာ အထောက်အကူ ဖြစ်စေဖို့ ရည်ရွယ်ထားကြောင်း ရန်ကုန်မြို့ အမေရိကန်သံရုံး ပြောခွင့်ရပုဂ္ဂိုလ် Drake Weisert က ပြောပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ် ဒီမိုကရက်တစ် အောက်လွှတ်တော်အမတ် Howard Berman ရဲ့ ဆက်သွယ်ရေး ဒါရိုက်တာ Lynne Weil နဲ့ ကျွမ်းကျင်သူ အရာရှိ Jessica Lee နဲ့ ဖလော်ရီဒါပြည်နယ် ရီပတ်ဘလစ်ကန် အောက်လွှတ်တော်အမတ် Ros-Lehtinen ရဲ့ ကျွမ်းကျင်သူ အရာရှိ Dennis Halpin တို့ ပါဝင်ကြမှာ ဖြစ်ပါတယ်။

အခုခရီးစဉ်အတွင်း မနက်ဖြန် သြဂုတ်လ ၂၈ ရက် နေ့မှာတော့ အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနဲ့လည်း တွေ့ဆုံဖို့ ရှိတဲ့အကြောင်းနဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး အစီအစဉ်တွေနဲ့ ပတ်သက်လို့ ဆွေးနွေးလိမ့်မယ်လို့ မျှော်လင့်ရကြောင်း ပါတီပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောဆိုပါတယ်။ အမေရိကန် အရာရှိတွေဟာ မပြန်ခင်မှာ နာဂစ် ဆိုင်ကလုန်း လေဘေးဒဏ်သင့်ရာ မြစ်ဝကျွန်းပေါ်ဒေသဘက်ကို သွားရောက်ဖို့ ရှိပါတယ်။

ဒါဟာဆိုရင် ဗာဂျီးနီးယားပြည်နယ်က အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ် ဝက်ဘ် (Jim Webb) မြန်မာနိုင်ငံက ပြန်သွားပြီး သီတင်းနှစ်ပတ်တောင် မရှိသေးတဲ့ အချိန်အတွင်းမှာပဲ အမေရိကန် အထက်လွှတ်တော်နဲ့ ဆက်စပ်တဲ့ လူပုဂ္ဂိုလ်တွေ ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG