သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်အစိုးရနဲ့ ကိုးကန့် တိုက်ပွဲ တတိယနေ့ အရှိန်လျော့


တိုင်းရင်းသားလက်နက်ကိုင် ကိုးကန့် တပ်ဖွဲ့တွေနဲ့ မြန်မာစစ်အစိုးရ တပ်ဖွဲ့ဝင်တွေကြား တိုက်ပွဲတွေ တတိယမြောက်နေ့ အဖြစ် ဆက်လက်ဖြစ်ပွား နေဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း မြန်မာစစ်အစိုးရဘက်က တပ်အင်အားတွေ တိုးပြီး စစ်ရေး အရှိန်မြှင့် လုပ်ဆောင်လာတာနဲ့အမျှ ကိုးကန့်တပ်ဖွဲ့ အများစုကတော့ တရုတ်နိုင်ငံဖက် တိမ်းရှောင်လာနေကြတာမို့ အရင်နေ့တွေ ကလောက်တော့ ရင်ဆိုင်တိုက်ပွဲတွေ မပြင်းထန်လှဘူးလို့ တရုတ်-မြန်မာနယ်စပ် က အခြေအနေတွေကို စောင့်ကြည့်နေသူတွေက ပြောပါတယ်။ အကြောင်းစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုအောင်လွင်ဦး က တင်ပြပေးထား ပါတယ်။

မြန်မာစစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး ရယူထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တခုဖြစ်တဲ့ ကိုးကန့်တပ်ဖွဲ့နဲ့ မြန်မာ စစ်အစိုးရတို့ကြား တင်းမာမှုတွေ ကြီးထွားလာပြီး တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာ ၃ ရက် မြောက်တဲ့ နေ့မှာတော့ တိုက်ပွဲတွေ အရှိန်လျော့လာတာပါ။ ဒါပေမဲ့လည်း တပ်အင်အားတွေ တိုးချလာနေတဲ့ မြန်မာစစ်တပ်ဘက်က ကိုးကန့်တပ်ဖွဲ့တွေကို လက်နက်ကြီး၊ ငယ်တွေနဲ့ ဆက်လက် ပစ်ခတ်တိုက်ခိုက်နေဆဲ ဖြစ်တာမို့ တရုတ်-မြန်မာ နယ်စပ်မှာ သေကျေမှုတွေ ထိခိုက်မှုတွေ ဖြစ်တဲ့အထိ ရှိနေဆဲပါ။ မြန်မာစစ်တပ်နဲ့ ကိုးကန့်တပ်ဖွဲ့တွေအကြား လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေတဲ့ နောက်ဆုံး အခြေအနေတွေကိုတော့ တရုတ်-မြန်မာ နယ်စပ်က စစ်ရေး၊ နိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇော က အခုလို ပြောပြပါတယ်။

“ကိုးကန့်ရဲ့ အဓိက တိုက်ခိုက်ရေး အင်အားက တစ်ထောင်ကျော်ပဲရှိတယ်။ ရန်သူက အခု လက်ရှိ ရှိနေတာ ၆ ထောင်ကျော် လောက် ဖြစ်တဲ့အပြင်မှာ တပ်မ ၂ ခု ထပ်လွှတ်နေတယ်။ မြန်မာတပ်က ၃၃ ခေါ်ထားတယ်၊ ရောက်လာပြီ။ ၉၉ လည်း တချို့ တဝက် ရောက်ပြီလို့ ပြောတယ်။ မူလက အဲဒီ တိုက်ပွဲဝင်ထဲမှာကို တပ်ရင်း ၂၈ ရင်း နဲ့ ၃၀ ကြားမှာရှိတာကိုး။ အဲဒါ ရန်သူက တစ်သောင်းလောက် ဖြစ်လာနိုင်တယ်။ အဲဒါ တခုပေါ့နော်။ အဲတော့ ဝန်နဲ့အားနဲ့ မမျှဘူး။ အဲဒီမှာ သူတို့ လက်နက်ကြီးတွေနဲ့ တောင်ပစ် မြောက်ပစ်တွေ အများကြီးဖြစ်တယ်၊ အမြောက်တွေ ဘာတွေနဲ့။ သူတို့ အနာမခံတော့ဘူး၊ သူတို့ ပထမဆုံး ၂၆ ရက်နေ့တုန်းက တော်တော် နာလိုက်တယ်၊ လူနဲ့ဝင်လို့။ အဲတော့ သူတို့က အဲဒါကို မလုပ်ပဲနဲ့ လက်နက်ကြီးတွေနဲ့ တအားပစ် ပြီးမှ သူတို့တိုက်ဖို့ လုပ်တယ်။ အဲဒီမှာ လူထု တော်တော် ထိခိုက်တယ်။

အဲဒီ အခြေအနေ အချက်အလက်အောက်မှာ ဒီ ကိုးကန့်ခေါင်းဆောင် တချို့က ဆုံးဖြတ်လိုက်တာကတော့ ကိုးကန့် အဓိက တပ်ဖွဲ့တွေကို တရုတ်ပြည်ထဲမှာ ဝင်သွားခိုင်းလိုက်တယ်။ အဲတော့ ဒီနေ့ နေ့ခင်းလောက်မှာ စပြီးတော့ ဒီပျောက်ကျားတပ်ဖွဲ့ အချို့က လွဲရင်ပေါ့နော်၊ လူ ၂ ရာ ၃ ရာ လောက် ချန်ထားခဲ့ပြီးတော့ အများစုက တရုတ်ပြည်ထဲ ဝင်သွားကြတယ်ခင်ဗျ။ လက်နက်တွေကိုတော့ သူ ယူထားလိုက်ပြီးတော့ စစ်ပြေးဒုက္ခသည်များအဖြစ် သတ်မှတ်ပြီးတော့၊ လက်ခံထားလိုက်တယ်။ အဓိကက ကိုးကန့်တပ်ဖွဲ့တွေ ဆုတ်တဲ့အတွက်၊ တရုတ်ပြည်ထဲ ဆုတ်ခွာသွားတဲ့အတွက် အခြား ညီနောင် တပ်ဖွဲ့ အသီးသီးလည်း သူ့ဒေသတွေကို ပြန်လည်ဆုတ်ခွာ သွားကြတယ်။”

ဒီလို မြန်မာစစ်တပ်ဖက်က ပြဿနာဖြစ်ပွားနေတဲ့ ဒေသထဲကို စစ်တပ်အင်အားတွေ အပြင် စစ်အစိုးရကို ထောက်ခံတဲ့ လက်နက်ကိုင် ပြည်သူ့စစ်တွေကိုပါ စေလွှတ်နေတာတွေ၊ စစ်တပ်အတွက် လိုအပ်တာတွေ ထောက်ပံ့ဖို့ ယာဉ်တွေကို အဓမ္မ အသုံးပြုနေတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လာနေပါတယ်။ ဒီအထဲမှာ ရှမ်းပြည်နယ်ထဲက ဒေသတချို့က ပြည်သူ့ စစ်တွေကို ဆင့်ခေါ်တာတွေ၊ မော်တော်ကားတွေကို စစ်တပ်အတွက် ဆင့်ခေါ်တာတွေ ရှိနေတယ်ဆိုပြီး ဒေသခံတွေက ပြောပြတဲ့အကြောင်း ရှမ်းသံတော်ဆင့် သတင်းဌာနရဲ့ အယ်ဒီတာ ဦးစိန်ကြည် က ပြောပါတယ်။

“လားရှိုး၊ သိန္ဒီ၊ ကွတ်ခိုင်၊ ကွမ်လုံ ကားလမ်းတလျှောက်ဆိုရင် ချောတွေ တအားဖမ်းတာပဲတဲ့။ တပ်တွေလည်း ပို့ထားတယ် ပြောတယ်။ တပ်မ ၃၃၊ ၅၅၊ ၉၉ ဒီတပ်မ ၃ ခု သုံးမယ်တဲ့။ အဲဒါ အရေအတွက် အင်အား ဘယ်လောက် အတိအကျ၊ ဘယ်ကို ရောက်နေလဲ ဆိုတာတော့ အသေးစိတ် မသိရသေးဘူးဗျ။ မိုင်းဆတ်၊ မိုင်းတုံကနေ ထိုင်းနယ်စပ်တလျှောက် ဒီ နအဖ ဗမာ တပ်တွေကလည်း တအားပြင်ဆင်မှုတွေ လုပ်နေတယ်ပြောတယ်။ ချောကားတွေ တအားဖမ်းတယ်၊ မိုင်းဆတ်မှာ။ ပြည်သူ့ စစ်တပ်ဖွဲ့တွေလည်း ဆင့်ခေါ်ထားတာ ရာနဲ့ချီ တဖွဲဖွဲသွားနေကြပြီတဲ့ မိုင်းဆတ်ကို။”

မြန်မာပြည် အမျိုးသား သွေးစည်း ညီညွတ်ရေး တပ်မတော် (MNDAA) ကိုးကန့်တပ်ဖွဲ့ နဲ့ မြန်မာ စစ်အစိုးရတို့ကြား သြဂုတ် လဆန်းပိုင်းကစလို့ တင်းမာမှုတွေ ဖြစ်ခဲ့ရာက အခုနောက်ဆုံး ရှမ်းပြည်နယ်မြောက်ပိုင်း အထူးဒေသ (၁) အဖြစ် စစ်အစိုးရ က သတ်မှတ်ပေးထားတဲ့ သူတို့ အခြေစိုက်ရာ လောက်ကိုင်မြို့မှာ မြန်မာစစ်တပ်တွေ တိုးမြှင့်ချထားလာရာက နောက်ပိုင်း မှာ တိုက်ခိုက်မှုတွေရှိတဲ့အထိ ဖြစ်ခဲ့တာပါ။ အစောပိုင်းမှာတုန်းကတော့ အဖွဲ့ရဲ့ ဥက္ကဋ္ဌဖြစ်သူ ဖုန်းကျားရှင် ရဲ့ နေအိမ်ကို မြန်မာလုံခြုံရေး အာဏာပိုင်တွေက ဝင်ရောက် စီးနင်းရှာဖွေမှုတွေလည်း ဖြစ်ပွားခဲ့တာပါ။ ကိုးကန့်အဖွဲ့ကတော့ ဒါတွေဟာ ရှေ့နှစ် ရွေးကောက်ပွဲတွေ မတိုင်မီ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို နယ်ခြားစောင့် တပ်အသွင် ပြောင်းလဲဖွဲ့စည်းဖို့ မြန်မာစစ်အစိုးရက ပြောဆိုခဲ့လို့ လက်မခံခဲ့တာမို့ ဖြစ်လာရတဲ့ ပဋိပက္ခတွေဆိုပြီး ကြေငြာချက်ထုတ်ပြန်ပြောဆိုခဲ့တာပါ။ ဥက္ကဋ္ဌဖြစ်သူ ဖုန်းကျားရှင် ရဲ့ ပြောခွင့်ရသူ သူ့အမည်ဟာ ဦးမောင်ဦး လို့ ရည်ညွှန်းပြီး ဗွီအိုအေ ကို ဒီ ကြေငြာချက်နဲ့ ပတ်သက်လို့ ပြောပြရာမှာတော့ …

“ငြိမ်းချမ်းရေး ယူကြသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ဝင်များအား ပြည်သူ့စစ်အဖြစ်သော်လည်းကောင်း၊ နယ်စပ် စောင့် တပ်ဖွဲ့ဝင်များ အဖြစ်သော်လည်းကောင်း၊ အသွင်ပြောင်း လက်ခံလာအောင် အောက်ပါနည်းလမ်းများ အသုံးပြုပြီး ဖိအားပေး နေပါသည်။ စစ်ရေးဖြင့် ခြိမ်းခြောက် တိုက်ခိုက်ခြင်း၊ အဆိုပါ အဖွဲ့များအား ပြိုပျက်အောင် သွေးခွဲခြင်း၊ တဖွဲ့နှင့် တဖွဲ့ သဘောထား ကွဲလွဲအောင် ပြုလုပ်ခြင်း၊ တဖွဲ့ကိုစည်းရုံး တခြားတဖွဲ့ကို ဝင်ရောက်ဖျက်ဆီးခြင်း။”

စစ်အစိုးရနဲ့ ပဋိပက္ခဖြစ်နေတဲ့ ကိုးကန့်အဖွဲ့ဟာ ဆိုရင် ၁၉၈၉ ခုနှစ်မှာ အစိုးရနဲ့ ပထမဆုံး အပစ်အခတ်ရပ်စဲရေး ရယူခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တဖွဲ့ ဖြစ်သလို မြန်မာစစ်အစိုးရက ကမကထလုပ် ကျင်းပခဲ့ပြီး အခြေခံဥပဒေ ရေးဆွဲခဲ့တဲ့ အမျိုးသား ညီလာခံကို တက်ရောက်ခဲ့တဲ့ အဖွဲ့တခုလည်း ဖြစ်ပါတယ်။ အရင်က ပြေပြေလည်လည် ရှိနေခဲ့တဲ့ ဒီ ကိုးကန့် အဖွဲ့တွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားလာတဲ့နောက် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း မြန်မာ စစ်အစိုးရ အနေနဲ့ ပြဿနာတွေဟာ တရုတ်နိုင်ငံနဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ ဒေသတည်ငြိမ်မှုကို မထိခိုက်ရ လေအောင် သေသေချာချာ ကိုင်တွယ်ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်း ကြေငြာချက်တစောင် ထုတ်ပြန်ပြီး မနေ့တုန်းကပဲ သတိပေး ပြောဆိုခဲ့တာပါ။ ဒါပေမယ့် ဒီကနေ့အထိ ဖြစ်နေတဲ့ တိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး လူတဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရာသူတွေလည်း အများအပြား ရှိတဲ့အကြောင်းလည်း တရုတ်အာဏာပိုင်တွေက ပြောပါတယ်။

တိုက်ပွဲတွေက ရှောင်ရှားပြီး ထွက်ပြေးကြတဲ့ ဒေသခံတွေ ဟာဆိုရင်လည်း မြန်မာနိုင်ငံနဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ နန်ဆန်း ဒေသကို ရောက်လာတာ သြဂုတ်လ ၈ ရက်နေ့ အထိဆိုရင် ၃ သောင်း အထိ ရှိနေပြီလို့ ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကတော့ မနေ့တုန်းကပဲ ပြောဆိုခဲ့တာပါ။

XS
SM
MD
LG