သုံးရလွယ်ကူစေသည့် Link များ

ကိုးကန့်ပဋိပက္ခနဲ့ တိုင်းရင်းသားများ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်


ပထမဦးဆုံး ကိုးကန့်ဆိုတဲ့ လူမျိုးအမည် မြန်မာတိုင်းရင်းသားအဖြစ် ကြားသိခဲ့တာ မြန်မာပြည်မှာ နဝတ တက်လာချိန် ၁၉၈၈ နောက်ပိုင်းမှ ဖြစ်ပါတယ်။ ဒါကြောင့် ကိုးကန့်လူမျိုးတွေဟာ ပြည်ထောင်စုနဲ့ ဘယ်တုန်းကတည်းက ပတ်သက်နေခဲ့သလဲ၊ ဘယ်အချိန်ကတည်းက တည်ရှိခဲ့သလဲ၊ လက်နက်ကိုင်တပ်ဖွဲ့ ထားရှိရေး၊ ဗဟိုချုပ်ကိုင်မှု၊ ဖက်ဒရယ်ပြည်ထောင်စုနဲ့ အခြေခံဥပဒေ၊ လက်ရှိ စစ်ရေးပဋိပက္ခဆိုင်ရာများကို ထိုင်းနိုင်ငံအခြေစိုက် သျှမ်းသံတော်ဆင့် သတင်းဌာန အယ်ဒီတာချုပ် ဦးခွန်ဆိုင်း၊ အင်ဒီးယားနား တက္ကသိုလ်မှာ နိုင်ငံတကာ ဥပဒေပညာရပ်တွေကို လေ့လာနေသူ ချင်းအမျိုးသား အင်ဒရူး ငွေကျုံလျန် တို့နဲ့ ဦးကျော်ဇံသာက သုံးသပ်ဆွေးနွေး တင်ပြထားပါတယ်။

ဦးခွန်ဆိုင်း ။ ။ သက္ကရာဇ် ၁၆၀၀ ကျော်လောက်မှာ မင်မင်းဆက်တွေ ထီးနန်းပြုတ်သွားခဲ့ပြီးနောက် ယူနန်ဘက်ကို ပြေးလာခဲ့ချိန်မှာ ကိုးကန့်အမျိုးအနွယ်တွေလည်း ပါလာခဲ့ပါတယ်။ သူတို့ပါလာခဲ့ပြီး အခု ရှမ်းပြည်နယ်လို့ခေါ်တဲ့ အရှေ့မြောက်ပိုင်းဘက်မှာ သူတို့ လာရောက်အခြေချပါတယ်။ အခြေချလာခဲ့ရာမှ သူတို့ကို တရုတ်ဘက်က သူကောင်းပြုမှုကို ခံရပြီးမှ သူတို့နယ်နဲ့ သူတို့ပယ် မြို့စားအဆင့်အနေနဲ့ သူတို့ အုပ်ချုပ်ခဲ့ပါတယ်။ နောက်ပိုင်းကြတော့ သူတို့က အင်္ဂလိပ်ဝင်လာတဲ့အခါ သိန္နီနယ်ထဲမှာ သိန္နီစော်ဘွားအောက်က မြို့စားအဖြစ် သူတို့နေခဲ့ပါတယ်။ အဲဒီကနေစပြီး မြို့စားအဆင့်ကနေ စော်ဘွားအဆင့်ထိ တက်လာပြီးတော့ ရှမ်းပြည်ထောင်စုရဲ့ ၃၄ ခုမြောက် စော်ဘွားနယ်တခု ပါဝင်ခဲ့ပါတယ်။ လွတ်လပ်ရေးရတဲ့အခါမှာ သူတို့လည်း ပါလာကြပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ မြန်မာနိုင်ငံ စစ်အစိုးရနဲ့ သူတို့ ငြိမ်းချမ်းရေး၊ အခုတော့ ငြိမ်းချမ်းရေးလို့ စစ်အစိုးရက ခေါ်တာပေါ့လေ၊ အပစ်အခတ်ရပ်စဲရေး အဖြစ်နဲ့ သူတို့လုပ်တဲ့အခါမှာ သူတို့ကို စစ်အစိုးရ ပေးခဲ့တဲ့ အာဏာရပ်တွေအထဲမှာ သူတို့လက်နက်ကိုင်တပ်ဖွဲ့ သီးခြားထားရှိခွင့် ပေးခဲ့တယ်။ တကယ်တော့ ဖက်ဒရယ်ဆိုတဲ့ မြန်မာတိုင်းရင်းသားတွေ တချိန်က တောင်းခဲ့ကြတဲ့ ဖက်ဒရယ် မပေးချင်လို့ စစ်တပ်က အာဏာသိမ်းခဲ့တယ်လို့ ဆိုတယ်။ အဲဒီ ဖက်ဒရယ်မှာတောင် ဒီလို စစ်ရေးအားဖြင့် လွတ်လပ်ခွင့် military autonomy လို့ ခေါ်ရလေမလား၊ အဲဒါမျိုး မပေးခဲ့ပါဘူးဆိုတော့ ကိုးကန့်တွေကို ပေးခဲ့တာ သိပ် excessive ဖြစ်နေတယ်၊ အလွန်အကျွံ အာဏာပေးခဲ့တယ်လို့ ဆိုနိုင်မလား၊ ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံအခြေခံ ရှုထောင့်က ကြည့်မယ်ဆိုရင် ဒေါက်တာအင်ဒရူး ဘယ်လိုသဘောရပါသလဲ။

အင်ဒရူး ။ ။ သူတို့ ကိုးကန့်တွေဖြစ်ဖြစ်၊ အခု ငြိမ်းချမ်းရေးယူထားတဲ့ အဖွဲ့တွေကို သူတို့ လက်နက်ကိုင်ဆောင်ခွင့် ပေးထားတဲ့အချက်နဲ့ ပတ်သက်ပြီးတော့ အာဏာအလွန်အကျွံ ပေးထားတယ်လို့ ဆိုလို့မရပါဘူး။ ဘာလို့ဆို တချို့ ဖက်ဒရယ်ပြည်ထောင်စု တိုင်းပြည်တွေကို ကြည့်လို့ရှိရင် သူတို့ပြည်နယ်တိုင်းမှာ သူတို့ပြည်နယ်ရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ လွတ်လွတ်လပ်လပ် ထားရှိခွင့် ရှိပါတယ်။ ဒါပေမယ့် အခု ဗမာပြည်မှာ ဖြစ်နေတဲ့ကိစ္စက နအဖရေးတဲ့ အခြေခံဥပဒေ ၃၃၈ ထဲက ရေးသားထားတဲ့ဟာနဲ့ အရင်တုန်းက ဗိုလ်ချုပ်ကြီးခင်ညွန့် လက်ထက်တုန်းက ငြိမ်းချမ်းရေးယူထားတဲ့ အဖွဲ့တွေ vote ယူပုံယူနည်း၊ အခုကြမှ ပြဿနာစပြီးတော့ ဖြစ်နေတဲ့ကိစ္စ ဖြစ်တယ်လို့ ကျနော် မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကိုးကန့်မှာကြတော့ ဗိုလ်ချုပ်ခင်ညွန့်နဲ့ပါတဲ့ လူတွေရဲ့ လက်နက်တွေကို နယ်စပ်မှာ ထားခဲ့ရတယ်လို့ ကြားပါတယ်။ ဦးခွန်ဆိုင်း ဒီကိစ္စကို ဘယ်လောက်သိပါသလဲ။

ဦးခွန်ဆိုင်း ။ ။ ဒီဥစ္စာက ငြိမ်းချမ်းရေး ယူပြီးတဲ့နောက်ပိုင်းမှာ သူတို့ရဲ့ ဆုံးဖြတ်ချက်အပိုင်းပါ။ ဥပမာ ဝမှာ ဆိုလို့ရှိရင် သူတို့က နအဖဘက်ကနေ ပန်ဆန်းမြို့ထဲမှာ နအဖရဲ့ စစ်တပ် တပ်ခွဲတခွဲ နှစ်ခွဲ ထားခွင့်ပေးပါတယ်။ သတ်မှတ်ထားတဲ့အတိုင်း ဖြစ်ပါတယ်။ ဒီထက်ပိုလို့ မရပါဘူး။

ဦးကျော်ဇံသာ ။ ။ အခုအခါမှာ ဖြစ်လာတဲ့ ပြဿနာကတော့ ဒီလို ကိုယ်ပိုင်လက်နက်ကိုင် တပ်ဖွဲ့တွေ ပေးထားတာကို မြန်မာနိုင်ငံ စစ်အစိုးရက ဗဟိုအစိုးရရဲ့ ချုပ်ကိုင်မှုအောက်ကို သွင်းချင်တယ်၊ အဓိက ကျနော် နားလည်တာက၊ အဲဒီလို ချုပ်ကိုင်မှုအောက်ကို သွင်းမယ့်ကိစ္စကို ဟိုလူတွေက လက်မခံချင်ဘူး။ ဘယ်လိုပုံစံမျိုးနဲ့ဖြစ်ဖြစ် သူတို့က အခုလောလောဆယ် လက်မခံသေးဘူး၊ ဖွဲ့စည်းပုံအခြေခံပြီးမှ ကြည့်မယ်ဆိုပြီး ပြောကြတယ်။ ဒီလိုလုပ်တာကို ဒေါက်တာအင်ဒရူး ဘယ်လိုမြင်ပါသလဲ။ ပြည်ထောင်စုဖွဲ့မယ်၊ ဖွဲ့စည်းပုံအတိုင်းဆိုရင် ပြည်နယ်တပ်ဖွဲ့တွေဟာ ဗဟိုရဲ့ ချုပ်ကိုင်မှုအောက်မှာ မရှိသင့်ဘူးလား၊ ဗဟိုက မကိုင်သင့်ဘူးလား။

အင်ဒရူး ။ ။ ပြည်နယ်တပ်ဖွဲ့တွေကို ဗဟိုက ကိုင်စရာမလိုပါဘူး။ ပြည်နယ်အရေးအခင်းနဲ့ ပတ်သက်တဲ့ ပြည်နယ်လုံခြုံရေးနဲ့ ပတ်သက်တဲ့ဟာတွေကို ပြည်နယ်ကပဲ ကိုင်သင့်ပါတယ်။ အဲဒါပဲ အစကတည်းက ဒီ ဗမာပြည်နယ်ရဲ့ ပြဿနာအစကို ကျနော်တို့ ပြန်ကြည့်ရင်လည်း ကိုယ့်အရေးကိစ္စကို ကိုယ်က လုပ်ပိုင်ခွင့် ရှိရမယ်၊ လုပ်နိုင်တယ် ဆိုလို့ရှိရင် လုပ်ပိုင်ခွင့် ရှိရမယ်ဆိုတဲ့ကိစ္စ အဲဒါက စတာပါ။ အခု ဒီ အခြေခံဥပဒေ ၃၃၈၊ ပုဒ်မ ၃၃၈ အရ အားလုံးဟာ ဗဟိုရဲ့ ဦးစီးချုပ်ကိုင်မှုအောက်ကို ရှိရမယ်ဆိုကတည်းက ဒီ အခြေခံဥပဒေက ဖက်ဒရယ်ကိုလည်း မရည်ညွှန်းဘူး၊ ဖက်ဒရယ်စနစ်ကိုလည်း မဖော်ဆောင်ဘူး။ မဖော်ဆောင်တဲ့အပြင် တပြည်ထောင်စု ဗဟိုက အင်အားကြီးမားတဲ့ တပြည်ထောင်စနစ်ကို ပြန်ပြီးတော့ ဖော်ဆောင်သွားတယ်။ အဲဒီလို ဖော်ဆောင်နေသ၍ ဒီ ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ တိုင်းရင်းသားပြဿနာတွေ၊ အခြေခံဥပဒေ ပြဿနာ ဘယ်လိုနည်းနဲ့မှ ဖြေရှင်းစရာ အကြောင်းမရှိပါဘူး။

ဦးကျော်ဇံသာ ။ ။ တချိန်တုန်းက ရှမ်းနဲ့ဖြစ်ခဲ့တဲ့ ရှမ်းပြည်နယ်ကနေ ဖက်ဒရယ်ပြည်ထောင်စု အဖြစ်နဲ့ ဖွဲ့စည်းပုံတင်တယ် ဆိုတုန်းက အဲဒီတုန်းကရော လက်နက်ကိုင် ကိုယ်ပိုင်တပ် ထားရှိခွင့် ဘာညာဆိုတာ သူတို့ ထည့်သွင်းတောင်းဆိုခဲ့ပါသလား။

ဦးခွန်ဆိုင်း ။ ။ အဲဒီတုန်းကတော့ စော်ဘွားခေတ်၊ စော်ဘွားတွေမှာ သူတို့ရဲ့ လုံခြုံရေးတပ်ဖွဲ့ဆိုတာ အမြဲတမ်း ရှိပါတယ်။ အဲဒီတုန်းကတည်းက ဒီလုံခြုံရေးတပ်ဖွဲ့တွေဟာ ရှမ်းပြည်မှာ လာပြီးတော့ထားတဲ့ British တပ်ရင်း ၂ ရင်းနဲ့ ဘာမှမဆိုင်ပါဘူး။ ပြည်တွင်းမှာ တပ်ရင်း ၂ ရင်းပဲရှိပါတယ်။ ဒီဥစ္စာက အင်မတန် Significant ပေါ့၊ စိတ်ဝင်စားစရာ အချက်ပေါ့။ ကျနော်တို့ ရှမ်းပြည်မှာ အခုဆိုရင် တပ်ရင်းပေါင်း ၁၆၀ လောက်ရှိတယ်။ ဒါပေမယ့် British ကတော့ ၂ ရင်းလောက်နဲ့ပဲ အုပ်ချုပ်လာနိုင်ခဲ့တာ ဒါ တော်တော်ကြီးကို ထူးဆန်းပါတယ်။ ကျနော်တို့ခေတ် ရောက်လာတဲ့အခါ ၁၆၀ လောက်နဲ့ လာနေတာတောင်မှ မငြိမ်းချမ်းဘူးဆိုတာ ဘာကြောင့်လဲလို့ မေးဖို့ကောင်းပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲတော့ ဖက်ဒရယ်ပြည်ထောင်စု၊ ဖက်ဒရယ်မူ တင်ခဲ့ကြတယ်၊ ၁၉၆၀ ပြည့်လွန်နှစ် အစောပိုင်းတွေမှာဆိုတော့ အဲဒီတုန်းကရော ဘယ်အဆင့်ထိ တောင်းခဲ့ကြပါသလဲ ရှမ်းနိုင်ငံရေးသမားတွေက။ ဒီလို ကိုယ်ပိုင်စစ်တပ်၊ အခု ကိုးကန့်တို့ ၀တို့ထောင်တဲ့ ကိုယ်ပိုင်စစ်တပ် ထောင်ခွင့်အထိ တောင်းခဲ့ပါသလား။

အင်ဒရူး ။ ။ ရှမ်းပြည်က တင်သွင်းတဲ့ ဖက်ဒရယ်ပြည်ထောင်စု မူကြမ်းထဲမှာ စစ်တပ်ကိစ္စကို သေသေချာချာ ရေးသားထားတာ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီတုန်းက စစ်တပ်က အဓိကပြဿနာ မဟုတ်သေးဘူးဗျ။ စစ်တပ်က သူ့အလုပ်ပဲ လုပ်နေတယ်။ အဲဒါကြောင့် သူတို့က နိုင်ငံရေးစနစ်တွေ၊ အာဏာခွဲဝေရေးတွေကို ဦးစားပေးပြီးလုပ်တာ။ ၆၂ နောက်ပိုင်း စစ်တပ်က ၀င်လာတဲ့အခါကြမှ အခုတော့ ပြည်နယ်ဆိုင်ရာ စစ်တပ်တွေကိစ္စက လုံးဝ ရှောင်လွှဲလို့မရတဲ့ကိစ္စ ဖြစ်လာပါတယ်။

ဦးခွန်ဆိုင်း ။ ။ ခုန ဒေါက်တာအင်ဒရူး ပြောသလိုပါပဲ။ ကျနော်တို့ ဖက်ဒရယ်မူကို ရှမ်းပြည်နဲ့ ဒီ့ပြင်လူမျိုးတွေ ၀ိုင်းတင်တဲ့ အချိန်တုန်းကတော့ ဥပမာ ကာကွယ်ရေးတို့၊ နိုင်ငံခြားရေးတို့၊ ငွေကြေးထုတ်လုပ်မှုတို့ အဲဒါတွေဆိုရင် ဗဟိုနဲ့ပဲ ဆိုင်တယ်လို့ အဲဒီတုန်းကတော့ သတ်မှတ်ထားခဲ့ပါတယ်။ စစ်ရေးနဲ့ပတ်သက်လို့ ဘာမှ ပြဿနာ မရှိဘူးပေါ့ဗျာ။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ နိုင်ငံကာကွယ်ရေးတို့ ဘာတို့က ဖက်ဒရယ်နိုင်ငံတွေမှာလည်း များသောအားဖြင့် ဗဟိုရဲ့ Jurisdiction အတွင်းမှာ ပါတယ်မလား။

အင်ဒရူး ။ ။ ဗဟိုရဲ့ Jurisdiction အတွင်းမှာ ပါပါတယ်။ အများအားဖြင့်တော့ ဟုတ်ပါတယ်။ ၆၁ တောင်ကြီး အဆိုပြုချက်မှာလည်း ပြည်ထောင်စု ကာကွယ်ရေး ဆိုတဲ့ ကိစ္စပါပဲ။ အခု ၆၂ နောက်ပိုင်း စစ်အာဏာရှင်တွေ တက်လာပြီးတော့ စစ်တပ်ဟာ အရာရာတိုင်းရဲ့ အထက်မှာ ရှိနေတဲ့ နောက်ပိုင်းမှာမှ ပြည်နယ်က မရှိမဖြစ် ကိုယ့်ကိစ္စ ကိုယ်အရေးလုပ်နိုင်ဖို့အတွက်ဆိုပြီး ပြည်နယ်ကာကွယ်ရေး ကိစ္စတွေက ကြီးထွားလာတာ ဖြစ်ပါတယ်။ အဲဒီတုန်းက အဆိုပြုထားခဲ့သလိုသာ စစ်တပ်က သူ့ရဲ့ ပြည်ထောင်စု ကာကွယ်ရေး သက်သက်ကိုပဲ လုပ်နေတယ်ဆိုရင် ပြည်နယ်တွေ အနေနဲ့လည်း ပြည်နယ်စစ်တပ်တွေ ကိစ္စကို တောင်းဆိုစရာအကြောင်း မရှိပါဘူး။

ဦးကျော်ဇံသာ ။ ။ ဒီပြဿနာဟာ တကယ်တော့ ကိုးကန့်နဲ့ စဖြစ်တယ်ဆိုပေမယ့် ကိုးကန့်လူမျိုးစု တခုတည်းနဲ့ ဗဟိုအစိုးရကြားမှာရှိတဲ့ ပြဿနာတော့ မဟုတ်ဘူးလို့ ထင်ပါတယ်။ မြန်မာနိုင်ငံမှာရှိသမျှ လူမျိုးစုတွေနဲ့ ဒီလိုပြဿနာမျိုးက ကြုံရမယ့်သဘောလို့ ကျနော် တွေးမိပါတယ်။ ဦးခွန်ဆိုင်း ဘယ်လိုသဘောရပါသလဲ။

ဦးခွန်ဆိုင်း ။ ။ ဟုတ်ကဲ့၊ ဒီကိစ္စဟာ ကိုးကန့်တမျိုးတည်းနဲ့ မဆိုင်ပါဘူး။ ကိုးကန့်တခုတည်းကိုပဲ သပ်သပ် ရည်မှန်းပြီး လုပ်တယ်ဆိုတာ မဖြစ်နိုင်ပါဘူး။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ကိုးကန့်ကို သူတို့ စပြီးတော့ ဘာကြောင့် ဒီအချိန်မှာ ကိုင်ရပါသလဲ။ စစ်အစိုးရကတော့ ဒါ ကိုးကန့်က ဦးဖုန်ကြားရှင်တို့က တရားဥပဒေကို ချိုးဖောက်လို့ဆိုပြီး ပြောတယ်။ ဘာဖြစ်လို့ အခုချိန်မှာ စကိုင်တယ်လို့ ဦးခွန်ဆိုင်း မြင်ပါသလဲ။

ဦးခွန်ဆိုင်း ။ ။ အခုဆိုရင် ၂၀၀၈ ခုနှစ်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြဋ္ဌာန်းပေးလိုက်ပြီးနောက်ပိုင်း သူတို့ အပစ်အခတ် ရပ်စဲရေး အဖွဲ့တွေကို လက်နက်ချဖို့ ဆွေးနွေးပါတယ်။ ဒီ လက်နက်ချဖို့ ဆွေးနွေးတာကို သူတို့က လက်မခံတဲ့အတွက်ကြောင့် ဧပြီလမှာ နယ်ခြားစောင့်တပ်တွေ လုပ်ဖို့ဆိုပြီး လာဆွေးနွေးတာ ဖြစ်ပါတယ်။ ဒီဆွေးနွေးတာကို အဖွဲ့တွေက လုံးဝ လက်မခံတဲ့ နောက်ပိုင်းမှာ ဒီကိစ္စ ပေါ်လာတာ ဖြစ်ပါတယ်။ ဒီကိစ္စပေါ်လာတဲ့ အခါကြတော့ အပစ်အခတ် ရပ်စဲရေးအဖွဲ့၊ အဓိကကြည့်မယ်ဆိုရင် နယ်စပ်မှာ ရှိနေတာတွေဖြစ်တဲ့ ကိုးကန့်တို့၊ ၀တို့၊ မုံးလားတို့ သူတို့က မဟာမိတ်အဖွဲ့အဖြစ် သဘောတူညီထားတယ်။ အဲဒီထဲမှာ အင်အားအနည်းဆုံးက ကိုးကန့်ဖြစ်တယ်။ ဒီလို အင်အားအနည်းဆုံး ကိုးကန့်ဖြစ်နေတဲ့ အခြေအနေမှာ သူတို့ဆီမှာ အတွင်းပြဿနာ ပေါ်လာတယ်။ ဆိုတော့ အတွင်းပြဿနာကို စောင့်နေတဲ့ နအဖအစိုးရ အနေနဲ့ အခွင့်ကောင်းယူလိုက်ခြင်း ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အခုလောလောဆယ်တော့ သူတို့က ပြဿနာ ပြေလည်သွားပြီ၊ ကိုးကန့်ကိုလည်း ဖြေရှင်းပြီးပြီ၊ သူတို့ ပြန်လာကြပါ ဘာညာဆိုပြီး လုပ်နေတယ်ဆိုတော့ အင်ဒရူး ဘယ်လိုမြင်ပါသလဲ၊ ဒါက တကယ် ငြိမ်သက်သွားတာလား၊ တကယ် စစ်မှန်တဲ့ နအဖရဲ့ အောင်မြင်မှုတရပ် ဖြစ်သွားပြီလို့ ဆိုနိုင်ပါသလား။ ဒီကိစ္စက ဘယ်လောက် ဆက်ပြီး ဖြစ်နိုင်မယ်လို့ မြင်ပါသလဲ၊ တခြား လူမျိုးစုတွေနဲ့။

အင်ဒရူး ။ ။ ကျနော့်အမြင်မှာတော့ ဒီကိစ္စက အခုမှ တကယ်စနေပြီလို့ ထင်ပါတယ်။ ပြီးဆုံးသွားတယ်လို့ မမြင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ငြိမ်းချမ်းရေးယူထားတဲ့ အဖွဲ့တွေအားလုံးကို သူတို့က ၂၀၀၈ အခြေခံဥပဒေအတိုင်း ပြည်ထောင်စု ကာကွယ်ရေးတပ်ရဲ့ အောက်ကို သူ့ဟာနဲ့သူ အလိုအလျောက် ၀င်လာဖို့ သူတို့က ဖိတ်ခေါ်တယ်။ အဲဒါကြောင့် Border Guard လုပ်တယ်။ ဟိုဘက် ငြိမ်းချမ်းရေးယူထားတဲ့ လူတွေကလည်း မ၀င်ဘူး။ နအဖကလည်း သူ့ အခြေခံဥပဒေကို ၂၀၁၀ ရွေးကောက်ပွဲလုပ်ပြီး စတင်ကျင့်သုံးချင်တယ်ဆိုရင် ဒီကိစ္စကို မလွှဲမရှောင်သာ အခြေခံဥပဒေအတိုင်း ရှင်းလင်းရမှာဖြစ်တယ်။ အဲတော့ အခုဟာ အစပဲလို့ ကျနော်တော့ မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ တကယ်တော့ ဒီကိစ္စဟာ မြန်မာနိုင်ငံ စစ်အစိုးရက သူတို့ရေးဆွဲခဲ့တဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်း ဖန်တီးလိုတဲ့ ပြည်ထောင်စုကို တိုင်းရင်းသားလူမျိုးစု အများက လက်ခံနိုင်ပါ့မလား၊ လက်မခံနိုင်ဘူးဆိုရင် လက်ခံအောင် လက်လိမ်ချိုးလို့ ရမလားဆိုတာ စစ်အစိုးရက သွေးတိုးစမ်းကြည့်တယ်လို့ ဆိုရင်လည်း မှားမယ်မဟုတ်ပါဘူး။ တကယ်တော့ ဒီပြဿနာဟာ လွတ်လပ်ရေး ရပြီးကတည်းက မြန်မာနိုင်ငံ အစိုးရအဆက်ဆက် ဖြေရှင်းလို့ မပြေလည်နိုင်ခဲ့တဲ့ တိုင်းရင်းသားများ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ပြဿနာရဲ့ တစိတ်တဒေသမျှသာ ဖြစ်ပါတယ်လို့ ထင်မိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG