သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်ရပ် ဒေသခံတို့ နေရာပြောင်းရွှေ့


ရှမ်းပြည်နယ်မြောက်ပိုင်း အထူးဒေသ ၁ ကိုးကန့်နယ်မြေအတွင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားပြီးတဲ့နောက် တရုတ်-မြန်မာ နယ်စပ်တကြော အပစ်ရပ်အဖွဲ့တွေဖြစ်တဲ့ ကချင်ပြည် လွတ်လပ်ရေးတပ်မတော် (KIA)၊ ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နဲ့ အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) ခေါ် မိုင်းလားအဖွဲ့ရဲ့ ဒေသတွေမှာ နေထိုင်နေတဲ့ ပြည်သူတွေဟာ အထိတ်တလန့် ဖြစ်နေကြပြီး လူအတော်များများက ပစ္စည်းတွေကို တရုတ်နိုင်ငံကို ပြောင်းရွှေ့နေကြသလို တချို့တွေကလည်း မြန်မာပြည် အတွင်းပိုင်းက မြို့တွေကို ပြောင်းရွှေ့ကုန်ကြပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

အပစ်ရပ် ကိုးကန့်အဖွဲ့နဲ့ မြန်မာစစ်အစိုးရ တပ်တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားချိန်မှာ ကိုးကန့်အဖွဲ့နဲ့ မဟာမိတ်ဖြစ်တဲ့ ကေအိုင်အေ တပ်တွေကလည်း သူတို့အခြေစိုက်ရာ နယ်မြေတွေမှာ စစ်ရေးအရ အသင့်အနေအထား ပြင်ဆင်ခဲ့သလို မြန်မာစစ်တပ်တွေကလည်း ကေအိုင်အေ နယ်မြေအတွင်းမှာ လှုပ်ရှားတာတွေ ပိုများလာခဲ့ပါတယ်။

ဒီအခြေအနေတွေကြောင့် ကေအိုင်အေအဖွဲ့ရဲ့ ဌာနချုပ် လိုင်ဇာမြို့က အရပ်သားတွေဟာ တရုတ်နိုင်ငံဘက်ကို ပစ္စည်းတွေ ပြောင်းရွှေ့ပြီး ရှောင်တိမ်းနိုင်ဖို့ ပြင်ဆင်နေတယ်လို့ လိုင်ဇာဒေသခံ တယောက်က အခုလိုပြောပါတယ်။

“ဟုတ်တယ်။ အခြေအနေကတော့ တော်တော်ရှုပ်ထွေးနေတယ်။ တရုတ်ကမ်းဘက်မှာ တိုက်ခန်းတွေ ငှားပြီးမှ ပစ္စည်းတွေ ဘာတွေ ပို့ထားကြတယ်။ ပြီးတော့ ပြည်သူလူထုတွေလည်း တော်တော် ထိတ်လန့်နေကြတယ်။ လိုင်ဇာမှာပေါ့။ ပြောရမယ်ဆို ဘယ်အချိန်မှာ ဘယ်လိုဖြစ်မယ်ဆိုတာ ခန့်မှန်းလို့ မရလို့လေ။ ပြည်သူလူထုတွေက ကြိုတင်ပြီးမှ ပြင်ဆင်ထားကြတာပေါ့ သူတို့။ ရုတ်တရက် ဖြစ်လာတဲ့အချိန်မှာ ပြေးမယ်ဆိုလည်း ပစ္စည်းတွေ ဘာတွေနဲ့ ပြေးစရာမလိုအောင် လွတ်လွတ်လပ်လပ် ပြေးလို့ရအောင်ဆိုပြီး စီစဉ်ထားကြတာကိုး။ အေး ကလေးတွေနဲ့ အဖိုးအဖွားတွေအတွက် ရိက္ခာတွေ ဟိုဘက်ကမ်းကို ပို့ထားတာပေါ့။ တခုခုဖြစ်ရင် ဟိုဘက်ကမ်းမှာ သွားအိပ်ဖို့ စောင်တွေ၊ ဆန်တွေ သွားချက်စားဖို့ ပြင်ဆင်ထားကြတာပေါ့။”

တရုတ်-မြန်မာနယ်စပ်က အခြား ဒေသခံတယောက်ကတော့ ဗန်းမော်၊ မြစ်ကြီးနား လမ်းတလျှောက်မှာလည်း မြန်မာစစ်အစိုးရက တပ်တွေ တိုးချဲ့ချထားသလို စစ်ကြောင်းတွေ လှုပ်ရှားနေတာကြောင့် မကြာခင် တိုက်ပွဲဖြစ်တော့မယ်၊ ပေါ်တာဆွဲနေတယ်ဆိုတဲ့ ကောလာဟလတွေ ထွက်နေတာကြောင့် လူထုက အခုလို အထိတ်တလန့် ဖြစ်နေကြတာလို့ ပြောပါတယ်။

ဗန်းမော်မြို့နယ်အတွင်းက ကေအိုင်အေအဖွဲ့ အခြေစိုက်ရာ မိုင်ဂျာယန် ဒေသဘက်မှာလည်း ဒီလိုပြောင်းရွှေ့တာတွေ ရှိနေပါတယ်။

“လူတွေကတော့ စိုးရိမ်လို့ ဟိုဘက်ကမ်း တရုတ်ဘက်ကို ပစည်းတွေ ရွှေ့ကြတာ ပြောင်းကြတာတော့ ရှိတာပေါ့။ လွယ်ဂျယ်ဘက်က ဝန်ထမ်းတွေရော၊ ရွာကလူတွေရော၊ ပြည်သူတွေရော၊ လွယ်ဂျယ်က အစိုးရဝန်ထမ်းတွေ ဗမာအစိုးရ ဝန်ထမ်းတွေ၊ ဝန်ထမ်းဆိုပေမယ့် သူတို့မိသားစုတွေပေ့ါ၊ ပစ္စည်းတွေ ပြောင်းကြတယ်၊ ရွှေ့ကြတယ်၊ မိသားစုတွေ ဟိုဘက်ကမ်းကို သွားနေကြတယ်လို့ ကြားတယ်။ တော်တော်များများတော့ ရှိကြတယ်။”

မိုင်ဂျာယန်ဒေသခံ အမျိုးသမီး ပြောပြသွားတာ ဖြစ်ပါတယ်။

ဒီလို ပြောင်းရွှေ့တာတွေ များလာတာကြောင့် တရုတ်ဘက်က စစ်တပ်နဲ့ ရဲတွေကလည်း နယ်စပ်ဒေသမှာ စောင့်ကြပ်စစ်ဆေးတာတွေ ပိုမိုတင်းကျပ်လာနေပါတယ်။ လွယ်ဂျယ် တဘက်ကမ်းမှာရှိတဲ့ တရုတ်နိုင်ငံ ကျန်ဖုန်းနဲ့ အနီးအနား ဒေသဘက်မှာလည်း အိမ်ဈေးတွေ တက်ကုန်တယ်လို့ သူကပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ဒေသဘက်မှာတော့ မြန်မာစစ်တပ်တွေဟာ ကိုးကန့်ဒေသပြီးရင် အဲဒီဒေသဘက်မှာ အခြေစိုက်တဲ့ ကေအိုင်အေ တပ်မဟာ ၄ ကို တိုက်ခိုက်လိမ့်မယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်နေတာကြောင့် ကေအိုင်အေနဲ့ မြန်မာစစ်တပ်တွေ အကြားမှာ အခြေအနေက တင်းမာနေတယ်လို့ အဲဒီဒေသကို ရောက်နေသူတယောက်က ပြောပါတယ်။

တရုတ်-မြန်မာနယ်စပ်က ဒေသခံက အပစ်ရပ် ကိုးကန့်အဖွဲ့ အခြေစိုက်ရာ လောက်ကိုင်မြို့ရဲ့ အောက်ဘက် ဝဒေသဘက်မှာလည်း မြန်မာစစ်တပ်တွေ ရောက်နေတာကြောင့် အရပ်သားတွေဟာ အလားတူ ပြောင်းရွှေ့နေတယ်လို့ ပြောပါတယ်။

“ဝမြောက်ပိုင်းနဲ့ နယ်စပ်ပေါ့။ အဲဒီမှာ ဟိုပန်တို့ ပန်လုံတို့ ရှိတယ်လေ။ အဲဒီမြို့တွေပေါ့။ အဲဒီဘက်မှာ တပ်ချထားတယ်။ ၉၉ ချထားတယ်။ အဲတော့ အဲဒီနားမှာ တပ်လာချတော့ တိုက်ပွဲဖြစ်မှာစိုးလို့ ပြေးကြတာပေါ့။ အဓိကက တရုတ်ပြည်ထဲပြေးတာ မဟုတ်ပါဘူး။ ဝနယ်ထဲကို ပြန်ပြေးကြတယ်။ နမ့်တစ်ဘက်ပြေးတယ်။ တချို့တွေကတော့ တောထဲ တောင်ထဲမှာလို့တော့ ကြားရတယ်။ ကိုးကန့်နယ်မှာလည်း သူတို့နားမှာ ဖြစ်ထားတော့ ကြောက်ကြတာပေါ့၊ တိုက်ပွဲတွေ ဘာတွေ ဖြစ်မှာ။”

UWSA ခေါ် အပစ်ရပ် ဝအဖွဲ့ အခြေစိုက်ရာ ပန်ဆန်းဒေသဘက်မှာလည်း ဒေသခံတွေ အထုပ်အပိုး ပြင်ဆင်ထားပြီး အသင့်အနေအထားနဲ့ နေနေကြသလို ပန်ဆန်းမှာ လာရောက်အလုပ်လုပ်နေတဲ့ တရုတ်နိုင်ငံသားတွေလည်း နေရပ်ရင်းကို ပြန်နေကြတယ်လို့ သူက ဆက်ပြောပါတယ်။

ရှမ်းပြည်အရှေ့ပိုင်း အထူးဒေသ ၄ ဦးစိုင်းလင်း ခေါင်းဆောင်တဲ့ မိုင်းလားဒေသနဲ့ မိုင်းယန်းဒေသဘက်တွေမှာလည်း တရုတ်နိုင်ငံသားတွေ ပြန်နေကြသလို တချို့ဒေသခံတွေဟာ အတွင်းပိုင်း မြို့ကြီးတွေဘက်ကို ပြောင်းရွှေ့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါကတော့ တရုတ်-မြန်မာ နယ်စပ်တကြောက အပစ်ရပ်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေက အခြေအနေတွေ ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရက ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းမှာ အပစ်ရပ်အဖွဲ့တွေကို မြန်မာစစ်တပ်ရဲ့ ကွပ်ကဲမှုအောက်မှာ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းပြီး ဖွဲ့စည်းဖို့ တောင်းဆိုခဲ့ပါတယ်။ ဒီလို တောင်းဆိုတာကို ကေအိုင်အေ၊ ကိုးကန့်၊ ဝနဲ့ မိုင်းလားအဖွဲ့တွေက လက်မခံခဲ့ပါဘူး။ အဲဒီနောက်မှာ ကိုးကန့်ဒေသမှာ တိုက်ပွဲတွေ ဖြစ်ခဲ့တာကြောင့် တရုတ်-မြန်မာနယ်စပ် အပစ်ရပ်ဒေသက ပြည်သူတွေဟာ သူတို့နယ်မြေမှာလည်း တိုက်ပွဲတွေ ဖြစ်လာမှာကို စိုးရိမ်နေတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG