သုံးရလွယ်ကူစေသည့် Link များ

ဓာတ်ငွေ့ပိုက်လိုင်း ဖောက်မှု ရပ်တန့်ဖို့ တရုတ်ကို မြန်မာ ပတ်ဝန်းကျင်စောင့်ကြည့်ရေး အုပ်စု တိုက်တွန်း


မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံထဲကို ဖောက်လုပ်မယ့် ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတွေကြောင့် နိုင်ငံရေး မတည်ငြိမ်မှုတွေ ပိုပြီး တိုးလာနိုင်တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောကြပါတယ်။

မြန်မာနိုင်ငံထဲကို ဖြတ်သန်းမယ့် မိုင် ၂,၅၀၀ နီးပါး ရှည်လျားမယ့် ကျောက်ဖြူ-ကူမင်း သဘာဝဓာတ်ငွေ့ ပိုက်လိုင်း တည်ဆောက်မှုကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှု၊ သဘာဝပတ်ဝန်းကျင် ပြုန်းတီးမှု အပါအ၀င် နိုင်ငံရေး မတည်ငြိမ်မှုတွေ တိုးလာနိုင်စေတယ်လို့ ရွှေ သဘာဝဓာတ်ငွေ့ လှုပ်ရှားမှုအဖွဲ့နဲ့ မွန် လူ့အခွင့်အရေးအဖွဲ့က ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

အရင်က ဖောက်လုပ်ခဲ့ဖူးတဲ့ ကန်ဘောက်-မြိုင်ကလေး ဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်စဉ်ကလည်း မြေယာ သိမ်းယူမှု တွေ အတင်းအဓမ္မ လုပ်အားစေခိုင်းမှုတွေ ရှိခဲ့တာကြောင့် ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်တို့ကို ဖြတ်သန်းမယ့် လမ်းကြောင်းတလျှောက်မှာ ဒီ့ထက်မက ပိုပြီး ဆိုးရွားမှုတွေ ကြုံတွေ့လာနိုင်တယ်လို့ ရွှေ သဘာဝ ဓာတ်ငွေ့ လှုပ်ရှားမှုအဖွဲ့ရဲ့ မနေ့က ထုတ်ပြန်တဲ့ အာဏာစင်္ကြံဆိုတဲ့ အစီရင်ခံစာမှာ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံအနေနဲ့ ရွှေ သဘာဝဓာတ်ငွေ့သိုက်က ထွက်တဲ့ ဓာတ်ငွေ့အပြင် အာဖရိကနဲ့ မြေထဲပင်လယ်ဒေသက တင်သွင်းနေရတဲ့ စွမ်းအင် အရင်းအမြစ်တွေကိုပါ ကျောက်ဖြူမြို့နယ် မတေကျွန်း ရေနက်ဆိပ်ကမ်းကတဆင့် တင်ပို့နိုင် ဖို့အတွက် တည်ဆောက်ရေးလုပ်ငန်းတွေကို စတင်တော့မယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ရှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမယ့် ဒီ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတွေဟာ လူမျိုးစု လက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ဒေသ ဖြစ်တာကြောင့် အချိန်မရွေး ပဋိပက္ခတွေ ဖြစ်ပွားလာနိုင်တယ်လို့လည်း မွန် လူ့အခွင့်အရေးအဖွဲ့က ထောက်ပြထားပါတယ်။

မြန်မာစစ်အစိုးရဟာ လာမယ့် နှစ် ၃၀ အတွင်း ရွှေ သဘာဝဓာတ်ငွေ့သိုက်ကနေ ဓာတ်ငွေ့ရောင်းချခ ဒေါ်လာသန်းပေါင်း ၂၉,၀၀၀ အထိ ရရှိမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG