သုံးရလွယ်ကူစေသည့် Link များ

ရုံးတွေဖွင့်ခွင့်ပေးဖို့ NLD ထပ်မံ တောင်းဆို


တရားဝင် နိုင်ငံရေးပါတီတရပ်ရဲ့ အခွင့်အရေးအနေနဲ့ ပါတီရုံးတွေ ဖွင့်ခွင့်ပေးဖို့၊ ပါတီနိုင်ငံရေး လှုပ်ရှားခွင့်တွေ ပေးဖို့ဆိုပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မြန်မာအစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို တောင်းဆိုလိုက်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ ပိတ်ခံနေရချိန်မှာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်ရသေးတဲ့ အဖွဲ့အချို့ကတော့ ရုံးတွေဖွင့်၊ ဆိုင်ဘုတ်တွေတင်ပြီး စည်းရုံးလှုပ်ရှားမှုတွေ လုပ်ဆောင်နေကြတယ်လို့လည်း အန်န်အယ်လ်ဒီပါတီက ထောက်ပြထားပါတယ်။ အကြောင်းစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

အန်န်အယ်လ်ဒီအနေနဲ့ သူ့ရုံးတွေ ပိတ်ပင်ခံထားရတာ နှစ်နဲ့ချီ ကြာနေပြီဖြစ်သလို တဘက်မှာ ပါတီစာစောင် ထုတ်ဝေ ခွင့်၊ နိုင်ငံရေး လှုပ်ရှားခွင့်တွေလည်း လက်ရှိ ဥပဒေတွေ လုပ်ထုံးလုပ်နည်းတွေ အောက်မှာ ပိတ်ပင်ခံထားရပါတယ်။ အန်န်အယ်လ်ဒီ အောက်ခြေအဖွဲ့ဝင်တွေက အုပ်စုလိုက် သီးခြားလှုပ်ရှားမှုတွေ ရှိခဲ့ပေမဲ့ ဒါက ပါတီတရပ်လုံးရဲ့ သဘော၊ ပါတီက ဦးဆောင်လုပ်တဲ့ သဘောတော့ မသက်ရောက်ပါဘူး။ ဒါပေမယ့် အခုတလော အချို့ နိုင်ငံရေး အစုအဖွဲ့တွေက လာမယ့် ၂၀၁၀ ရွေးကောက်ပွဲအတွက် ပြင်ကြဆင်ကြ၊ စည်းရုံးကြ လုပ်နေချိန်မှာ တရားဝင် နိုင်ငံရေးပါတီဖြစ်တဲ့ အန်န်အယ်လ်ဒီကတော့ လှုပ်ရှားမှုတွေ ကန့်သတ်ပိတ်ဆို့ ခံနေရတယ်၊ သူ့ရဲ့ နယ်ရုံးတွေလည်း ဖွင့်ခွင့်မရ ဖြစ်နေတဲ့ အပေါ်မှာ အန်န်အယ်လ်ဒီဘက်က အခုလို စာပို့တောင်းဆိုတာလို့ အန်န်အယ်လ်ဒီ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“မှတ်ပုံမတင်တဲ့ နိုင်ငံရေးပါတီ၊ အစိုးရနဲ့ ဘယ်လို သဘောတူညီခဲ့လဲ မသိဘူး၊ အဲဒါမျိုးတွေ ဆိုင်းဘုတ်တင်တယ်၊ စည်းရုံးရေးတွေ လုပ်တယ်။ အဲဒီလိုအချိန်မှာ အန်န်အယ်လ်ဒီက တရားဝင် နိုင်ငံရေးပါတီ ဖြစ်တယ်။ တရားဝင် နိုင်ငံရေး ပါတီကျတော့ ပိတ်တာ၊ ဆို့တာ၊ ရုံးတွေပိတ်တာ လုပ်တယ်။ ဒါမျိုးက မဖြစ်သင့်ဘူး၊ တရားဝင် နိုင်ငံရေးပါတီကြတော့ ဘာမှ လုပ်ခွင့်မရှိဘူး၊ ရုံးခန်းတွေလည်း ပိတ်ထားတယ်၊ ဒီလို တရားမ၀င် နိုင်ငံရေးပါတီ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ဆိုတာလည်း အခု မရှိသေးဘူး၊ မရှိသေးဘဲနဲ့ အဲဒီလို အခြေအနေမှာ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ်ဆိုတဲ့ အဖွဲ့အစည်းက မကွေးတိုင်း ပခုက္ကူမှာ ဆိုင်းဘုတ်တင်တယ်၊ အစည်းအဝေး ကျင်းပတယ်။ ဒါတွေကို ဓာတ်ပုံ မှတ်တမ်းတွေနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံကို အကြောင်းကြားတယ်။ အကြောင်းကြားတဲ့ အဓိက အချက်ကတော့ တရားဝင် နိုင်ငံရေးပါတီဖြစ်တဲ့ နိုင်ငံရေးပါတီရဲ့ ရုံးခန်းတွေကို ပြန်လည်ဖွင့်လှစ်ပေးပြီးတော့ စည်းရုံးလှုပ်ရှားခွင့် ပေးဖို့ဆိုပြီး အကြောင်းကြားတယ်။”

ကျနော်တို့ သိရသလောက်လည်း ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားတပ်ပေါင်းစု အဖွဲ့ကတော့ လာမယ့် ၂၀၁၀ ရွေးကောက်ပွဲအတွက် ပြင်တယ်၊ ဆင်တယ်၊ စည်းရုံးလှုံ့ဆော်တယ်လို့ ကြားနေရပါတယ်။ အဲတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကရော နိုင်ငံရေးပါတီ တရပ်အနေနဲ့ အခုလို လှုပ်ရှားခွင့် တောင်းတယ်ဆိုတာက ၂၀၁၀ ရွေးကောက်ပွဲအတွက် ရည်ရွယ်တာလား၊ ဘာကြောင့်လဲခင်ဗျ။

“နိုင်ငံရေးပါတီ တရပ်အနေနဲ့ တောင်းတာပါ။ ရွေးကောက်ပွဲ ၀င်ရေး မ၀င်ရေးကို ကျနော်တို့ မဖော်ပြပါဘူး။ တရားဝင် အဖြစ် မှတ်ပုံတင်ခွင့် မရှိသေးတဲ့ သူတို့ အဖွဲ့ချုပ်တွေက ဆောင်ရွက်တာကို ကျနော်တို့က ကန့်ကွက်နေတာ မဟုတ်ဘူး။ အလားတူပဲ တရားဝင် ပါတီတွေကိုလည်း နိုင်ငံရေး လှုပ်ရှားမှုတွေ လုပ်ခွင့်ပေးပါ၊ ရုံးခန်းတွေ ပြန်လည်ဖွင့်ခွင့်ပေးပါဆိုပြီး အကြောင်းကြားခဲ့တာပါ။”

လတ်တလောအားဖြင့် အန်ကယ်တို့ တိုင်းနဲ့ပြည်နယ်တွေမှာ ရုံးခန်းတွေဖွင့်ပြီး အလုပ် လုပ်နိုင်တဲ့ အနေအထား ဘယ်လောက် ရာခိုင်နှုန်းလောက်ပဲ ရှိပါသလဲ၊ ခန့်မှန်းခြေအားဖြင့်ပေါ့။

“လုံးဝ သုညရာခိုင်နှုန်းဗျ။ ကျနော်တို့ တရားဝင် ဆိုင်းဘုတ်တင် ရုံးခန်းဖွင့်နေတာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို ရုံးခန်း တခုပဲ ရှိပါတယ်။ ကျန်တဲ့ တိုင်းနဲ့ပြည်နယ်၊ မြို့နယ်အားလုံးမှာ ခေတ္တဆိုပြီး ချိတ်ပိတ်ထားတယ်။ ဖွင့်ခွင့်လည်း မပေး ဘူး၊ ဆိုင်းဘုတ် ပြန်တင်ခွင့်လည်း မပေးဘူး။ အဲဒီလို အခြေအနေပါ။”

အန်န်အယ်လ်ဒီပါတီဟာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ မဲအပြတ်အသတ် အနိုင်ရခဲ့ပေမယ့် စစ်အစိုးရက အာဏာ မလွှဲခဲ့ပါဘူး။ ဒါပေမယ့် တဖက်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေးဆိုပြီး အမျိုးသားညီလာခံကိုပဲ တက်စေခဲ့ပါတယ်။ ဒါပေမယ့် အမျိုးသားညီလာခံကို လွတ်လပ်စွာ ဆွေးနွေးခွင့်မရလို့ ဆိုပြီး အန်န်အယ်လ်ဒီဘက်က ပြန်ပြီး သပိတ်မှောက် ခဲ့ပါတယ်။ ဒါကြောင့် အဲဒီကထွက်လာတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း သူတို့အနေနဲ့ သဘောမတူနိုင်ဘူး၊ ဒီအထဲမှာ ပါတဲ့ တချို့ အချက်အလက်တွေကို ပြင်ဆင်ဖို့အတွက် ညှိနှိုင်းဆွေးနွေးလိုတယ် ဆိုပြီးတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်က တောင်းဆိုထားပါတယ်။ စစ်အစိုးရက ကြေညာထားတဲ့ ၂၀၁၀ ရွေးကောက်ပွဲ ၀င်မ၀င် ဆိုတာကိုလည်း အန်န်အယ်လ်ဒီ က သဘောထား တိတိပပ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG