သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မွန်တိုင်းရင်းသား ခေါင်းဆောင်တွေ ကြားနေ နိုင်ငံရေးပါတီသစ် ဖွဲ့ဖို့  ပြင်ဆင်


မြန်မာနိုင်ငံရဲ့ လက်ရှိဖြစ်နေတဲ့ နိုင်ငံရေး အခြေအနေနဲ့ ကိုက်ညီဖို့အတွက် မွန်တိုင်းရင်းသား ခေါင်းဆောင်တွေက ၂၀၁၀ ခုနှစ်မှာ မြန်မာစစ်အစိုးရက ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် နိုင်ငံရေးပါတီတခု ဖွဲ့စည်းနိုင်ဖို့အတွက် ဆွေးနွေးနေကြ ပါတယ်။ အရင်က မွန်တိုင်းရင်းသားတွေကြား ဖွဲ့စည်းခဲ့ကြတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေနဲ့ မတူတဲ့ လမ်းစဉ်ကို ကျင့်သုံးသွားမယ်လို့ အခု ပါတီဖွဲ့စည်းမယ့် မွန်တိုင်းရင်းသား ခေါင်းဆောင်တွေက ပြောနေကြပါတယ်။ အပြည့်အစုံကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

မွန်ပြည်သစ်ပါတီမှာ အရင်တုန်းက ဗဟိုကော်မတီအဖြစ် တာဝန်ယူခဲ့တဲ့ နိုင်တင်အောင်၊ နိုင်စိုးညွန့်တို့နဲ့အတူ တခြား ဒေသ အသီးသီးမှာရှိတဲ့ ခေါင်းဆောင်တွေ စုစုပေါင်း ၁၅ ယောက် ပူးပေါင်းပြီး ပါတီဖွဲ့စည်းရေး အမှုဆောင်အဖွဲ့ကို ဖွဲ့စည်းထား တဲ့အကြောင်း ဒီအမှုဆောင်အဖွဲ့မှာ ပါဝင်တဲ့ နိုင်အောင်မိုးက ပြောပြပါတယ်။

“မွန်ပြည်သစ်ပါတီက အနားယူသွားတဲ့ ရဲဘော်ဟောင်းတွေ၊ လူကြီးပိုင်းထဲက ရဲဘော်ဟောင်းတွေ ပါတယ်။ ပြီးတော့ အရင် မွန်အမျိုးသား ဒီမိုကရေစီက လူဟောင်းတွေ ပါတယ်။ ဒေသအလိုက်ရှိတဲ့ အသင်းအဖွဲ့တွေရဲ့ ခေါင်းဆောင်တွေ ပါတယ်။”

ဒီလို နိုင်ငံရေးပါတီတရပ် ဖွဲ့စည်းတည်ထောင်ဖို့ စီစဉ်ထားတယ် ဆိုပေမဲ့ အဖွဲ့အစည်းနာမည် ဘာပေးမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကိုတော့ မွန်ခေါင်းဆောင်တွေ မချမှတ်ရသေးပါဘူး။ ပါတီကျင့်သုံးမယ့် မူဝါဒတွေနဲ့ ပတ်သက်လို့လည်း နိုင်အောင်မိုးက အခုလို အကြမ်းဖျင်း ရှင်းပြပါတယ်။

“လမ်းစဉ်အနေနဲ့ကတော့ ကြားနေဝါဒ ကျင့်သုံးဖို့၊ ဘယ်အဖွဲ့အစည်းနဲ့မှ ပဋိပက္ခ မဖြစ်အောင် လစ်ဘရယ်လစ်ဇင် (Liberalism) သဘောမျိုး စဉ်းစားထားကြတယ်၊ ဆွေးနွေးထားကြတယ်။ ဒါပေမဲ့ အစိုးရကိုလည်း ဖားမှာမဟုတ်ဘူး၊ ဥပဒေ အရ အမှားအယွင်း ဖြစ်ခဲ့သည်ရှိသော် ထောက်ပြမယ်၊ တင်ပြမယ်၊ အဲဒီသဘောမျိုးပေါ့။ အဲဒီ လမ်းစဉ်၊ မူဝါဒနဲ့ ကိုက်ညီ အောင် နာမည်ကတော့ ရွေးရမယ်။”

အခုအချိန်ထိတော့ တိတိကျကျ မြန်မာအာဏာပိုင်တွေနဲ့ ဆက်သွယ်တာမျိုးတွေ မရှိသေးဘူးလို့ နိုင်အောင်မိုးက ပြောပါ တယ်။ အခု မွန်တိုင်းရင်းသား ခေါင်းဆောင်တွေ ဖွဲ့စည်းမယ့် နိုင်ငံရေးပါတီဟာ အရင်တုန်းက မွန်ပြည်သစ်ပါတီမှာ ဦးစီး ဦးဆောင် လုပ်ခဲ့သူတွေနဲ့ ဖွဲ့စည်းမှာဖြစ်ပေမယ့် မွန်ပြည်သစ်ပါတီနဲ့ မသက်ဆိုင်သလို တခြား မွန်တိုင်းရင်းသား အဖွဲ့တွေ နဲ့လည်း သက်ဆိုင်မှု မရှိဘူးလို့ နိုင်အောင်မိုးက ပြောပါတယ်။

“လမ်းစဉ် မူဝါဒ အသစ်ပေါ့၊ မွန်ပြည်သစ်ပါတီရဲ့ လမ်းစဉ် မူဝါဒကိုလည်း မယူဘူး၊ မွန်အမျိုးသား ဒီမိုကရေစီရဲ့ လမ်းစဉ် မူဝါဒကိုလည်း မယူဘူး။ ခေတ်နဲ့ကိုက်ညီမယ့် မူဝါဒကို ကျနော်တို့ ချမှတ်မယ်။ တိုင်းရင်းသားအားလုံး တန်းတူညီမျှဖို့ဆိုတဲ့ အချက်ရယ်၊ ဒီမိုကရေစီ တိုးတက်လာဖို့ အချက်ရယ်၊ ပြီးတော့ လူ့အခွင့်အရေးနဲ့ ပတ်သက်လာမယ့် အချက်ရယ်၊ တိုင်းပြည် နဲ့ လူမျိုး၊ မွန်လူမျိုးအတွက်ရော တိုင်းရင်းသား အားလုံး အတွက်ရော ပြည်ထောင်စုအတွက် ပိုပြီးတော့ အတူတူ ဆောင်ရွက် နိုင်အောင်ဆိုပြီးတော့ ချိန်ဆပြီး လုပ်သွားမှာပါ။”

အခု မွန်တိုင်းရင်းသား ခေါင်းဆောင်တွေ ဖွဲ့စည်းတည်ထောင်မယ့် နိုင်ငံရေးပါတီက ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ မတိုင်ခင် ဖွဲ့စည်းတည်ထောင်တာ ဖြစ်ပေမဲ့လည်း ရွေးကောက်ပွဲမှာ ပါဝင်မယ်၊ မပါဝင်ဘူး အတိအကျ မဆုံးဖြတ်ရသေးဘူးလို့ နိုင်အောင်မိုးက ပြောပါတယ်။ မြန်မာစစ်အစိုးရဘက်က နိုင်ငံရေးပါတီတွေ ဖွဲ့စည်းခွင့်၊ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ထုတ်ပြန်ကြေညာတဲ့အထိ စောင့်သွားမယ်လို့လည်း သူက ပြောဆိုသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG