သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲဝင်ဖို့ Jim Webb အဆိုပြုချက် ဦးဝင်းတင် ပယ်ချ


မြန်မာနိုင်ငံက အဓိက နိုင်ငံရေးပါတီကြီးဖြစ်တဲ့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ရေရှည် နိုင်ငံရေး မဟာဗျူဟာ တရပ်ရဲ့ အစိတ်အပိုင်း တခုအဖြစ် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်သင့်တယ်ဆိုတဲ့ အဆိုပြုချက်တွေ ကို NLD အတွင်းရေးမှူးအဖွဲ့ဝင် တဦးဖြစ်တဲ့ နှစ်ရှည် နိုင်ငံရေးအကျဉ်းသားဟောင်း၊ သတင်းစာဆရာကြီး ဦးဝင်းတင်က ပယ်ချလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ စက်တင်ဘာလ ၉ ရက်နေ့စွဲနဲ့ ထုတ်ဝေတဲ့ ဝါရှင်တန်ပို့စ် သတင်းစာမှာ “မြန်မာ လူထု မလိုအပ်တဲ့ ရွေးကောက်ပွဲတခု” ဆိုတဲ့ခေါင်းစဉ်နဲ့ ဆောင်းပါးတစောင် ရေးသားပြီး အဲဒီအဆိုပြုချက်တွေကို ဦးဝင်းတင်က ပယ်ချလိုက်တာပါ။ အပြည့်အစုံကို ဘန်ကောက်ကနေ ဆက်သွယ် မေးမြန်းထားတဲ့ ဗွီအိုအေ ဝိုင်းတော်သား ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

NLD ကို ရွေးကောက်ပွဲဝင်ဖို့ အတိအလင်း လူသိရှင်ကြား တိုက်တွန်းခဲ့တာကတော့ ပြီးခဲ့တဲ့လအတွင်း မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ် ဝက်ဘ် (Jim Webb) ပါ။ မစ္စတာဝက်ဘ်ရဲ့ ကြိုးပမ်း အားထုတ်မှုတွေဟာ မိမိတို့ရဲ့ ဒီမိုကရေစီလှုပ်ရှားမှုကို ထိခိုက်စေပြီး လွဲမှားတဲ့ကိစ္စရပ်ပေါ်မှာ အာရုံစိုက်ခဲ့တယ်၊ အဲဒါကတော့ ရေရှည် နိုင်ငံရေး မဟာဗျူဟာတရပ်ရဲ့ အစိတ်အပိုင်းတခုအဖြစ် နောက်နှစ်ရွေးကောက်ပွဲမှာ ပါဝင်ဖို့ မစ္စတာဝက်ဘ်က မိမိတို့ကို စဉ်းစား စေချင်တာပါပဲလို့ သူ့ဆောင်းပါးမှာ ဦးဝင်းတင်က ရေးထားပါတယ်။

လက်ရှိအချိန်မှာ မြန်မာစစ်အစိုးရကလည်း ရွေးကောက်ပွဲကိစ္စကို တွန်းနေ၊ မြန်မာ့နိုင်ငံရေး လောကမှာလည်း ရွေးကောက်ပွဲရောဂါ တက်လာနေပေမဲ့ သူတို့အနေနဲ့ကတော့ လက်မခံနိုင်ဘူးလို့ ပြောပါတယ်။

“ဒီရွေးကောက်ပွဲကို သာမာန် အားဖြင့် ကျွန်တော်တို့က လက်မခံနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီရွေးကောက်ပွဲဟာ ဒီ အခြေခံဥပေဒကို အသက်သွင်းမယ့် ရွေးကောက်ပွဲဆိုတော့ ကျွန်တော်တို့လက်မခံနိုင်ဘူး။ အဲဒါကို အဓိကထား ပြောတာ ပဲ။ ဒီရွေးကောက်ပွဲနဲ့တော့ ကျွန်တော်တို့ ဒီမိုကရေစီကို မရနိုင်ဘူး။ အဲဒါကို ကျွန်တော်က အဓိက ထားပြောချင်တာပဲ။ ”

ရွေးကောက်ပွဲ ဝင်ရေး မဝင်ရေး ကိစ္စနဲ့ ပတ်သက်ပြီး NLD ပါတီထဲမှာ သဘောထား ကွဲလွဲတာမျိုး မရှိပါဘူးလို့လည်း ဦးဝင်းတင်က ဗွီအိုအေကို အတိအလင်း ပြောခဲ့ပါတယ်။ အရင် ရွေးကောက်ပွဲတခု နိုင်ထားဖူးတာတောင် ဘာမှ ဖြစ် မလာဘဲနဲ့ နောက်ရွေး ကောက်ပွဲတခုဝင်ဖို့ စဉ်းစားမယ်ဆိုရင် မိုက်မဲရာကျလိမ့်မယ်လို့လည်း ဆိုပါတယ်။

တဘက်မှာ ထွက်ပေါ်နေတဲ့ ငြင်းဆိုချက်တွေကတော့ ဒီရွေးကောက်ပွဲဟာ ဖျက်လို့မရ၊ ရှောင်လို့မရတဲ့ အခြေအနေမှာ ရောက်နေ တာကြောင့် ရွေးကောက်ပွဲမဝင်ရင် NLD ပါတီဟာ နိုင်ငံရေးပင်မရေစီးကြောင်းရဲ့ ဘေးကို ရောက်သွားမယ်၊ NLD အနေနဲ့လည်း ဘာမှလုပ်လို့ရတော့မှာမဟုတ်ဘူး ဆိုတာတွေပါ။ နှစ်နှစ်ဆယ်လုံးလုံး NLD ပါတီကို ဘေးထုတ်ထားပြီး ရုံးတွေပိတ်ထား၊ လှုပ်ရှားမှုတွေ ကန့်သတ်ထားပေမဲ့ တခြား အဖွဲ့အစည်းတွေကိုတော့ ဟောပြောစည်းရုံးတာတွေ၊ ဆိုင်းဘုတ်တင်တာတွေ လုပ်ခွင့်ပြုထားတဲ့အတွက် NLD အပါအဝင် ကျန်တဲ့ နိုင်ငံရေးပါတီတွေကိုလည်း အလားတူ စည်းရုံး လှုပ်ရှားမှုတွေ လုပ်ခွင့်ပြုဖို့ ဒီလ ၄ ရက်နေ့မှာပဲ NLD ကနေ မြန်မာစစ်ကောင်စီဥက္ကဋ္ဌဆီ စာရေးသား တောင်းဆိုခဲ့ပါသေး တယ်။ ခေါင်းဆောင်တွေကို ဖမ်းဆီးချုပ်နှောင်ထားပြီး ပါတီရဲ့လှုပ်ရှားမှုတွေကို ကန့်သတ်ထားခဲ့တာတောင် NLD ပါတီဟာ ဘေးကို ရောက်မသွားပါဘူးလို့ ဦးဝင်းတင်က ငြင်းချက်ထုတ် ပြောဆိုပါတယ်။

“ရွေးကောက်ပွဲတခု မဝင်တဲ့အတွက် political party တခုဟာ ပြီးမသွားပါဘူး။ ရွေးကောက်ပွဲဟာ ဒီမိုကရေစီမပေးနိုင်တဲ့ ရွေးကောက်ပွဲလို့ ကျွန်တော်တို့ ထင်မြင်တဲ့အခါ ကျွန်တော်တို့ ရွေးကောက်ပွဲ မဝင်ဘူးပေါ့ဗျ။ ဒီမိုကရေစီ လုပ်ထုံးပါပဲ။ ဒီမိုကရေစီ ကျင့်ထုံးပါပဲ။ ဒီမိုကရေစီ နိုင်ငံတွေမှာလည်း ရှိမြဲပါပဲ။ တခုပဲ ရှိတယ်။ ကျွန်တော်တို့ကို မှတ်ပုံမတင်နိုင်လောက် အောင် လုပ်ပြီဆိုရင်တော့ အဲဒါတော့ ဂွကျနိုင်တာပေါ့။ အဲဒါကိုတော့ စစ်အစိုးရက ဒီလောက် လုပ်ပါ့မလား။ လုပ်လို့လည်း သူတို့အဖို့က မှန်ပါ့မလားဆိုတာ သူတို့လည်း စဉ်းစားမှာပေါ့ဗျာ။”

မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတွေက ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခဲ့တာကြောင့် တရုတ်ရဲ့လွှမ်းမိုးမှုအောက် ရောက်သွားရတယ်လို့ အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ် ဝက်ဘ်က ပြောခဲ့တာကိုလည်း မစ္စတာဝက်ဘ်လို တာဝန်ရှိသူတွေဟာ တရုတ်နဲ့ပတ်သက်ပြီး အကြောက်တရားပြ ပြောဆိုတာမျိုးကို ရပ်တန့်သင့်တယ်လို့ ဦးဝင်းတင်က သူ့ဆောင်းပါးမှာ ရေးထားပါ တယ်။ ဒါ့အပြင် ဒဏ်ခတ်ပိတ်ဆို့မှုနဲ့ ပတ်သက်လို့လည်း NLD ဟာ တခြားနိုင်ငံတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေကို မြန်မာစစ် ခေါင်းဆောင်တွေနဲ့ ထိတွေ့ဆက်ဆံပြီး NLD အပါအဝင် လူမျိုးစု အဖွဲ့အစည်း တွေနဲ့ ဆွေးနွေးပြောဆိုဖို့ စည်းရုံးသင့်တယ်လို့ အားပေးတိုက်တွန်းကြောင်း ဖော်ပြထားပါတယ်။

မြန်မာစစ်အစိုးရက NLD အပါအဝင် လူမျိုးစုကိုယ်စားလှယ်တွေနဲ့ အစစ်အမှန် ထိတွေ့ဆက်ဆံမယ်၊ နိုင်ငံရေး အကျဉ်းသား တွေ ကို လွှတ်ပေးမယ်၊ လူမျိုးစုတွေကို တိုက်ခိုက်နေတာတွေ ရပ်ဆိုင်းမယ်၊ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတည်ဆောက်ဖို့ နောက်ထပ် လုပ်ဆောင်တာတွေ ရှိလာမယ်ဆိုရင် ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ အချိန်အခါနဲ့အညီ ရုပ်သိမ်းသွားမှာဖြစ်တယ် လို့ ဦးဝင်းတင်က ထောက်ပြ ရေးသားထားပါတယ်ခင်ဗျား။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG