သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်ဝမ်သမ္မတဟောင်း ချန်ရွှီဗျန်း ထောင်ဒဏ်တသက် ချမှတ်ခံရ


အဂတိလိုက်စားမှုတွေနဲ့ ပြစ်မှုထင်ရှားကြောင်း တွေ့ရှိခဲ့တဲ့အတွက် ထိုင်ဝမ်သမ္မတဟောင်း ချန်ရွှီးဗျန်း ကို (Chen Shui-bian) ထောင်ဒဏ် တသက်တကျွန်း ချမှတ်လိုက်ပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Thibault Worth ထိုင်ပေမြို့ကနေ သတင်းပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

သမ္မတရန်ပုံငွေထဲက အမေရိကန်ဒေါ်လာ ၃ သန်း အလွဲသုံးစားလုပ်မှုနဲ့ သမ္မတဟောင်း ချန်ရွှီးဗျန်း ကို ထိုင်ပေ ခရိုင်ရုံးက သောကြာနေ့မှာ ပြစ်ဒဏ်ချမှတ်လိုက်တာပါ။ ဒါ့အပြင် အစိုးရ မြေရောင်းဝယ်မှု လုပ်တဲ့ကိစ္စမှာ အမေရိကန်ဒေါ်လာ ၉သန်း လောက် လဘ်စားခဲ့တယ်လို့ သူ့အပေါ် စွပ်စွဲထားတဲ့အမှုမှာလည်း ပြစ်မှုထင်ရှားကြောင်း တွေ့ခဲ့တာပါ။

သူ့အမှု အတိမ်အနက်နဲ့ပတ်သက်လို့ ထိုင်ပေခရိုင်ရုံး ပြောခွင့်ရပုဂ္ဂိုလ် Huang Chun-ming က ရှင်းပြပါတယ်။

"မစ္စတာ ချန်ရွှီးဗြန်ဟာ သမ္မတတယောက်အနေနဲ့ ထိုင်ဝမ်ကျွန်း အကြီးအကျယ် နံမည်ပျက်အောင် လုပ်ဆောင်ခဲ့တယ်။" - လို့ တရုတ်ဘာသာစကားနဲ့ ပြောသွားတာပါ။

မစ္စတာချန် ကို စုစုပေါင်း ပြစ်မှု ၆ ခုနဲ့ အပြစ်ရှိကြောင်း စီရင်ချက်ချခဲ့တာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၆သန်းလည်း ဒဏ်ငွေ ရိုက်လိုက်ပါတယ်။ သူ့ရဲ့ဇနီးဖြစ်သူ Wu Shu-Chen ကိုလည်း အလားတူ အမှုတွေနဲ့ အပြစ်ရှိကြောင်း စီရင်ချက်ချပြီး ထောင်ဒဏ် တသက်တကျွန်း ပြစ်ဒဏ်ချမှတ်ထားပြီးသားပါ။

ဒီအမှုက ထိုင်ဝမ်တကျွန်းလုံးကို စွဲဆောင်ထားခဲ့ပါတယ်။ သမ္မတဟောင်း ချန်ရွှီးဗျန်းကို ထောက်ခံသူတွေက အခုလို သူ့အပေါ် စီရင်ချက်ချလိုက်တာကို ကန့်ကွက်တဲ့အနေနဲ့ တရားရုံးနားမှာ ဆန္ဒပြခဲ့ကြပြီး ပလပ်စတစ် ပုလင်းတွေ၊ အမှိုက် တွေနဲ့ ရဲတွေကို ပစ်ပေါက်ခဲ့ကြပါတယ်။

မစ္စတာချန် က တရုတ်အစိုးရကို ဆန့်ကျင်ရပ်တည်ခဲ့တဲ့အတွက် သူ့ကို အခုလို စီရင်ချက်ချတာလို့ မစ္စတာ ချန်ကရော သူ့ကို ထောက်ခံသူတွေကပါ ပြောပါတယ်။

သူသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ၂၀၀၀ ခုနှစ်နဲ့ ၂၀၀၈ ခုနှစ်တွေအကြား ထိုင်ဝမ်ကျွန်း လွှတ်လပ်ရေး ရရှိအောင် စွမ်းဆောင်မယ်လို့ မကြာခဏ ပြောခဲ့တဲ့အတွက် တရုတ်ခေါင်းဆောင်ပိုင်းနဲ့ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

တရုတ်ပြည်တွင်းစစ်ပြီးတဲ့ ၁၉၄၉ ခုနှစ်ကစလို့ ထိုင်ဝမ်ကျွန်းဟာ ပြည်မကြီးကခွဲထွက်သွားတဲ့ ကျွန်းတကျွန်း ဖြစ်တာမို့ တနေ့ ပြည်မကြီးနဲ့ ပေါင်းစည်းရမယ်လို့ တရုတ်အစိုးရက သတ်မှတ်ထားပြီး တကယ်လို့ ထိုင်ဝမ်ကျွန်းလွှတ်လပ်ရေး ကြေညာခဲ့ရင်၊ လိုအပ်ရင် အင်အားသုံး ပြန်လည် သိမ်းပိုက်မယ်လို့ တရုတ်ဘက်က သံန္နိဌာန် ချထားတာပါ။

ကိုယ်ပိုင် သီးခြားအုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကျွန်းကို ကူမင်တန်ပါတီက တောက်လျှောက် အုပ်စိုးလာခဲ့ပေမယ့် ၁၉၉၆ ခုနှစ် မှာတော့ ပါတီစုံ ဒီမိုကရေစီစနစ်ကို စတင် ကျင့်သုံးလာပါတယ်။ မစ္စတာ ချန်ရွှီးဗျန်းဟာ ကူမင်တန် ပါတီဝင်မဟုတ်တဲ့ တိုးတက်သော ဒီမိုကရက်တစ်ပါတီကနေ ပထမဆုံးအကြိမ် ရွေးကောက်တင်မြောက်ခံခဲ့ရတဲ့ သမ္မတလည်း ဖြစ်ပါတယ်။

လက်ရှိသမ္မတ မာ့ရင်ကျောင်း ကတော့ ကူမင်တန်ပါတီက ဖြစ်ပြီး တရုတ်ပြည်မကြီးနဲ့ နီးစပ်တဲ့ ဆက်ဆံရေး မူဝါဒကို အဓိက လက်ကိုင်ထားသူ ဖြစ်ပါတယ်။ သမ္မတဟောင်း ချန် ကို နိုင်ငံရေးအရ အခုလို စီရင်ချက်ချခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို သမ္မတ မာ့ရင်ကျောင်းက ငြင်းဆိုထားပါတယ်။

ဒီအမှုနဲ့ပတ်သက်တဲ့ အချက်အလက် တော်တော်များများက နိုင်ငံတကာ ပြစ်တင်ဝေဖန်မှုတွေ ဖြစ်ပေါ်လာစေပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက မစ္စတာ ချန်ကို တရားစွဲခဲ့တဲ့ ထိုင်ပေ ခရိုင်ရုံးက တရားသူကြီး ၃ယောက်ကို တခြား တရားသူကြီးတွေနဲ့ အစားထိုး ခန့်အပ်လိုက်ပါတယ်။ တရားသူကြီး အသစ် ၃ ယောက်ကတော့ သဘောထားတင်းမာပြီး မစ္စတာချန် ကို အာမခံပေးဖို့ ငြင်းဆိုခဲ့ကြပါတယ်။ သမ္မတဟောင်း ချန်ရွှီဗျန်း ဟာ ၈ လ အကျဉ်းချခံရပြီးဖြစ်ပါတယ်။

XS
SM
MD
LG