သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန် ရွေးကောက်ပွဲ အကြိုရလဒ်တွေမှာ သမ္မတ ခါဇိုင်း အသာရနေဆဲ


အာဖဂနစ္စတန်နိုင်ငံရဲ့ သမ္မတ ရွေးကောက်ပွဲ မဲရေတွက်မှုတွေ အဆုံးသတ်ဖို့ နီးလာပေမဲ့ အကြိုထွက်ပေါ်လာတဲ့ အချေအတင် ဖြစ်စရာ မဲရလဒ်တွေမှာတော့ လက်ရှိသမ္မတ အသာရနေတာကို တွေ့ရပါတယ်။ သမ္မတ ဟာမစ် ခါဇိုင်း အနေနဲ့ ရွေးကောက်ပွဲ အောင်ပွဲဟာ တရားဝင်မှုရှိတယ်လို့ ပြောဆိုဖို့ ခက်ခဲနေဆဲဖြစ်သလို၊ သူ့ကိုစိန်ခေါ်နေတဲ့ အဓိက ပြိုင်ဖက်ကလည်း အလျှော့ပေးဖို့ အခုထိ အဆင်သင့် မဖြစ်သေးဘူးဆိုတဲ့အကြောင်း ဗွီအိုအေ သတင်းထောက် Steve Herman ရဲ့ သတင်းပေးပို့ချက်ကို ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်က နောက်ဆုံးထုတ်ပြန်လိုက်တဲ့ အကြိုမဲရလဒ်တွေ အရဆိုရင် လက်ရှိသမ္မတ ဟာမစ် ခါဇိုင်း က မဲအရေအတွက်ရဲ့ ၅၄ ရာခိုင်နှုန်းနဲ့ ထိပ်ဆုံးနေရာမှာ ခိုင်ခိုင်မာမာ ရနေဆဲပါ။ နိုင်ငံခြားရေးဝန်ကြီးဟောင်း အဗ္ဗဒူလာ အဗ္ဗဒူလာ ကတော့ ၂၈ ရာခိုင်နှုန်းနဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။ ဒါဟာဆိုရင် အခုအချိန်အထိ တရားဝင်မှုရှိတယ်လို့ ဆိုရမယ့် မဲအရေအတွက် ၅ ဒဿမ ၈ သန်းထဲက သမ္မတ ခါဇိုင်းက ၃ သန်း ရနေပြီး၊ သူ့ကို အဓိက စိန်ခေါ်နေတဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း ကတော့ အဲဒီ တဝက်လောက် ရထားတဲ့ သဘောပါ။ မဲအရေအတွက်အားလုံးရဲ့ ၉၅ ရာခိုင်နှုန်း လောက်အထိ ရေတွက်မှုတွေမှာ ကျန် ကိုယ်စားလှယ်လောင်းတွေကတော့ နောက်မှာ အပြတ်အသတ် ကျန်နေတာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ထွက်ပေါ်လာမယ့် ရလဒ်တွေအပေါ် ဆုံးဖြတ်ဖို့ဟာ စောလွန်းသေးတယ်လို့ မြို့တော် ကဘူးလ်မှာ ရှိနေတဲ့ ကုလသမဂ္ဂ ပြောခွင့်ရပုဂ္ဂိုလ် အလင်းမ် ဆဒိက် (Aleem Siddque) က ဗွီအိုအေ ကို ပြောပါတယ်။

“ပွဲကမပြီးသေးပါဘူး။ ဒီရွေးကောက်ပွဲမှာ နိုင်တဲ့သူ ဘယ်သူဆိုတာ အခုထိတော့ မပေါ်သေးပါဘူး။ ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကာလ အတွင်း တိုင်တန်းထားတဲ့ အမှုပေါင်းကလည်း ၂ ထောင်ကျော် ရှိပါတယ်။ ရွေးကောက်ပွဲ ရလဒ်တွေကို အပြီးသတ် မထုတ်ပြန်ခင်မှာ ဒီတိုင်တန်းချက်တွေကို ကျကျနန စစ်ဆေးမှုတွေ လုပ်ဖို့က မဖြစ်မနေလုပ်ရမယ့် ကိစ္စပါ။”

သဘောကတော့ အဆုံးအဖြတ်ပေးနိုင်မယ့် အချိန်ဟာ ရက်သတ္တပတ်၊ ဒါမှမဟုတ်ရင်လည်း လနဲ့ချီပြီး လိုဦးမယ်လို့ ဆိုတဲ့ သဘောပါ။ သြဂုတ်လ ၂၀ ရက်နေ့တုန်းက ရွေးကောက်ပွဲတွေအတွင်း စွပ်စွဲမှုတွေ ဖုံးလွှမ်းနေတာကို ဖြေရှင်းလို့ မပြီးခင် ရာထောင်ချီတဲ့ မဲတွေကို စစ်ဆေးမှုတွေနဲ့ ကုလသမဂ္ဂက ကျောထောက်နောက်ခံပေးထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ တိုင်ကြားရေး ကော်မရှင်အနေနဲ့ အချိန်ကုန်ကောင်း ကုန်နေရဦးမယ့် သဘောလည်း ဖြစ်ပါတယ်။ စံချိန်ကိုက်မဲတွေ ဖြစ်မဖြစ် စစ်ဆေးနေတဲ့ မဲရုံ အရေအတွက်ဟာ ၆၀၀ ကျော်ရှိနေရာက ၁,၀၀၀ ကျော် အထိ ဖြစ်သွားတဲ့ကိစ္စနဲ့ ပတ်သက်လို့ ရွေးကောက်ပွဲ ဆိုင်ရာ အကြီးအကဲ ဖြစ်တဲ့ ဒေါက်ဒ် အလီ နာဂျာဖီ (Daoud Ali Najafi) ကို ကဘူးလ်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း မေးမြန်းတဲ့ အခါမှာတော့ ရွေးကောက်ပွဲ ဆိုင်ရာ တိုင်ကြားရေး ကော်မရှင် (ECC) က ဒီလို ဆုံးဖြတ်ခဲ့တာဖြစ်ပြီးတော့၊ အာဖဂန်အစိုးရရဲ့ လွတ်လပ်တဲ့ ရွေးကောက်ပွဲ ကော်မရှင် (IEC) က သဘောတူခဲ့တာလို့ ဆိုပါ တယ်။

“လွတ်လပ်တဲ့ ရွေးကောက်ပွဲ ကော်မရှင် (IEC) နဲ့ တိုင်ကြားရေး ကော်မရှင် (ECC) တို့ နောက်တနေ့ မနက်မှာ တွေ့ဆုံဖို့ ရှိပြီးတော့ ဒီဆုံးဖြတ်ချက်ကို အကောင်အထည် ဖော်ဖို့လည်း ရှိနေပါတယ်။”

အပြီးသတ် မဲရေတွက်မှုတွေမှာ နှောင့်နှေးကြန့်ကြာလာနေတာနဲ့အမျှ၊ တာလီဘန် စစ်သွေးကြွတွေနဲ့ တအုံနွေးနွေး ဖြစ်နေ တဲ့ လူမျိုးရေး တင်းမာမှုတွေကြောင့် အကွဲအပြဲဖြစ်နေတဲ့ တိုင်းပြည်ရဲ့ တည်ငြိမ်မှုအတွက် စိုးရိမ်မှုတွေ လည်း ကြီးထွား လာ နေတာပါ။ လတ်တလော အခြေအနေအထိ အာဏာလက်ဝယ်ရှိနေတာကတော့ သမ္မတ ခါဇိုင်း ဖြစ်ပြီး သူဟာဆိုရင် အာဖဂန် နိုင်ငံက အကြီးဆုံးလူမျိုးစုဖြစ်တဲ့ ပတ်ရှ်တွန် လူမျိုးတွေရဲ့ ထောက်ခံမှုကို ရထားတာလည်း ဖြစ်ပါတယ်။ တာဂျစ်နဲ့ ပတ်ရှ်တွန် နွယ်ဖွား အဗ္ဗဒူလာ ကိုတော့ တာဂျစ်လူမျိုးတွေက ကျောထောက်နောက်ခံ ပေးထားတာပါ။ တကယ်လို့သာ ရွေးကောက်ပွဲဆိုင်ရာ တာဝန်ရှိသူတွေက အများစု ရရမယ့် မဲအရေအတွက်ထက် လျော့နည်းတဲ့အထိ မဲတွေကို တရားမဝင် ကြောင်း ဆုံးဖြတ်လိုက်မယ်ဆိုရင်တော့ သမ္မတ ခါဇိုင်း နဲ့ အဗ္ဗဒူလာ တို့ဟာ သမ္မတရွေးကောက်ပွဲအတွက် နောက်ထပ် တဦး ချင်း ယှဉ်ပြိုင်ကြရပါလိမ့်ဦးမယ်။ ဒါပေမဲ့ ဒီလိုလုပ်ဖို့ဟာ ဆိုရင်လည်း ဆောင်းဝင်လို့ နှင်းတွေ ထူထပ်တဲ့အခါ တချို့ဒေသ တွေမှာ သွားလာဖို့ မလွယ်ကူတော့တာမို့ ဒီမတိုင်မီ ဆောင်ရွက်ရမှာလည်း ဖြစ်ပါတယ်။

အာဖဂန်နိုင်ငံမှာ တာလီဘန်တွေကို ဖြုတ်ချခဲ့တဲ့ ၂၀၀၁ ခုနှစ် နှောင်းပိုင်းကစလို့ အဆိုးရွားဆုံး သွေးထွက်သံယို ပဋိပက္ခမှု တွေနဲ့ ကြုံနေရချိန်မှာ၊ အခုလို နိုင်ငံရေးအရ မရေရာမှုတွေလည်း ပေါ်ပေါက်လာတာပါ။ အာဖဂန်နဲ့ နိုင်ငံခြားတပ်ဖွဲ့ဝင်တွေ ကို ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့တဲ့ အူယူဇဂန် ပြည်နယ်ထဲမှာ လမ်းဘေးထောင် ဗုံးတလုံးကြောင့် ခရီးသည်တင်ကား ၂ စီး ကို ထိခိုက်ခဲ့ရပြီး အရပ်သား ၁၄ ယောက်အထိ သေဆုံးခဲ့တယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။ နောက်ထပ် ဒီလို ပေါက်ကွဲမှု တခုကြောင့် ကန်ဒါဟာ ပြည်နယ်ထဲမှာလည်း အရပ်သား ၆ ဦး သေဆုံးခဲ့တာပါ။ အဲဒီမှာပဲ တာလီဘန် အသေခံ ဗုံးခွဲသူတွေက အစိုးရထောက်လှမ်းရေး ရုံးတရုံးကို တိုက်ခိုက်ခဲ့လို့ ထောက်လှမ်းရေး ဝန်ထမ်းတဦး သေဆုံးခဲ့ပါသေးတယ်။

ကွန်ဒက်ဇ် ပြည်နယ်မြောက်ပိုင်းမှာတော့ အာဖဂန်နဲ့ ညွန့်ပေါင်း တပ်ဖွဲ့တွေက ညဖက်စီးနင်းတိုက်ခိုက်မှု တခုလုပ်ခဲ့လို့ ဗုံး လုပ်တဲ့ ပစ္စည်းတွေနဲ့ ပဲ့ထိန်းလက်ပစ်ဗုံးပစ် သေနတ်တွေ ပိုင်ဆိုင်ထားတဲ့ စစ်သွေးကြွ ၁၁ ယောက်ကို သုတ်သင် နိုင်ခဲ့တယ် လို့လည်း အမေရိကန် စစ်တပ်က ဆိုပါတယ်။ နိုင်ငံ အရှေ့ပိုင်းမှာ လမ်းဘေးထောင် ဗုံးတလုံး ပေါက်ကွဲခဲ့တဲ့အတွက် ကင်း လှည့်နေတဲ့ အမေရိကန် စစ်သည် ၂ ယောက်လည်း သေဆုံးခဲ့ပါသေးတယ်။

XS
SM
MD
LG