သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲဥပဒေ မထွက်ပေမဲ့ ကြိုတင် နိုင်ငံရေး လှုပ်ရှားမှုများ ရှိလာ


၂၀၁၀ ခုနှစ်မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲအတွက် အာဏာပိုင်တွေဘက်က တဘက်သတ် ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ စည်းရုံးလှုံ့ဆော်မှုတွေ လုပ်နေပေမဲ့ အခုချိန်ထိ ရွေးကောက်ပွဲ ဥပဒေတွေ ထုတ်ပြန်ခြင်း မရှိသေးတဲ့အပေါ် ရွေးကောက်ပွဲဝင်လိုတဲ့ နိုင်ငံရေး အင်အားစုတွေက အားမလို အားမရ ဖြစ်နေကြပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

စစ်အစိုးရက လမ်းပြမြေပုံအရ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲ အတည်ပြုပြီးပြီ ဖြစ်တဲ့အတွက် လာမယ့် ၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ တရားဝင် ထုတ်ပြန်ကြေညာထားပေမဲ့ အခုချိန်ထိ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေကို ထုတ်ပြန်ကြေညာခြင်း မရှိသေးတာ၊ နောက် ဘယ်အချိန်မှာ ရွေးကောက်ပွဲကို ကျင်းပမယ်ဆိုတာ တိတိကျကျ ထုတ်ဖော် ပြောဆိုခြင်း မရှိသေးတာတွေအပေါ် ရွေးကောက်ပွဲဝင်လိုတဲ့ နိုင်ငံရေး အင်အားစုတွေက အားမလို အားမရ ဖြစ်နေကြတာ ပါ။

ဒါပေမယ့် ရွေးကောက်ပွဲဥပဒေ ကြေညာမယ့်ရက်နဲ့ ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ဟာ သိပ်များများ ရလိမ့်မယ်လို့ မထင်တဲ့အတွက် သူတို့အနေနဲ့ အခုကတည်းက ပါတီဖွဲ့ပြီး ကြိုတင်ပြင်ဆင်မှုတွေ စတင်လုပ်ဆောင်နေတဲ့အကြောင်း ကိုယ်တိုင်လည်း နိုင်ငံရေးအကျဉ်းသားဟောင်း ဖြစ်ခဲ့ဖူးပြီး မကြာခင် ရက်ပိုင်းအတွင်းကမှ ဖွဲ့စည်းလိုက်တဲ့ ဒီမိုကရက်တစ် ပါတီ ဥက္ကဋ္ဌဖြစ်တဲ့ ဦးသုဝေက ဗွီအိုအေကို ပြောပြပါတယ်။

“ကျနော်တို့ ကြားနေတာတော့ ဒီအစိုးရကို ထောက်ခံတဲ့လူတွေက လာမယ့် ရွေးကောက်ပွဲမှာ ဝင်ဖို့အတွက် သူတို့ ပြင်ဆင် နေတာ ကြာလှပြီ။ ရပ်ကွက်တွေထဲ ဆင်းတယ်၊ သူတို့ကို ပြည်သူက အားပေးအောင် ထောက်ခံအောင်ဆိုပြီး အကူအညီ လေးတွေ လုပ်ပေးနေတယ်၊ အဲလို ကြားနေတာပေါ့။ ကျနော်တို့ တွက်တာကလည်း ရွေးကောက်ပွဲ ဥပဒေဆိုတာ အခုလည်း မထွက်သေးဘူး။ ဘယ်တော့ထွက်မလဲ ဆိုတာလည်း မသိသေးဘူး။ ရွေးကောက်ပွဲကို ဘယ်အချိန်မှာ ကျင်းပမယ် ဆိုတာ လည်း မသိသေးဘူး။

“ဒါပေမဲ့ ရွေးကောက်ပွဲ ဥပဒေထွက်မှာနဲ့ ရွေးကောက်ပွဲ ကျင်းပမယ့် အချိန်ဟာ သိပ်များများရမယ်လို့ ကျနော်တို့ မထင် ဘူး။ အဲဒါကြောင့် ကျနော်တို့က ဥပဒေ မထွက်သေးသော်လည်း စပြီး ကိုယ့်ဟာကို စည်းရုံးတာပေါ့။ ဒါ ကိုယ့်ဟာကို စည်းရုံးတယ်ဆိုတာ စွန့်ပြီး လုပ်ရတာပဲ။ ကျနော်တို့က ဥပဒေအရလုပ်တာ မဟုတ်ဘူး။ ကျနော်တို့ကို အရေးယူချင်လည်း ယူမှာပဲ။ ဒါပေမယ့် ဘောင်ထဲက လွတ်အောင်တော့ မလုပ်ဘူး၊ သိုသိုသိပ်သိပ်ကလေး လုပ်မယ်၊ အဲဒီလိုမှ အရေးယူရင် လည်း ဘယ်တတ်နိုင်မလဲ၊ ဒီလောက်မှ မစွန့်ရင် ရွေးကောက်ပွဲမှာ ဝင်ပြိုင်လို့ သိပ်ထူးမှာမဟုတ်ဘူး၊ မပြင်ဆင်ဘဲ ဝင်ပြိုင် ရင် အလကားဖြစ်မှာပေါ့၊ အဲဒါကြောင့် စွန့်ပြီး ပြင်ဆင်ရမှာပဲ၊ အရေးယူရင်လည်း မတတ်နိုင်ဘူးဆိုပြီး ကျနော်တို့ လုပ်တာ ပါ။”

ဒါပေမယ့် ပြီးခဲ့တဲ့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရပြီး အစိုးရဖွဲ့ခွင့် မရခဲ့တဲ့ အဓိက အတိုက်အခံပါတီဖြစ်တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မပါဘဲ ဒီရွေးကောက်ပွဲက တရားဝင်မှု ရှိနိုင်ပါ့မလား၊ NLD ပါတီက ဒီရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်၊ မပြိုင်ဘူး အတိအကျ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးတဲ့အချိန်မှာ အခုလို ပါတီသစ်ဖွဲ့စည်းပြီး ရွေးကောက်ပွဲမှာ ဝင်ယှဉ်ပြိုင်ဖို့ သင့်မသင့် ဦးသုဝေကို မေးကြည့်ခဲ့ပါတယ်။

“၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတုန်းကတော့ NLD ကို လူထုက ရွေးကောက်တင်မြှောက်လိုက်တာပေါ့။ ရွေးကောက် တင်မြှောက်လိုက်တော့ လူထုက Mandate ပေးလိုက်တာပဲ၊ သူတို့အတွက် တာဝန်ယူဖို့ ဆိုပြီးတော့။ ဒါပေမဲ့ အခုက အနှစ် ၂၀ ကျော်သွားပြီလေ။ အနှစ် ၂၀ ကျော်သွားပြီဆိုတော့ အပြောင်းအလဲတခု ဖြစ်ဖို့လိုပြီလို့ ကျနော်တို့က ထင်တာ။ အဲဒါကြောင့် အဲဒီ အပြောင်းအလဲအတွက် အစိုးရကလည်း ရွေးကောက်ပွဲ ကျင်းပပေးမယ် ဆိုတဲ့အခါကျတော့ ဒါ နိုင်ငံတော် ရဲ့ သမိုင်း အကွေ့အပြောင်းတခုကို ရောက်လာပြီ၊ ရောက်လာရင် ကျနော်တို့လည်း ဒီထဲမှာ ဝင်ပါပြီး လုပ်မယ်ဆိုရင်ဖြင့် ပြည်သူလူထုအတွက် တစုံတရာတော့ လုပ်ပေးနိုင်လိမ့်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျနော်တို့က ရွေးကောက်ပွဲဝင်မယ်လို့ ပြောတာပါ။”

စစ်အစိုးရက ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ပါတီကို အာဏာလွှဲပြောင်းပေးခဲ့ခြင်း မရှိသလို အခုကျင်းပမယ့် ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ပါတီကို တကယ် အာဏာလွှဲပြောင်းပေးမယ် ဆိုတာတော့ ယတိပြတ် မပြောနိုင်ပါဘူး။ ဒါပေမဲ့ စစ်အစိုးရအနေနဲ့ သူ့ဘက်က ကြိုတင်ပြင်ဆင်စရာ ရှိတာတွေ ပြင်ဆင်ပြီးသား ဖြစ်နေတဲ့အတွက် အခုတကြိမ်မှာတော့ အနိုင်ရပါတီကို အာဏာလွှဲပြောင်း ပေးလိမ့်မယ်လို့ သူ့အနေနဲ့ မျှော်လင့်တဲ့အကြောင်း ဦးသုဝေက ပြောပါတယ်။

“၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတုန်းက အခြေအနေက ဒီ တပ်မတော်အစိုးရဟာ သူတို့ရဲ့ လုံခြုံရေးကို ပြင်ဆင်ထားတာ မရှိဘူး။ တပ်မတော်အစိုးရ ဆိုသည်မှာ ပြည်သူလူထုကို ဂရုမစိုက်ဘဲ လုပ်နိုင်တဲ့ အစိုးရမျိုးဆိုတော့ သူတို့က အများကြီး အမှားတွေ လုပ်ခဲ့တယ်။ အဲလို အမှားတွေလုပ်ခဲ့တော့ အကယ်၍များ အခြားအစိုးရတခု တက်လာပြီးတော့ သူတို့မှာ လုံခြုံမှု လုပ်မထားရင် သူတို့ရဲ့ နောက်ကြောင်းကို စိုးရိမ်ရတယ်။

“အခုအခြေအနေကြတော့ သူတို့က ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ဒီအစိုးရဟာ အင်မတန်ကို လုံလုံခြုံခြုံ လုပ်ထားပြီးပြီ။ ဘယ်သူကပဲ ရွေးကောက်ပွဲမှာ နိုင်နိုင် သူတို့ကို အန္တရာယ်ပြုနိုင်တဲ့ အခြေအနေ မရှိတော့ဘူး။ အဲဒါကြောင့် ဒီရွေးကောက်ပွဲမှာ အနိုင်ရရှိလာမယ့် ဘယ်သူ့ကိုမဆို သူတို့ အာဏာလွှဲပေးမှာပဲ။ ဒါပေမယ့် ဘယ်သူမဆိုလို့ ဆိုရာမှာလည်း သူတို့လည်း အများကြီးရအောင် ကြိုးစားနေတာပဲ။ အဲဒါကြောင့် ၂၀၁၀ ရွေးကောက်ပွဲ ပြီးသွားရင်တော့ ရွေးကောက်ပွဲ ရလဒ်အတိုင်း သူတို့ ကျင့်သုံးလိမ့်မယ်လို့ ကျနော်တော့ မျှော်မှန်းပါတယ်။”

အခုချိန်ထိ နိုင်ငံရေးပါတီများ ဖွဲ့စည်းခွင့် ဥပဒေ မထွက်သေးတော့ တရားဝင် နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ရှိနေတဲ့ အဓိက နိုင်ငံရေးပါတီတွေကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တစည တိုင်းရင်းသား စည်းလုံးညွတ်ရေးပါတီတွေ ဖြစ်ကြပေမဲ့ တစညပါတီကတော့ စစ်အစိုးရရဲ့ ကျောထောက်နောက်ခံ ပေးမှုတွေနဲ့ အခုချိန်မှာ ၂၀၁၀ ရွေးကောက်ပွဲ အတွက် မဲဆွယ်စည်းရုံးမှုတွေ လုပ်ခွင့်ရနေပြီး NLD ကတော့ အဲဒီအခွင့်အရေးတွေ မရတဲ့အပြင် ပါတီရုံးအများစု ပိတ်ထားခံ ရတဲ့အတွက် ရုံးတွေ ပြန်ဖွင့်ခွင့်ပေးဖို့ အာဏာပိုင်တွေထံ အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG