သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်ရွေးကောက်ပွဲ သမ္မတကာဇိုင်း အသာစီးရနေ


အာဖဂန်နိုင်ငံ သီးခြားလွတ်လပ်တဲ့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ကနဦး ရွေးကောက်ပွဲ ရလဒ်တွေအရ လက်ရှိသမ္မတ ဟာမစ် ကာဇိုင်း (Hamid Karzai) က မဲအရေအတွက် စုစုပေါင်း ၅၄% ရနေပေမယ့် မဲမသမာမှုတွေကို စုံစမ်းစစ်ဆေးမှုတွေ ပြီးဆုံးမှပဲ ဒါကို အတည်ပြုနိုင်မယ်လို့ ပြောပါတယ်။

အစိုးရက ဖွဲ့ပေးထားတဲ့ လွတ်လပ်တဲ့ ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲရဲ့ ကနဦး မဲရလဒ်တွေကို ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ခဲ့ပြီး မဲပေးသူ အရေအတွက် စုစုပေါင်း ၃၈% ရှိတယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲ ကော်မရှင် အကြီးအကဲ ဒါယွတ်ဒ် အလီ နာဂျာဖီ (Daoud Ali Najafi) က မစ္စတာကာဇိုင်းက မဲအရေအတွက် စုစုပေါင်း ၃,၀၉၀,၀၀၀ ကျော်ရပြီး ၅၇% ရရှိခဲ့ပါတယ်။ ဒါဟာ ရွေးကောက်ပွဲ နောက်တကျော့ကို ရှောင်ရှားနိုင်ဖို့အတွက် ရရှိရမယ့် မဲ ၅၀% ထက် ပိုများပါတယ်။

အဓိကပြိုင်ဘက်ဖြစ်တဲ့ အဗ္ဗဒူလာ အဗ္ဗဒူလာ (Abdullah Abdullah) ကတော့ မဲအရေအတွက် ၁,၅၀၀,၀၀၀ ကျော်ကို ရရှိပြီး ၂၇% ပဲ ရခဲ့ပါတယ်။

ပြီးခဲ့တဲ့လ သမ္မတရွေးကောက်ပွဲမှာ သံသယဖြစ်စရာရှိတဲ့ မဲအရေအတွက် ၁,၅၀၀,၀၀၀ ကျော်ကို ပြန်ရေတွက်ခဲ့တယ်လို့လည်း ဥရောပသမဂ္ဂရဲ့ အာဖဂန်နိုင်ငံ ရွေးကောက်ပွဲကို လေ့လာရေး ကော်မရှင်အဖွဲ့က ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ ပြောကြားလိုက်ပါတယ်။

ကုလသမဂ္ဂက ကျောထောက်နောက်ခံ ပေးထားတဲ့ ရွေးကောက်ပွဲ အငြင်းပွားမှုဆိုင်ရာ ကော်မရှင်က အတည်မပြုမခြင်း ဒီမဲရလဒ်တွေက အတည်မဖြစ်သေးပါဘူး။ ဒီကော်မရှင်က မဲအရေအတွက် တစိတ်တပိုင်းကို ရေတွက်ဖို့ အမိန့်ပေးခဲ့ပြီး တရားဝင် မဲအရေအတွက် ရလဒ်တွေ ထွက်ပေါ်လာဖို့တော့ သီတင်းပတ်အနည်းငယ် စောင့်ရဦးမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG