သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်အယူခံမှု အောက်တိုဘာ ၂ ရက် စီရင်ချက်ချမည်


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောင်ဒဏ်သုံးနှစ် ပြစ်ဒဏ်ချမှတ်ထားတာကို အယူခံဝင် ထားတာမှာ ဒီကနေ့ ရန်ကုန်တိုင်းတရားရုံးမှာ နှစ်ဘက်ရှေ့နေတွေ လျှောက်လဲချက်ပေးခဲ့ကြပါတယ်။ အဲဒီနောက် အမိန့် ချမှတ်ဖို့အတွက် အောက်တိုဘာလ ၂ ရက်နေ့ကို ရုံးချိန်းပေးလိုက်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင် ရှေ့နေတဦးက ပြောပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ဝိုင်းတော်သားကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်း ထားပါတယ်။

စက်တင်ဘာလ ၁၈ ရက်နေ့ မနက် ၁၀ နာရီကစပြီး ရန်ကုန်တိုင်းတရားရုံးမှာ နှစ်ဘက်ရှေ့နေတွေ လျှောက်လဲချက် ပေးခဲ့ ကြပြီးတော့ အောက်တိုဘာလ ၂ ရက်နေ့မှာ ဆုံးဖြတ်ချက်ချဖို့ တရားရုံးက ရုံးချိန်းပေးလိုက်တယ်လို့ အကျိုးဆောင် ရှေ့နေ တဦးဖြစ်သူ ဦးဉာဏ်ဝင်းက ဗွီအိုအေကိုပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အတွက် အယူခံကို ရှေ့နေကြီးဦးကြည်ဝင်းက လျှောက်လဲချက်ပေးခဲ့ပြီး ဒေါ်ခင်ခင်ဝင်းနဲ့ မဝင်းမမ တို့အတွက် ရှေ့နေ ဦးလှမျိုးမြင့်က လျှောက်လဲချက်ပေးခဲ့သလို တဘက် အစိုးရရှေ့နေတွေကလည်း ပြန်လှန် လျှောက်လဲချက်တွေ ပေးခဲ့ကြပါတယ်။

"အားလုံးပြီးသွားတဲ့အချိန်က ၃ နာရီခွဲ ဝန်းကျင်ရှိပါပြီး ၃ နာရီခွဲဝန်းကျင်အချိန်မှာ တရားရုံးက ဒီအမှုတွေကို အမိန့်ချမှတ်ဖို့ ဆိုပြီး အောက်တိုဘာလ ၂ ရက်နေ့ ၁၀ နာရီကို ရုံးချိန်းပေးလိုက်ပါတယ်။"

အကျိုးဆောင်ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်းပါ။

ပုံမှန်အားဖြင့်တော့ အဲဒီလို သတ်မှတ်ပေးလိုက်တဲ့ ရုံးချိန်းနေ့မှာ ဆုံးဖြတ်ချက် ထွက်တတ်ပေမဲ့ တရားရုံးရဲ့ အဆင်သင့် ဖြစ်မှုပေါ် မူတည်ပြီး မထွက်တာတွေလည်းရှိတယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

ဒီကနေ့ လျှောက်လဲချက်ပေးခဲ့တဲ့အပေါ် အပြည့်အဝကျေနပ်မှုရှိပြီး တရားဥပဒေအတိုင်း အစီရင်ခံရမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာလိမ့်မယ်လို့ အကျိုးဆောင်ရှေ့နေတွေက မျှော်လင့်ထားပါတယ်။

"ကျနော် လုံး၀ ကျေနပ်တယ်။ ဆရာ ဦးကြည်ဝင်းက ပြောသင့်ပြောထိုက်တဲ့ ဥပဒေဆိုင်ရာ အချက်အလက်၊ မှတ်ယူထိုက်တဲ့ ဥပဒေဆိုင်ရာ သဘောတရားတွေ ရှိသမျှအားလုံးကို အကောင်းဆုံး ပြောပြသွားနိုင်တယ်။ ရုံးကို လျှောက်လဲသွားနိုင်တယ် လို့ ကျနော် အဲဒီလို လက်ခံထားပါတယ်။ နိုင်ငံရေး ပယောဂ မပါဘူး၊ တရားဥပဒေစိုးမိုးမှု ရှုထောင့်သက်သက်ကနေ စီရင်မှုရမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် လုံး၀ လွတ်မြောက်မယ်လို့ ကျနော်တို့ မျှော်လင့်ထားပါတယ်။"

အယူခံလွှာလျှောက်လဲချက်ကို ကြားနာခဲ့တဲ့ တရားရုံးပတ်ဝန်းကျင်တဝိုက် အရင်ရက်တွေကထက် ထူးထူးခြားခြား လုံခြုံရေး တွေချထားပြီး ကြားနာပွဲလုပ်တဲ့ တိုင်းတရားရုံးထဲကိုလည်း ဝင်ခွင့်မရသလို စစ်ဆေးတာတွေလည်းရှိတယ်လို့ ကိုယ်တိုင် သွားရောက်ခဲ့သူတဦးက ဗွီအိုအေကို ပြောပြပါတယ်။

"လုံခြုံရေးတွေကတော့ အများကြီးပဲ။ ပြည့်နေတာပဲ ခါတိုင်းနဲ့မတူဘူး။ အဝင်အထွက်တွေတောင် တော်တော်ကျပ်တယ်။ ခါတိုင်းဆိုရင် ဒီမှာက သိပ်မရှိဘူးလေ။ ရဲတွေဘာတွေ မရှိဘူး။ အခုဆိုရင် ရဲကားတွေကလည်း ပြည့်နေတာပဲ။ ဟိုဘက် သုံးလေးစီး၊ ဒီဘက် သုံးလေးစီးနဲ့လေ။ ရဲကားချည်းပဲ ၁၅ စီးလောက် ရှိတယ်။ သွားရလာရတာ အဆင်မပြေဘူး။ ဒီမှာ လာကြည့်တဲ့သူတွေလည်း အတော်များတယ်။ စိတ်ဝင်စားကြတာပေါ့နော်၊ ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့။ သူတို့ အခု တော်တော် စစ်တယ်။ ခါတိုင်းဆိုရင် ဘယ်ရုံးသွားမှာလဲ ဆိုတာမျိုး မစစ်ဘူး။ အခု တော်တော် စစ်တယ်။ တိုင်းရုံးဆိုရင် ဝင်လို့မရဘူး။"

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အယူခံလွှာ လျှောက်လဲချက်ကို တရားရံုံးက ကြားနာတဲ့နေ့ မတိုင်ခင်ညမှာပဲ အကျဉ်းသား ၇,၀၀၀ ကျော်ကို လွှတ်ပေးမယ်လို့ မြန်မာအာဏာပိုင်တွေက ကြေညာခဲ့ပြီးတော့ ကြားနာပွဲလုပ်တဲ့ ဒီကနေ့နဲ့ တိုက်တိုက်ဆိုင်ဆိုင် အကျဉ်းသားတွေ စပြီး လွှတ်ပေးခဲ့ပါတယ်။ ဒီကနေ့မှာ စုစုပေါင်း အကျဉ်းသားအရေအတွက် ဘယ်လောက် လွှတ်ပေးခဲ့တယ် ဆိုတာ တိတိကျကျ မသိရသေးဘဲ လွှတ်ပေးသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသား အယောက် ၄၀ ပတ်ဝန်းကျင်ပါတယ် လို့တော့ သတင်းရင်းမြစ်အသီးသီးကနေ ပြောပြချက်တွေအရ သိထားရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD လွှတ်တော်ကိုယ်စားလှယ်တွေ အပါအဝင် အကျဉ်းကျသူတွေ လွတ်မြောက်လာတာကို ဝမ်းသာကြိုဆိုပေမဲ့ မြန်မာ့နိုင်ငံရေး ပြောင်းလဲမှုဖြစ်စဉ်မှာ အားလုံးပါဝင်နိုင်ဖို့ဆိုရင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ဖို့လိုတယ်လို့ NLD ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်တဲ့ ဦးဉာဏ်ဝင်းက ပြောပါ တယ်။

"အဲန်အယ်လ်ဒီပဲ ဖြစ်ဖြစ်၊ သာမန် ရာဇဝတ်သားပဲဖြစ်ဖြစ်၊ ဘယ်လိုအကျဉ်းသားပဲ ဖြစ်ဖြစ် အကျဉ်းထောင်က လွှတ်တာကို ကျနော် ကြိုဆိုပါတယ်။ အခု ကျနော်တို့ အဲန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်တွေ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ် သော အဖွဲ့ဝင်တွေ လွတ်မြောက်လာတာကို အရမ်းဝမ်းသာပါတယ်။ ဒါပေမယ့် အခု ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအရ ၂၀၁၀ ရွေးကောက်ပွဲကြီး အောင်အောင်မြင်မြင်အဖြစ် အများပြည်သူ အကုန်လုံး ကျေကျေနပ်နပ်ဖြစ်၊ အားလုံး ပါဝင်နိုင်ဖို့ဆိုရင် နိုင်ငံရေးအကျဉ်းသားအားလုံး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လွတ်မြောက်ဖို့ လိုတယ်လို့ ကျနော် အဲဒီလို မြင်ပါတယ်။"

NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းပြောခဲ့တာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG