သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် လွှတ်ပေးတာ မဖြစ်နိုင်


မြန်မာစစ်အစိုးရ ကြေညာထားတဲ့အတိုင်း အကျဉ်းထောင်အသီးသီးကနေ အကျဉ်းသားတွေကို မြန်မာစစ်အစိုးရက ဒီကနေ့ စပြီး တချို့ ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒီအထဲမှာ မြန်မာစစ်အစိုးရက နိုင်ငံရေးအကျဉ်းသားတချို့ကိုလည်း ပြန်လွှတ်ပေးခဲ့ တယ်ဆိုတော့ ဒါကို ကြိုဆိုသင့်ပါသလား။ ဒါဟာ မြန်မာ့နိုင်ငံရေး ပြန်လည်သင့်မြတ်ဖို့အတွက်ရော အထောက်အကူ ပြုနိုင် ပါသလား။ ဦးကျော်ဇံသာက သုံးသပ်တင်ပြထားပါတယ်။

ဟုတ်ပါတယ်။ ဒါဟာ သတင်းကောင်းတပုဒ်ဖြစ်ပါတယ်။ အချုပ်အနှောင်ထဲက လွတ်လာတယ်ဆိုတာဟာ ဘယ်သူပဲ လွတ်လာ လွတ်လာ အင်မတန် ကောင်းပါတယ်။ ကြိုဆိုသင့်ပါတယ်။ ကြိုဆိုအပ်ပါတယ်။ ဒါပေမဲ့ ဒါဟာ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် အထောက်အကူပြုတဲ့ဖြစ်ရပ်လို့ ယူဆနိုင်သလား ဆိုရင်တော့ မယူဆနိုင်ဘူးလို့ပဲ ပြောရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ လွှတ်ပေးတဲ့အာဏာပိုင်တွေ ကိုယ်တိုင်က ဒါဟာ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ရည်ရွယ်ချက်နဲ့ လွှတ်တယ်ဆိုတာကို တခွန်းမှ ပြောမထားပါဘူး။ ဒါ့အပြင် လွှတ်ပေးတဲ့သူတွေကို နိုင်ငံရေးအကျဉ်းသားတွေ မဟုတ်ဘူး။ သူတို့ဟာ လုံခြုံရေး ဥပဒေ ချိုးဖောက်သူတွေလို့သာ ပြောထားတာ တွေ့ရပါတယ်။ လွှတ်ပေးနေတဲ့ တချိန် တည်းမှာလည်း ဖမ်းဆီးမှုတွေလည်း ဆက်လက်ရှိနေဆဲ ဖြစ်ပါတယ်။ မနေ့ကပဲ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အတွက် စည်းရုံးရေးဆောင်ရွက်တဲ့သူတွေ၊ သံဃာတော်တွေ နဲ့ နိုင်ငံရေးစိတ်ဝင်စားသူတွေကို ဖမ်းဆီးခဲ့တာ တွေ့ရပါတယ်။ ဒါကြောင့် နိုင်ငံရေးအရ ဖမ်းဆီးမှုတွေက ဆက်လက်ရှိနေဦးမယ်လို့ ယူဆရပါတယ်။

အခုလွှတ်တဲ့အထဲမှာက တချိန်တုန်းက စစ်ထောက်လှမ်းရေးမှာ ပါဝင်ထမ်းဆောင်ခဲ့တဲ့သူတွေ၊ စစ်ထောက်လှမ်းရေးနဲ့ ပါဝင် ပတ်သက်သူတွေ အများအပြား ပါဝင်တယ်လို့လည်း သတင်းရရှိပါတယ်။ ဆိုတော့ တချို့လူတွေက ဒါကို ကြည့်ပြီး တော့ ဒီလွတ်ငြိမ်းချမ်းသာခွင့်ဟာ သူတို့ရဲ့ စစ်သားအချင်းချင်း လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့သဘော ပိုဆောင်တယ်လို့ တောင် ပြောနေကြတာ ရှိပါတယ်။

ထူးခြားတာ တခုကတော့ သူတို့ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာတဲ့အထဲမှာ နိုင်ငံသားအကျဉ်းသားများ ကိုဆိုပြီးတော့ သူတို့ ပြောထားတာ တွေ့ရပါတယ်။ နိုင်ငံသားအကျဉ်းသား ဆိုတာ ဘာကိုဆိုလိုသလဲ။ လွတ်ပေးသင့်လျက်သားနဲ့ မလွတ်ပေးနိုင်တဲ့လူတချို့ကို နိုင်ငံသားမဟုတ်လို့ သူတို့ မလွှတ်ပေးနိုင်သလိုလို၊ တည့်တည့်ပြောရရင် ဒေါ်အောင်ဆန်းစုကြည်ကို အကြောင်းအမျိုးမျိုးပြပြီး ထိန်းသိမ်းဖမ်းဆီးထားခဲ့တာ ကြာခဲ့ပါပြီ။ အခုဆိုရင် လွှတ်ပေးရမယ့် အချိန် တကယ်ပဲ ရောက်နေပါပြီ။ ဒီအချိန်မှာ သူတို့ မလွှတ်ပေးဘူး။ ဆိုတော့ အခုလွှတ်ပေးတဲ့သူတွေက နိုင်ငံသား အကျဉ်းသားတွေ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံသားမဟုတ်လို့များလား၊ အဲဒီလိုမျိုး ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်ထားတယ်လို့လည်း ယူဆနိုင်ပါတယ်။ အဲဒီလိုသာ မှန်ခဲ့မယ်ဆိုရင်တော့ အခုလုပ်ရပ်ဟာ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် အထောက်အပံ့ မဖြစ်ရုံသာမက အမျိုးသားပြန်လည်သင့်မြတ်ရေးကို ပိုမိုအလှမ်းဝေးစေ လိမ့်မယ်လို့တောင် ယူဆနိုင်ပါတယ်။

ဒါဆိုရင် စစ်အစိုးရက ဘာကြောင့်လွှတ်ပေးခဲ့တာပါလဲ။ -

ဘာကြောင့် လွှတ်ပေးသလဲဆိုတာကတော့ ရှင်းနေပါတယ်။ ပထမတချက်ကတော့ ဒီနေ့ဟာ နအဖ၊ နဝတ အစိုးရ အာဏာ သိမ်းပြီးတော့ အာဏာတက်လာတာ (၂၁) နှစ်ပြည့်မြောက်တဲ့ နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။ အဲဒီနေ့မှာ သူတို့နေ့ကို အထိမ်းအမှတ်ပြုချင်၍လည်းကောင်း လွှတ်ပေးတာ ဖြစ်ပါလိမ့်မယ်။ နောက်တချက်ကလည်း စစ်အစိုးရရဲ့ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်ဟာ မကြာခင် ကျင်းပဖို့ရှိတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံကို လာတက်မယ်ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။ တကယ်လို့သာ ဗိုလ်ချုပ်ကြီး သိန်းစိန် လာခဲ့ရင် သူဟာ ပြည်ပဖိအားတွေ၊ မေးမြန်းချက်တွေ၊ နိုင်ငံရေး အကျဉ်းသားတွေကို ဖမ်းဆီးထိန်းသိမ်းထားတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ဖိအားတွေ အပြင်းအထန် ပေးခံရဖွယ် ရှိပါတယ်။ ဆိုတော့ အဲဒီခရီးမတိုင်ခင် အခုလို လွှတ်ပြခဲ့တဲ့အတွက် - ကျနော်တို့ဟာ လွှတ်နေဆဲ ဖြစ်ပါတယ်၊ - ဆိုတာမျိုး အကြောင်းပြစရာ ပိုရလာမယ်။ ပြောစရာရအောင် လွှတ်ပေးတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ဒါဆိုရင် နိုင်ငံရေးအကျဉ်းသား မဟုတ်ဘဲနဲ့ မအိမ့်ခိုင်ဦး တို့လို သတင်းသမားတွေ ပြန်လွတ်လာတဲ့အတွက်ရော သတင်းသမားတွေ အနေနဲ့ ကြိုဆိုသင့်ပါသလား။ -

ဒီလိုလွှတ်ပေးတာ အင်မတန်ကောင်းပါတယ်။ သတင်းသမားတဦးအနေနဲ့ ကြိုဆိုပါတယ်။ မအိမ့်ခိုင်ဦး နဲ့ ကိုကျော်ကျော်သန့် တို့အပြင် တခြားသူတွေကိုလည်း အများကြီး လွှတ်ပေးဖို့လိုအပ်ပါတယ်။ ဒီလူတွေဟာ နိုင်ငံရေး လုပ်ကြ တာလည်း မဟုတ်ပါဘူး။ အဖြစ်မှန်ကို အများပြည်သူသိအောင် သတင်းသမားပီပီ တာဝန် ထမ်းဆောင်ခဲ့သူတွေသာ ဖြစ်ပါ တယ်။ အခု လွှတ်ပေးတာအပြင် တချို့လူတွေ၊ ဥပမာ ကိုအောင်ကျော်ဆန်း ဆိုရင် သူဟာ စာနယ်ဇင်းသမားတဦး လည်း ဖြစ်တယ်၊ ဒုက္ခရောက်တဲ့ ဒုက္ခသည်တွေကို ကိုယ်တိုင်ကိုယ်ကျ ကူညီခဲ့တယ်။ မသဂြုႋဟ်နိုင်တဲ့ အလောင်းတွေကို ကိုယ်တိုင် ထမ်းပြီးတော့ သဂြုႋဟ်ပေးခဲ့သူတဦးလည်း ဖြစ်ပါတယ်။ အဲဒီလိုလူတွေ၊ ပြီးတော့ ကိုဇာဂနာတို့လို ထိထိရောက်ရောက် အကူအညီပေးခဲ့တဲ့သူတွေက အခုထိ လွတ်လာတာ မတွေ့ရသေးပါဘူး။ ဆိုတော့ သတင်းသမားတွေ လွတ်တာဟာ ကောင်းပေမဲ့လည်း အခုလို လွှတ်ပေးနေတာဟာ သတင်းလွတ်လပ်ခွင့် အတွက် အထောက်အကူ ပြုနိုင်သော အပြုအမူလို့ ဆိုဖို့ကတော့ အင်မတန် ခက်နေသေးတယ်လို့ ပြောရပါလိမ့်မယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG