သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွှတ်တဲ့အထဲ စစ်တပ်အရာရှိဟောင်းတွေ ပါဝင်


မြန်မာစစ်အစိုးရက ပြန်လွှတ်ပေးခဲ့တဲ့ အကျဉ်းသား ၇၀၀၀ကျော်ထဲမှာ လုံခြုံရေးအရ ထိန်းသိမ်းထားသူ ၂၅၀ ပါဝင် တယ်လို့ အကျဉ်းဦးစီးဌာန ညွန်ကြားရေးမှုးချုပ်က ပြောခဲ့ပေမဲ့ အခုအချိန်အထိတော့ နိုင်ငံရေးအကျဉ်းသား ၁၃၀ လောက် ပဲ လွတ်မြောက်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး လှုပ်ရှားသူတွေက ပြောပါတယ်။ အခု လွတ်တဲ့အထဲမှာ အရင် ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့အတူ ဖမ်းဆီးထောင်ချခံရသူတွေ အတော်များများ ပါဝင်တယ်လို့လည်း သိရပါတယ်။ အကြောင်းစုံ ဆက်သွယ်မေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးပါတယ်။

အခု လွတ်တဲ့အထဲမှာ နိုင်ငံတော်လုံခြုံရေးအရ ထိန်းသိမ်းထားသူ ၂၅၀ ပါဝင်မယ်လို့ အကျဉ်းဦးစီး ညွန်ချုပ်က ပြောခဲ့လို ဟိုလူပါနိုးနိုး ဒီလူ ပါနိုးနိုးနဲ့ သတင်းတွေက အမျိုးမျိုးထွက်နေပါတယ်။ ဒါပေမဲ့ နောက်ဆုံး အတည်ပြုရတဲ့အထဲမှာတော့ AAPP နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေး အသင်းအဆိုအရ နိုင်ငံရေးအကျဉ်းသား ၁၁၅ဦးပဲ ရှိပါသေး တယ်။ အချို့ နယ်ထောင်တွေက လွှတ်ကြတော့ လွတ်တယ်လို့သာ သတင်းကြားတယ်၊ သက်ဆိုင်ရာ မိသားစုအိမ်တွေဆီကို ရောက်မလာကြသေးပါဘူး။ သက်ဆိုင်ရာကလည်း ဒီလူ ဒီလူ လွတ်တယ်ဆိုတာ မိသားစုတွေကို အကြောင်းကြားတာမျိုး လည်း မရှိပါဘူး။ မိသားစုဝင်တွေကပဲ ထောင်တွေဆီ လှမ်းဆက်သွယ်တာတို့၊ သက်ဆိုင်ရာ အာဏာပိုင်တွေဆီ ဆက်သွယ် သတင်းမေးနေကြပါတယ်။ အခု လွတ်မြောက်လာတဲ့ အရေအတွက်နဲ့ ပတ်သက်လို့တော့ အေအေပီပီ နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း အတွင်းရေးမှုး ကိုတိတ်နိုင်က ဗွီအိုအေကို အခုလို ပြောပါတယ်။

“ကျွန်တော်တို့ ဒီနေ့အထိ အတည်ပြုလို့ရတာကတော့ ၁၁၁ ဦးက အတည်ပြုလို့ရတယ်။ အတည်မပြုရသေးတာကတော့ ၂၀ကျော်ကျော် ကျန်ပါသေးတယ်။”

ဘယ်လို အတည်မပြုနိုင်တာလဲခင်ဗျ။

“အဓိက က မုံရွာက ၃ဦး ကျန်တယ်။ နောက်တခါ ရခိုင်ပြည်နယ်ဘက်က ထောင်တွေထဲမှာ ၂၀ လောက်ကျန်ပါတယ်။ အဲဒါတွေက ကျွန်တော်တို့က လွတ်မှန်းတော့ သိတယ်။ သို့ပေမဲ့ ဘယ်သူတွေလဲ ဆိုတာကို အတည်မပြုနိုင်တဲ့ ကိစ္စတွေ ရှိနေလို့ ဒီအတိုင်း ထားထားတာပါ။”

အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပြောသွားတဲ့အထဲမှာ လုံခြုံရေးအရ ဖမ်းဆီးထိန်းသိမ်းထားတဲ့သူတွေ အခု လွှတ်တဲ့ အထဲမှာ ၂၅၀လောက်ပါမယ်လို့ ပြောပါတယ်။ အခုဆိုရင် တဝက်လောက်ပဲ ဖြစ်နေတော့ ဒါဟာ ဘယ်လို ဖြစ်တာလဲခင်ဗျ။

“ကျွန်တော်တို့ အခု လွတ်လာတဲ့သူတွေကို ပြန်လေ့လာကြည့်တဲ့အခါ ဘိုးတော် သန်းလှအပါအဝင် ဗိုလ်ချုပ် ခင်ညွှန့်တို့နဲ့ ပတ်သက်ပြီး၊ နောက်ပိုင်း ဖမ်းဆီးထားတဲ့ အကောက်ခွန်ဌာနက လူတွေပါမယ်။ သတင်းတပ်ဖွဲ့က လူတွေပါမယ်။ လဝက က လူတွေပါမယ်။ အဲဒီလူတွေထဲက ပြန်လွတ်လာတာတွေ ရှိပါတယ်။”

အခုလို လွှတ်လိုက်တဲ့အထဲ တပ်မတော်သားဟောင်းတွေအတွက် ဗိုလ်ချုပ်မှုးကြီးသန်းရွှေရဲ့ သီးသန့် မှာကြားချက် ပါဝင် တယ်လို့လည်း အခု အသုတ် လွတ်မြောက်တဲ့အထဲပါဝင်တဲ့ ကျောင်းသားသမိုင်းစာအုပ်ပြုစုလို့ နှစ်ရှည် ဖမ်းဆီး ထောင်ချခံ ခဲ့ရတဲ့ ကိုအောင်ထွန်းကလည်း ပြောပါတယ်။


“ပဲခူးထောင် အုပ်စု ညွှန်ကြားရေးမှူး ဦးကြည်ဝင်း ဖတ်ပြသွားတဲ့အထဲမှာ တပ်မတော်သားတွေ ပါပါတယ်တဲ့။ ပါတယ်ဆိုပြီး ပြောပြီးတော့ တပ်မတော်သားတွေကို ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက မှာကြားလိုက်ပါတယ်ဆိုတဲ့ စကား ကို ပြောပါတယ်ခင်ဗျ။ ပြီးတဲ့အခါမှာ အေးချမ်းသာယာရေး ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌက ဘာပြောသလဲဆိုတော့ နိုင်ငံတော် က စေတနာ သဘောထားမှန်နဲ့ လွှတ်လိုက်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ဖို့အတွက်ရော၊ သတင်းစာထဲမှာ ပါတဲ့ မိသားစု အခြေအနေကို ငဲ့ညှာတာ ဘာညာပေါ့၊ အဲဒါတွေ ပါပါတယ်။ ”

တပ်မတော်သား အများစုလို့ ဆိုလိုတာက အခု ကိုအောင်ထွန်းနဲ့အတူ လွတ်တဲ့အချိန်မှာ တပ်မတော်ဘက်က အရာရှိတွေ ပါသလား။

“ပါတယ်။ ဗိုလ်ချုပ်ခင်ညွှန့်နဲ့ ပတ်သက်တဲ့ အမှုတွဲက တချို့လည်း ပါကောင်းပါမယ်။ လူတွေတော့ မသိဘူး။”

တပ်မတော်သားများအတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မှာတယ်ဆိုတာ ဘာကို မှာတာလဲခင်ဗျ။

“တပ်မတော်သားတွေက တပ်မတော်ရဲ့ စည်းကမ်းနဲ့ လိုက်နာပြီး တပ်မတော်ရဲ့ သဘောထား အစစ်အမှန်ကို နားလည်ပြီး တိုင်းပြည်ရဲ့ တတပ်တအား တနေရာရာကနေ ပါဝင်ဆောင်ရွက်ကြဖို့အတွက်ဆိုပြီးတော့ ပြောသွားပါတယ်။”

အခု လွတ်တဲ့အထဲမှာ တရားဝင်နိုင်ငံရေးပါတီတခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် ၃၈ဦး ပါတယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။ ဒီအထဲမှာတော့ ၁၉၉၀ပြည့် ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်အမတ်သုံးဦးနဲ့ အချို့ တိုင်းနဲ့မြို့နယ် တာဝန်ရှိသူတွေ လူငယ်ပိုင်းတွေ ပါဝင်တယ်လို့သိရပါတယ်။ အထင်ကရ နိုင်ငံရေးအကျဉ်းသားတွေထဲက ဒီမိုကရေစီရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးတင်ဦးအပါအဝင် ကျောင်းသား ခေါင်းဆောင်မင်းကိုနိုင် သံဃာ့လှုပ်ရှားမှုခေါင်းဆောင် အရှင်ဂမ္ဘီရ အစရှိသူတွေကတော့ မလွတ်သေးပါဘူးး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG