သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိသားစုဆရာဝန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ခွင့်ရ


နေအိမ်မှာအကျယ်ချုပ်ကျနေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သွေးအားနည်းတဲ့ ဝေဒနာ ခံစားနေရတယ်လို့ အကျိုးဆောင်ရှေ့နေတဦးက ပြောလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို တနင်္ဂနွေနေ့မှာ ဆရာဝန် သွားရောက်စစ်ဆေးပြီးတဲ့နောက် အခုလိုသိခဲ့ရတာပါ။ အပြည့်အစုံကို ဘန်ကောက်ကနေ ဝိုင်းတော်သား ကိုကျော်ကျော်သိန်း က ဆက်သွယ်မေးမြန်းထားတယ်ဆိုတော့ ပြောပြပါဦးရှင်။

နေအိမ်အကျယ်ချုပ် တားမြစ်မိန့်ကို ဖောက်ဖျက်မှုနဲ့ ထောင်ဒဏ်သုံးနှစ်ချမှတ်ခံခဲ့ရပြီး ပြစ်ဒဏ်ကို လျှော့ပေါ့ ဆိုင်းငံ့ ပြီးတဲ့ နောက် နေအိမ်ကို ပြန်အပို့ခံရပြီးချိန်ကစလို့ ဒေါ်အောင်ဆန်းစုကြည်အတွက် ပထမဆုံးအကြိမ်အဖြစ် ဆရာဝန်နဲ့ တွေ့ဆုံ စစ်ဆေးခွင့်ရခဲ့တာ ဖြစ်ပါတယ်။ အရင်ကတည်းက စစ်ဆေးကုသလာခဲ့တဲ့ ဒေါက်တာတင်မျိုးဝင်းနဲ့ ဆေးအဖွဲ့တို့ တနင်္ဂနွေနေ့က သွားရောက် စစ်ဆေးခဲ့တာလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“မနေ့က နေ့ခင်းပေါ့။ ဆရာ တင်မျိုးဝင်းနဲ့ သူ့ရဲ့ ဆေးအဖွဲ့ပေါ့။ ဝင်ခွင့်ရပါတယ်။ ဆရာတင်မျိုးဝင်းနဲ့လည်း နောက်ပိုင်း ကျွန်တော်တွေ့တယ်။ ကျန်းမာရေးအခြေအနေ ကောင်းပါတယ်တဲ့။ ဒါပေမဲ့ သွေးပေါင်နည်းနည်း ကျနေတယ်တဲ့ အဲဒီလို ပြောပါတယ်။ ”

ဒီ့မတိုင်ခင်လည်း ဒေါ်အောင်ဆန်းစုကြည်၊ ခန္ဓာကိုယ် ရေဓာတ်ခမ်းခြောက်တာ၊ သွေးအားနည်းတာနဲ့ ကြွက်တက်တဲ့ ဝေဒနာတွေ ကို ခံစားခဲ့ရဖူးပါတယ်။ အမေရိကန်နိုင်ငံသား ဂျွန် ဝီလီယမ် ယက်တောက အိမ်ထဲကို ရေကူးဝင်ရောက်ရာ ကနေ ပေါ်ပေါက်ခဲ့ရတဲ့ အမှုအခင်းမတိုင်ခင် နေအိမ်အကျယ်ချုပ် ကျနေခဲ့တုန်းက ဒေါက်တာတင်မျိုးဝင်းအနေနဲ့ တလ တကြိမ် ကျန်းမာရေး စစ်ဆေးခွင့် ရထားခဲ့ပါတယ်။ မစ္စတာယက်တော ရေကူးဝင်ခဲ့ပြီးတဲ့နောက် ရက်ပိုင်းအတွင်း ဒေါ်အောင်ဆန်းစုကြည်ကို ကျန်းမာရေးစစ်ဆေးဖို့ ဒေါက်တာ တင်မျိုးဝင်း သွားစောင့်နေခဲ့တာမှာ တွေ့ခွင့်မရခဲ့ဘဲ အိမ်ပြန် လာပြီးတဲ့နောက် အာဏာပိုင်တွေက ခေါ်ယူ ထိန်းသိမ်းလိုက်ပါ တယ်။ နောက်ပိုင်းမှာ ဒေါက်တာတင်မျိုးဝင်းကို ပြန်လွှတ် ပေးခဲ့ပေမဲ့ အဲဒီအချိန်က ဘာ့ကြောင့် ထိန်းသိမ်းခဲ့တာလည်းဆိုတာ အခုချိန်ထိ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

အင်းစိန်ထောင်တွင်း အထူးတရားရုံးကနေ ထောင်ဒဏ်သုံးနှစ်ချမှတ်ပြီးတဲ့နောက် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ညွှန်ကြားချက်နဲ့ ထောင်ဒဏ်ကို ထက်ဝက်လျှော့၊ ကျန်တဲ့ ထောင်ဒဏ် ၁၈ လကိုလည်း ဆိုင်းငံ့ပြီး ကန့်သတ်ချက်တွေနဲ့အညီ နေအိမ်မှာ ပြန်နေစေဆိုပြီး အိမ်ပြန်ပို့ခဲ့တာပါ။ အဲဒီကန့်သတ်ချက်တွေထဲမှာ ဆရာဝန်၊ သူနာပြုတွေနဲ့ ကျန်းမာရေး စစ်ဆေးကုသခွင့်ဆိုတာ ပါဝင်ပါတယ်။ အိမ်ပြန်ရောက်ပြီးတဲ့နောက် အာဏာပိုင်တွေကနေ ဆရာဝန်တဦး စေလွှတ်ပေးခဲ့ပေမဲ့ ဒေါ်အောင်ဆန်းစုကြည် က လက်မခံခဲ့ပါဘူး။ သူ့ကိုတောက်လျှောက် စစ်ဆေး ကုသ လာခဲ့ပြီး သူ့ရဲ့ ကျန်းမာရေးမှတ်တမ်း၊ ဆေးကုသမှုမှတ်တမ်းတွေကို သေသေချာချာသိထားတဲ့ ဒေါက်တာတင်မျိုးဝင်းနဲ့ပဲ ဆက်လက် ကုသချင်တဲ့အကြောင်း ပြန်ပြောခဲ့ပါတယ်။ အဲဒီနောက်ပိုင်း တလကျော်ကြာပြီးတော့မှသာ အခုလို ကျန်းမာရေး စစ်ဆေးခွင့်ရခဲ့တာပါ။ ဒီလို ကျန်းမာရေး စစ်ဆေးခွင့်ကို ပုံမှန်ရက်အတိအကျနဲ့ ခွင့်ပြုမှာလားဆိုတာ တိတိကျကျ မသိရ သေးပေမဲ့ ဦးဉာဏ်ဝင်းက တော့ ရလိမ့်မယ်လို့ ယုံကြည်ထားပါတယ်။

“ပုံမှန်တွေ့ခွင့်ပေးလိမ့်မယ်လို့၊ ရလိမ့်မယ်လို့ ကျွန်တော်တော့ အဲဒီလိုပဲ ယုံကြည်ပါတယ်။”

သြဂုတ်လ ၁၁ ရက်နေ့မှာ ခရိုင်တရားရုံးက ချမှတ်ခဲ့တဲ့ ထောင်ဒဏ်အပေါ် ဒေါ်အောင်ဆန်းစုကြည်က အထက်တရားရုံးမှာ အယူခံလွှာတင်သွင်းခဲ့ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၈ ရက်နေ့ကပဲ နှစ်ဘက် အကျိုးဆောင်တွေ ရန်ကုန်တိုင်းတရားရုံးမှာ လျှောက်လဲချက်ပေးခဲ့ကြပါတယ်။ တရားရုံးက အောက်တိုဘာလ ၂ ရက်နေ့မှာ ဆုံးဖြတ်ချက်ချမယ်လို့ ရုံးချိန်း ပြန်ပေးထား ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြစ်ဒဏ်ချမှတ်ခံရသလို ဘယ်လိုပြစ်မှုမျိုးကိုမှ ကျူးလွန်ခြင်းမရှိတဲ့အတွက် တခြား ပယောဂ တွေမပါဘဲ ဥပဒေကြောင်းအတိုင်း စီရင်ခံရမယ်ဆိုရင် ပြစ်ဒဏ်ကနေ လွတ်မြောက်လာမယ်လို့ အကျိုးဆောင် ရှေ့နေတွေက အခိုင်အမာ ယုံကြည်ထားကြပါတယ်ခင်ဗျား။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG