သုံးရလွယ်ကူစေသည့် Link များ

ဝန်ကြီးချုပ် သိန်းစိန် အထွေထွေ ညီလာခံ တက်မည်


မြန်မာစစ်အစိုးရ အရာရှိကြီးတွေ ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးကို တက်ရောက်ဖို့ လာရောက်တဲ့ ခရီးစဉ်အတွင်းမှာ အမေရိကန် အစိုးရရဲ့ မြန်မာနိုင်ငံပေါ် ထားရှိတဲ့ သဘောထားကို ရိုက်ခတ်စရာ ရှိသလားဆိုတာ လေ့လာသူတွေကြား စောင့်ကြည့်မှုတွေ ရှိနေပါတယ်။ အခုလောလောဆယ်မှာ စစ်အစိုးရ နိုင်ငံခြားရေး ၀န်ကြီး ဦးဥာဏ်ဝင်းကတော့ ကုလသမဂ္ဂမှာ ရောက်ရှိနေပြီး မကြာခင်မှာ ၀န်ကြီးချုပ် သိန်းစိန် ရောက်လာတော့မှာပါ။ အကြောင်းစုံကို ဦးကျော်ဇံသာ က တင်ပြထားပါတယ်။

မြန်မာနိုင်ငံ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်ဟာ နယူးယောက်မြို့မှာ ပြုလုပ်မယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက်ဖို့ အခုလာမယ့် ရက်သတ္တပတ် ကုန်ဆုံးချိန်မှာ မြန်မာနိုင်ငံက စတင် ထွက်ခွာဖို့ ရှိပါတယ်။ သူဟာ စင်္ကာပူကတဆင့် ဂျာမနီ နိုင်ငံFrank Furt မြို့မှာ တထောက်နားပြီး နယူးယောက်မြို့ကို လာရောက်မှာ ဖြစ်တယ်လို့ ရန်ကုန် အခြေစိုက် သံတမန် သတင်းရပ်ကွက်က ဆိုပါတယ်။ သူဟာ ကုသလမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက်ပြီး အမေရိကန် အစိုးရရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး Kurt Campbell နဲ့ တွေ့ဆုံလိမ့်မယ်လို့ အမေရိကန် အရာရှိကြီးတွေကို ကိုးကားပြီး The Washington Post သတင်းစာ ဆောင်းပါး တစောင်မှာ ဖော်ပြထားတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ အခုလက်ရှိ စစ်အစိုးရ တက်လာပြီး ၁၉၉၅ ခုနှစ်တုန်းက ကုလသမဂ္ဂ အထွေထွေ ညီလာခံကို ဒုတိယ ဗိုလ်ချုပ်ကြီး မောင်အေး တက်ရောက်ခဲ့ပြီးနောက် အခုတက်ရောက်မယ့် ဗိုလ်ချုပ်ကြီး သိန်းစိန်ဟာ အဆင့်အမြင့်ဆုံး မြန်မာအရာရှိဖြစ်ပါတယ်။ အခု လောလောဆယ်မှာတော့ မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဥာဏ်ဝင်းဟာ နယူးယောက်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ရက်တွေက ၀ါရှင်တန် မြို့တော်ဆီ တိတ်တဆိတ် ရောက်ရှိလာပြီး မြန်မာသံရုံး ၀န်ထမ်းတွေအပြင်၊ အမေရိကန် စီးပွားရေးအဖွဲ့နဲ့ ဗာဂျီးနီးယားပြည်နယ် က ဒီမိုကရက်အထက် လွှတ်တော် အမတ် ဂျင်ဝက်ဘ်တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ အမေရိကန် နိုင်ငံခြားရေးရုံး တာဝန်ရှိသူ တဦးကတော့ ဦးဥာဏ်ဝင်းရဲ့ မေတ္တာရပ်ခံချက်အရ ၀ါရှင်တန် မြို့တော်ဆီကို ခေတ္တ လာရောက်ခွင့် ပြုခဲ့တာ ဖြစ်ပြီး အမေရိကန်အစိုးရပိုင်း တာဝန်ရှိသူ တစုံတယောက်နဲ့မျှ တွေ့ဆုံဖို့ အစီအစဉ် မရှိခဲ့သလို တွေ့လည်း မတွေ့ခဲ့ပါဘူးလို့ ဗွီအိုအေ မြန်မာပိုင်းကို ပြောကြားခဲ့ပါတယ်။ တကယ်တော့ မြန်မာ စစ်အစိုးရ အရာရှိကြီးတွေဟာ အမေရိကန် အစိုးရရဲ့ ပိတ်ဆို့အရေးယူမှုအရ အမေရိကန် ပြည်ထောင်စုကို လာရောက်ခွင့် ဗီဇာ ပိတ်ပင်ထားခြင်း ခံရသူတွေ ဖြစ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ နိုင်ငံခြားရေး ၀န်ကြီး ဦးဥာဏ်ဝင်းကို ၀ါရှင်တန်ဒီစီ လာရောက်ခွင့်ပြုခဲ့တာဟာ သမ္မတ အိုးဘားမား အစိုးရက မြန်မာနိုင်ငံအစိုးရအပေါ် သဘောထား ပြောင်းလဲမှုရဲ့ တစိတ်တဒေသလား၊ ယုတ်ဆွအဆုံး အရိတ်အကဲ ပြလိုက်တဲ့ သဘောလားလို့ ၀ါရှင်တန် ပို့စ်ဆောင်းပါးက မေးခွန်းထုတ်ထားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စု Georgetown တက္ကသိုလ်က မြန်မာ့အရေး ကျွမ်းကျင်သူ ပါမောက္ခ ဒေးဗစ် စတိုင်းဘက် ကတော့ ဒါဟာ အမေရိကန် အစိုးရရဲ့ သဘောကို နိမိတ်ပြလိုက်တာ ဟုတ်တယ်လို့ ဆိုပါတယ်။

“ဒါကတော့ မြန်မာ စစ်အစိုးရနဲ့ ဆက်ပြီးတော့ စကားပြောဖို့ အရေးကြီးတဲ့ အရိတ်လက္ခဏာ ဖြစ်ပါတယ်။ ဒီလို ခွင့်ပြုလိုက်တာကြောင့် တခုခု ပြီးမြောက်အောင်စွမ်းဆောင်နိုင်ခဲ့တဲ့လို့ ပြောလို့ မရနိုင်ပေမဲ့လည်း အမေရိကန် အနေနဲ့ မြန်မာ စစ်အစိုးရကို အချုပ်အချာ ရှိတဲ့ တိုင်းပြည်တခုအနေနဲ့ စဉ်စားချင့်ချိန်ပြီးတော့ ဆက်ဆံဖို့ အဆင်သင့် ဖြစ်နေတယ်လို့တော့ ပြောလို့ရပါတယ်။ အမေရိကန်က မကြိုက်တဲ့ နိုင်ငံရေး စနစ်ကျင့်သုံးနေတဲ့ တခြား အစိုးရတွေကို ဆက်ဆံသလိုပဲ ဆက်ဆံတာကို ပြောတာပါ။ ဥပမာ အတိုက်အခံပါတီ မရှိတဲ့ တရုတ်၊ ဗီယက်နမ်၊ လာအို လို နိုင်ငံတွေပေါ့ဗျာ။ ဆိုတော့ ဦးဥာဏ်ဝင်း ၀ါရှင်တန်ကို အလည်လာတာ ကောင်းပါတယ်။ ဒါပေမဲ့ ဒါဟာ အစပဲ ရှိပါသေးတယ်။ ဒီအပေါ်မှာ အများကြီး မျှော်လင့်ထားလို့ မရသေးပါဘူး။ အပေါင်းလက္ခဏာ ဆောင်တဲ့ ဖြစ်ရပ်လို့ တော့ ကျွန်တော်မြင်ပါတယ်။”

မြန်မာစစ်အစိုးရအပေါ် အမေရိကန် အစိုးရဟာ ၁၉၉၆ ကစပြီး အရာရှိကြီးတွေကို ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၀၃ခုနှစ်မှာတော့ Burma Freedom and Democracy Actဆိုတာကို ပြဋ္ဌာန်းပြီး ပိတ်ဆို့ အရေးယူမှုတွေကို ပိုမိုပြင်းပြင်းထန်ထန် လုပ်လာခဲ့တာ ဖြစ်ပါတယ်။ ကုလသမဂ္ဂ အထွေထွေ ညီလာခံကို လာရောက်တက်ဖို့အတွက်ကို ခွင့်ပြုထားပေမဲ့ မြန်မာ ဗိုလ်ချုပ်ကြီးတွေဟာ ကုလသမဂ္ဂ ဌာနချုပ်ရှိရာ နယူးယောက်မြို့ရဲ့ ၂၅မိုင် ပတ်လည်မှာပဲ တရားဝင် သွားရောက်ခွင့်ရှိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG