သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် မူဝါဒသစ် ဒေါ်အောင်ဆန်းစုကြည် ကြိုဆို


အမေရိကန် အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒအသစ်ကို မြန်မာ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကြိုဆိုလိုက်ပါတယ်။ ပိတ်ဆို့အရေးယူမှုနဲ့ အတူ ထိတွေ့ဆက်ဆံမှုကို အတူတွဲလုပ်သင့်တယ်ဆိုတဲ့ မူဝါဒသစ်ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ထုတ်ဖော်ပြောကြားအပြီး တရက်အကြာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တုံ့ပြန်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထား ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ရှေ့နေတွေနဲ့ ဒီနေ့ညနေ တွေ့ဆုံစဉ် အမေရိကန် နိုင်ငံခြားရေး မူဝါဒအသစ်နဲ့ ပတ်သက်ပြီး သူ့အနေနဲ့ အကောင်းမြင်တယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်က သူ့အနေနဲ့တော့ ဒါ သဘောတူပါတယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ သူလည်း အခါအခွင့် သင့် တိုင်း တိုက်ရိုက် စကားပြောဆိုခြင်းဟာ ကောင်းတယ်ဆိုတာ သူ အမြဲပြောခဲ့တာပဲတဲ့။ ဒါကြောင့် ဒီဥစ္စာကို သူ သဘောတူ တယ်တဲ့။ ဒါပေမဲ့ တိုက်ရိုက်တွေ့ဆုံတယ်ဆိုတာ တဘက်တည်း မသင့်ပါဘူးတဲ့။ အစိုးရရော၊ အတိုက်အခံရော ဒီလိုတွေ့ဆုံတယ်ဆိုရင် ပိုပြီး အကျိုးရှိပါလိမ့်မယ်တဲ့။”

ဒီနေ့ညနေပိုင်း ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက တာဝန်ရှိသူတချို့ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို သွားပြီး မြန်မာနိုင်ငံအပေါ် အမေရိကန်က ထားရှိမယ့် မူဝါဒအသစ်နဲ့ ပတ်သက်ပြီး ရှင်းပြခဲ့ကြပါတယ်။ အဲဒီအချိန်မှာ ဦးဉာဏ်ဝင်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံနေချိန်မို့ သံရုံးက တာဝန်ရှိသူတွေ လာရှင်းပြခဲ့ချိန်မှာ ကိုယ်တိုင် မရှိခဲ့ပါဘူး။ ဒါပေမဲ့ သတင်းတွေထဲမှာ ကြားသိထားတဲ့အတိုင်း အမေရိကန် မူဝါဒအသစ် အကြောင်းကို ဦးဉာဏ်ဝင်းက ဒေါ်အောင်ဆန်းစုကြည်ကို ပြောပြခဲ့တာ ဖြစ်ပါတယ်။ မူဝါဒသစ်ကတော့ အမေရိကန်တို့ အနေနဲ့ စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်မှုတွေကို မရုပ်သိမ်းသလို တဘက်ကလည်း ထိတွေ့ဆက်ဆံရေးနဲ့ စစ်အစိုးရကို ဆက်ဆံသွားဖို့ ဖြစ်ပါတယ်။ အမေရိကန် မူဝါဒအသစ်နဲ့ ပတ်သက်ပြီး မကြာခင်မှာလည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ သဘောထားကို ထုတ်ပြန်ဖို့ ရှိတယ်လို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

အခု မြန်မာနိုင်ငံအပေါ်မှာ ထားရှိဆက်ဆံမယ့် အမေရိကန်တို့ရဲ့ မူဝါဒသစ်အပေါ်ကို ဒေါ်အောင်ဆန်းစုကြည်က သတိထား ကြိုဆိုလိုက်သလို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင်ဖြစ်တဲ့ သတင်းစာဆရာကြီး ဦးဝင်းတင် က တော့ ပိုပြီး သတိထား ကြိုဆိုခဲ့ပါတယ်။

“တခုပဲရှိတယ်၊ ဒီအထဲမှာ sanctions တွေကို သူ လွှင့်မပစ်ဘူးပေါ့ဗျာ၊ ဖယ်ချမပစ်ဘူး၊ စွန့်လွှတ်မပစ်ဘူးဆိုတဲ့ အတွက် တော့ ကျနော်က စိတ်သက်သာရာရတယ်လို့ ပြောချင်ပါတယ်၊ တစ်အချက်က။

“နှစ်ကတော့ သူက ထိတွေ့ဆက်ဆံမှုလုပ်မယ် ဆိုတာနဲ့ ပတ်သက်ပြီးတော့ လုပ်ဟန်က မစ္စတာလီကွမ်ယူး (Mr. Lee Kuan Yew) တို့ ကတည်းက စခဲ့လို့ အာဆီယံက အများကြီး ကျင့်သုံးခဲ့ပြီးပြီ။ နိုင်ငံရေးအားဖြင့် ဘာမှ ထိရောက်မှု မရှိခဲ့ပါဘူး။ အဲတော့ ဒီပေါ်လစီကို သုံးကြည့်ရင်လည်း သုံးကြည့်ပေါ့။ သို့သော် ဒီဟာက ဗမာအစိုးရလို ခေါင်းမာတဲ့၊ သို့မဟုတ် လှည့်စား တတ်တဲ့၊ သို့မဟုတ်လည်း ဟန်ဆောင်တတ်တဲ့၊ သို့မဟုတ် ဗြောင်ငြင်းတတ်တဲ့ စစ်အစိုးရမျိုးနဲ့တော့ ဘာမှ အကျိုးထူးလိမ့် မယ် မဟုတ်ဘူးလို့ ကျနော်ကတော့ အဲဒီလိုပဲ ထင်ပါတယ်။”

သတင်းစာဆရာကြီး ဦးဝင်းတင် ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီနေ့ညနေပိုင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အကျိုးဆောင်ရှေ့နေတွေ တွေ့ဆုံကြတဲ့အထဲမှာ လာမယ့် အောက်တိုဘာလ ၂ ရက်နေ့ အယူခံဝင်ထားတဲ့ အမှုအတွက် အမိန့်ချမယ့် ကိစ္စတွေလည်း ပါဝင်ပါတယ်။ တိုင်းတရားရုံးက ဘယ်လိုဆုံးဖြတ်ချက် ချမယ်ဆိုတာ မသိသေးပေမဲ့ ဘယ်လိုအမိန့်ထွက်လာရင် ဘာလုပ်မလဲ ဆိုတာတွေကိုတော့ ကြိုတင် တိုင်ပင်လာခဲ့တယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ဒီဥစ္စာနဲ့ ပတ်သက်ပြီး ဘယ်လိုအမိန့်ထွက်ရင် ဘာလုပ်မလဲ ဆိုတာကတော့ အမိန့်က မထွက်သေးတော့ အန်ကယ်တို့ အဲဒါ ကိုတော့ မပြောနိုင်သေးပါဘူး။ အယူခံနဲ့ ပတ်သက်ပြီး သဘောထား ပြောရရင် အမှုမှာပေါ်ပေါက်တဲ့ ငြင်းဆိုတဲ့ အချက်တွေ ကို တရားရုံးက ပြည့်ပြည့်စုံစုံ မသုံးသပ်ဘူးလို့ သူ အဲဒီလို မြင်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်က သူ့အပေါ် ချမှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့ ပတ်သက်လို့ အယူအဆ အမျိုးမျိုး တွေးလို့ရတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်တွေဆီ စာရေးပြီး တင်ပြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တယ်လို့ ဦးဉာဏ်ဝင်းက ဆိုပါတယ်။

“တချို့စည်းကမ်းချက်တွေက အယူအဆတွေ နှစ်မျိုး သုံးမျိုး ထွက်နိုင်တယ်။ အဓိပ္ပာယ် မရှင်းလင်းဘူး။ အဲဒီလိုဟာတွေနဲ့ ပတ်သက်ပြီးတော့ စာရေးသား ပြုစုပြီး သက်ဆိုင်ရာ အာဏာပိုင်တွေကို တင်ပြဖို့ သဘောတူတယ်။ အဲဒီစာကိုလည်း အမြန်ဆုံးရေးပါဆိုလို့ ကျနော် ဒီညရေးပြီး မနက်ဖြန် ဒေါ်အောင်ဆန်းစုကြည်ရဲ့ approval ထပ်ယူပါ့မယ်။ အဲဒီ စည်းကမ်း ချက်ထဲမှာ အချက်တချက် ပြောနိုင်တာကတော့ ဒေါက်တာတင်မျိုးဝင်းနဲ့ ပတ်သက်ပြီး အခု ပြီးခဲ့တဲ့ Sunday ကတော့ တွေ့ခဲ့ပြီးပြီပေါ့လေ၊ အဲတော့ ဒီလို ဆေးစစ်တာမျိုးကို အရင်တုန်းက ရှိခဲ့ဖူးတဲ့ မူအတိုင်းပဲ လစဉ် ပထမ ကြာသပတေးမှာ ဆေးစစ်ခံယူဖို့လည်း ထည့်သွင်းဖော်ပြဖို့ ကျနော်တို့ သဘောတူထားပါတယ်။”

ဒါ့အပြင် လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီးတော့လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးဖြစ်ခဲ့တယ်လို့ ဦးဉာဏ်ဝင်းက ဆက်ပြောပြပါတယ်။

“ဆွေးနွေးတာကတော့ အခုဖြစ်ပေါ်နေတဲ့ အခြေအနေတွေ အားလုံးကို ပြောတာပါပဲ။ အခု အကျဉ်းသားတွေ လွှတ်တယ်။ ဦးနိုင်းနိုင်းလို လူမျိုးက အင်းစိန်ထောင်က ထွက်တာနဲ့ ရုံးကို တန်းရောက်တယ်။ ဒါမျိုးတွေ အန်ကယ်တို့ ပြောပြတယ်။ ပြောပြတော့ သူ ကျေနပ်တယ်တဲ့၊ ဒီလိုစိတ်ဓာတ်မျိုးကို သူ အများကြီး ချီးကျူးပါတယ်တဲ့။ နောက်တခုက NLD အဖွဲ့ အနေ နဲ့လည်း နိုင်ငံရေး အကျဉ်းသားတွေ၊ NLD မှမဟုတ်ဘူး၊ အဖွဲ့ချုပ်ကို လာရောက် အကူအညီတောင်းတဲ့ လူတွေကို တတ်နိုင် သမျှ ပံ့ပိုးနေတယ် ဆိုတာကိုလည်း သူ ဝမ်းသာပါတယ်တဲ့၊ အဲလိုပြောပါတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေ တဦးလည်း ဖြစ်တဲ့ ဦးဉာဏ်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဦးဉာဏ်ဝင်း အပါအဝင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေ ၄ ဦးဟာ ဒီနေ့ နေ့လယ် ၂ နာရီကနေ ညနေ ၄ နာရီအထိ ၂ နာရီကြာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG