သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငွေစက္ကူဈေး ကြေညာချက်ကြောင် ကုန်ဈေးနှုန်းတက်


မြန်မာစစ်အစိုးရက ရှေ့သီတင်းပတ်မှာ ငါးထောင်တန် ငွေစက္ကူတွေ ထုတ်တော့မယ်လို့ ကြေညာလိုက်ပြီးတဲ့နောက် ငွေကြေးဖောင်းပွမှာကို စိုးရိမ်ပြီး ရန်ကုန်မြို့မှာ ရွှေဈေးနဲ့ ဒေါ်လာဈေးတွေ တက်ခဲ့သလို တခြား အခြေခံစားကုန်တွေ အပေါ်မှာလည်း ဒီသတင်းကြောင့် ဂယက်ရိုက်မှုတွေ ရှိခဲ့ပါတယ်။ စစ်အစိုးရဟာ အစိုးရ အသုံးစာရိတ် လိုငွေပြမှု ကာမိအောင် ငွေစက္ကူသစ်တွေ ရိုက်ထုတ်ပြီး ဖြေရှင်းတဲ့နည်းကို သုံးနေတယ် ဆိုတဲ့ ဝေဖန်ချက်တွေလည်း ရှိနေပါတယ်။ အပြည့်စုံကို ဘန်ကောက်ရောက် ကိုသိန်းထိုက်ဦးက တင်ပြထားပါတယ်။

ငါးထောင်တန် ငွေစက္ကူတွေ ထွက်လာတော့မယ်လို့ ကြေညာချက် ထွက်ပြီးတဲ့နောက် အလှုပ်ခတ်ဆုံး ဈေးကွက်ကတော့ ရွှေဈေးကွက်လို့ ပြောရမှာပါ။ ကြေညာချက် ထွက်ပြီး နာရီပိုင်းအတွင်း ရွှေတကျပ်သားဈေး နှစ်သောင်းကျော် ခုန်တက်သွားခဲ့ပါတယ်။

"ကွာပါတယ်ခင်ဗျ။ မနေ့က ၅၇၇,၀၀၀။ အခု ၅၉၇,၀၀၀။ ၂၀,၀၀၀ လောက် တက်သွားပါတယ်။"

ရန်ကုန်မြို့က ရွှေဆိုင် အရောင်း ဝန်ထမ်းတယောက်ပြောပြတာပါ။ ရွှေဈေးနဲ့အတူ ဒေါ်လာဈေးကွက်လည်း လှုပ်ခတ်ခဲ့ရပါတယ်။

"ဈေးက အခု နည်းနည်း လှုပ်နေတယ်။ ဈေးတော့တက်တယ်။ ဈေးက အတိအကျ မသိသေးဘူး။ ၁,၁၀၀ ကျော်ကျော်လောက်တော့ ပြောနေကြတာပဲ။ မနေ့ကဈေးက ၁,၀၁၀ ပါ။"

အစိုးရရဲ့ ဆုံးဖြတ်ချက် တခုခုကြောင့် ဈေးနှုန်း မတည်မငြိမ်ဖြစ်ပြီဆိုရင် စီးပွားရေးသမားတွေကို အာဏာပိုင်တွေဘက်က အရေးယူလေ့ရှိတာကြောင့် ဈေးနှုန်းအပြောင်းအလဲတွေဖြစ်ပေမယ့် ဈေးကွက်ကို ပိတ်ထားရတယ်လို့ ရန်ကုန် စီးပွားရေး အသိုင်းအဝိုင်းက ပြောပါတယ်။

ငါးထောင်တန် ငွေစက္ကူတွေ ထွက်မယ့်သတင်းဟာ အခြေခံစားကုန်တွေအပေါ်မှာလည်း ရိုက်ခတ်မှု ရှိနိုင်တယ်လို့ ရန်ကုန်မြို့ခံ အိမ်ရှင်မတဦးက မြင်ပါတယ်။

"မနက်ကတော့ ဈေးထဲမှာတော့ ဈေးတက်မှာစိုးလို့ဆိုပြီးတော့ အရင်ကထက် ဆန်တွေဆီတွေကို ပိုဝယ်ကြတာပေါ့နော်။ ငါးထောင်တန်ထွက်ရင်တော့ ကျိန်းသေဈေတက်မယ်ပေါ့နော်။ ငွေဖောင်းပွမှုဖြစ်မယ်၊ ဈေးတက်မယ်ဆိုပြီးတော့ အိမ်သုံးပစ္စည်းတွေ ဆန်တို့ဆီတို့၊ ဆပ်ပြာတို့ အဲဒီလိုမျိုးတွေတော့ လူတွေက တော်တော်များများ ဝယ်ကြတယ်။"

ဒီလို ငွေကြေးဖောင်းပွပြီး အခြေခံ စားကုန်တွေဈေးတက်သွားမှာကို စိုးရိမ်ပေမယ့် မြန်မာနိုင်ငံလို ကုန်ပစ္စည်း အရောင်းအဝယ်တွေမှာ ငွေတွေ အမြောက်အများကိုင်သုံးပြီး အဓိက ဝယ်ယူရတဲ့နိုင်ငံတခုအတွက် ငါးထောင်တန်တွေ ပေါ်လာတာက အသုံးတည့်နိုင်တယ်လို့ မြင်တဲ့သူတွေလည်း ရှိပါတယ်။ စီးပွားရေးပညာရှင် ခင်မောင်ညို ဘောဂဗေဒ ကတော့ အခုလို မြင်ပါတယ်။

"သိန်းငါးဆယ်တန် တသိန်းထုတ် အထုပ်ငါးဆယ် သယ်ရမယ်ဆိုရင် အခုအဲဒီလို ငါးဆယ် သယ်စရာမလိုဘဲနဲ့ ဆယ်ထုပ်သည်ရင် ပြီးတယ်ပေါ့။ အခုဈေးတွေကလည်း ဖောင်းပွနေတာပေါ့နော်။ ဖောင်းပွနေတဲ့အခါကျတော့ ပိုက်ဆံက တသိန်းဆိုရင် ဘာမှသုံးလို့မရဘူးလေ။ ဒီမှာက ချက်လက်မှတ်တွေ ပေးတဲ့သုံးတဲ့ ဘဏ်စနစ်ကလည်း သိပ်ဖွံ့ဖြိုးသေးတာ မဟုတ်တော့ ငွေသားနဲ့ပဲ ပေးကြချေကြတာ။ ဆိုတော့ ငွေသားနဲ့ ပေးရတာမှာ အကြီးတန်းတွေအတွက်တော့ ပိုပြီး ုလွယ်ကူသွားနိုင်တယ်လို့ ယူဆပါတယ်။"

ပြီးခဲ့တဲ့လပိုင်းတွေမှာကတည်းက မြန်မာနိုင်ငံမှာ ငါးထောင်တန် ငွေစက္ကူတွေ ထုတ်တော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပါတယ်။ ဒီလို သတင်းတွေ ရှေ့ကထွက်လာပြီဆိုရင် ဈေးကွက်အပေါ်မှာလည်း ရိုက်ခတ်မှုတွေ ရှိတတ်ပါတယ်။ အဓိကအားဖြင့်တော့ ဈေးကစားလို့ ဖြစ်လာတဲ့ ရိုက်ခတ်မှုတွေလို့ စီးပွားရေး ပညာရှင် ခင်မောင်ညို ဘောဂဗေဒ က သုံးသပ်ပါတယ်။

"တထောင်တန် ငါးရွက်သုံးတဲ့နေရာမှာ ငါးထောင်တန် တရွက်သုံးတာ အမှန်မှာတော့ ဘာမှသိပ်ပြီး ပြောင်းလဲစရာတော့ မရှိဘူး။ အဲဒီတော့ ငွေကြေးပမာဏ မပြောင်းလဲဘူးဆိုရင် ငွေဖောင်းပွမှုကို ဒါကြောင့်မိုလို့ ဘာမှစိုးရိမ်စရာမရှိဘူး။ ဒါပေမယ့်လည်း ဟိုးဘက်ကတည်းက ငါးထောင်တန် ထုတ်တော့မယ်ဆိုတဲ့ ကောလာဟလတွေ ဖြစ်နေတဲ့အချိန်ကတည်းက ဈေးက ဆွဲတင်မလို့ ကြိုးစားကြတယ်။ တကယ် ငါးထောင်တန်ထွက်လို့ ဖြစ်ရတဲ့ အကျိုးသက်ရောက်မှုထက် ဈေးကစားမှုရဲ့ သက်ရောက်မှုက ပိုများနိုင်တယ်။"

မြန်မာနိုင်ငံမှာ စစ်အစိုးရ အစိုးရရဲ့ အသုံးစရိတ်ကာမိအောင် ငွေစက္ကူတွေ မတန်တဆ ရိုက်ထုတ်နေသလားဆိုတဲ့ မေးခွန်းထုတ်မှုတွေနဲ့ ဝေဖန်ချက်တွလည်း ရှိနေပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရလက်ထက်မှာ ငွေစက္ကူတွေကို တရားမဝင် ကြေညာခဲ့တာကြောင့် အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုတွေ၊ လူထုရဲ့ မကျေနပ်မှုတွေ ပေါ်ပေါက်ခဲ့ဖူးပါတယ်။ အခု စစ်အစိုးရဟာ ဒီလို အဖြစ်မျိုးတွေ အဖြစ်ခံမှာ မဟုတ်သလို ဒီလို မဖြစ်နိုင်တဲ့ နည်းလမ်းတွေကို သုံးနေတယ်လို့ ရန်ကုန်မြို့ခံတချို့က မြင်ပါတယ်။

"ပြည်သူလူထုငွေတွေကို သူတို့က ငွေကြေးတွေ ဖောင်းပွပြီး ရိုက်နှိပ်တာများတဲ့အခါကျလို့ရှိရင် တရားမဝင် ငွေကြေးတွေအဖြစ် ကြေညာတယ်။ အခုကျတော့ အဲဒီလိုမျိုး မဟုတ်ဘူး။ အခွန်တွေ တိုးကောက်တွေနဲ့ သူတို့က ငွေတွေကို သူတို့လက်ထဲရောက်အောင် ပြန်လုပ်ယူတယ်။"

ရန်ကုန်မြို့ခံတဦးရဲ့ သုံးသပ်ချက်ပါ။

စီးပွားရေးပညာရှင် ခင်မောင်ညို ဘောဂဗေဒ ကတော့ အခု ငွေစက္ကူအသစ်တွေ ထုတ်လိုက်တာဟာ မြန်မာစစ်အစိုးရက ၂၀၁၀မှာ ကျင်းပမယ့် ရွေးကောက်ပွဲမတိုင်ခင် အစိုးရအသုံးစရိတ်ကို လိုငွေပြမှု မရှိအောင် ပြင်ဆင်တဲ့ ခြေလှမ်းတခု ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

"သူတို့လုပ်တဲ့ အချိုးလေးတွေကို ကြည့်ရတဲ့အခါမှာတော့ ၂၀၁၀ မှာ အရပ်သားအစိုးရပြောင်းတဲ့အခါမှာ လိုငွေမပြဘဲနဲ့ သွားချင်တဲ့၊ အသုံးနဲ့အထွက်နဲ့ပေါ့လေ ကိုက်နေတဲ့ပုံစံနဲ့ သွားဖို့ ကြိုးစားနေတယ်လို့ အဲဒီလိုမျိုး အရိပ်အယောင်တွေ တွေ့ရတယ်။ တကယ်တမ်းတော့ ဘာဖြစ်မလဲတော့ မပြောတတ်သေးဘူးပေါ့လေ။"

မြန်မာစစ်အစိုးရက ရှေ့သီတင်းပတ်အတွင်းမှာ ငါးထောင်တန်ငွေစက္ကူတွေ ထုတ်တော့မယ်လို့ ကြေညာလိုက်တာနဲ့ ပတ်သက်ပြီး စီးပွားရေးပညာရှင် ခင်မောင်ညို ဘောဂဗေဒ ရဲ့ သုံးသပ်ချက်ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG