သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗမာစစ်အစိုးရ၊ တရုတ် နဲ့ အပစ်ရပ်အဖွဲ့များ


တရုတ်-မြန်မာနယ်စပ်ဒေသ ဗကပ (ခေါ်) ဗမာကွန်မြူနစ်တဖြစ်လဲ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ မြန်မာစစ်အစိုးရတို့ အပစ်အခတ်ရပ်စဲခဲ့တာ အနှစ် (၂၀) ရှိသွားခဲ့ပါပြီ။ ကချင်၊ ကိုးကန့်၊ ဝ၊ မိုင်းလား စတဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေဟာ တချိန်က တရုတ်ကွန်မြူနစ်ရဲ့ ကူညီထောက်ပံ့မှုနဲ့ ရပ်တည်ခဲ့တဲ့ ဗကပအဖွဲ့ဝင်တွေ ဖြစ်ပါတယ်။ ဒီ အစဉ်အလာကြောင့် တရုတ်နဲ့ ပိုပြီး နီးစပ်ကြပါတယ်။ ကိုးကန့်အဖွဲ့ကို တောင်ပေါ်တရုတ်လို့ ယူနန်မှာ လူသိများပါတယ်။ ဒါပေမဲ့ ဒီလက်နက်ကိုင်တွေကြောင့် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို အထိခိုက်ခံမလားဆိုတာ စဉ်းစားစရာဖြစ်ပါတယ်။

ဒီအတိုင်းဆိုရင် ဗမာစစ်အစိုးရနဲ့ တရုတ်ကွန်မြူနစ် စီးပွားရေးစစ်ရေး ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းလာလေလေ နယ်စပ်ဒေသက တိုင်းရင်းသား အပစ်ရပ်အဖွဲ့တွေရဲ့ ရှေ့ရေးဟာလည်း မရေရာမသေချာ ဖြစ်လာလေလေလို့ ပြောနိုင်ပါတယ်။ တရုတ်ဖက်က ကြည့်မယ်ဆိုရင် ဗမာစစ်အစိုးရဆီကရမယ့် သယံဇာတနဲ့ အခွင့်အလမ်းတွေ အများကြီးရှိနေပြီး အပစ်ရပ်အဖွဲ့ ကြီးစိုးတဲ့နယ်မြေက ရမှာကတော့ မူးယစ်ဆေးနဲ့ နယ်ခြားဖြတ်ရာဇဝတ်မှု (Transnational Crimes) သာ ဖြစ်နေပါတော့တယ်။ ဒါကြောင့် ဗမာ-တရုတ် ဆက်ဆံရေး ပျက်ပြားစေတဲ့ကိစ္စမျိုးကို တရုတ်က လက်ခံနိုင်မှာ မဟုတ်ပါဘူး။

နယ်ခြားဖြတ် ရာဇဝတ်မှုနဲ့ အများဆုံးရောထွေးယှက်တင်ဖြစ်နေတဲ့ အပစ်ရပ်အဖွဲ့ဟာ ကိုးကန့် နဲ့ ဝ အဖွဲ့ ဖြစ်တယ်လို့ အမေရိကန်က ယူဆပါတယ်။ လွန်ခဲ့တဲ့ ဧပြီလ (၂ရ) ရက်နေ့က ထုတ်ပြန်တဲ့ အမေရိကန်ကွန်ဂရက် လွှတ်တော်သုတေသနဌာနရဲ့ (၁၈) မျက်နှာ အစီရင်ခံစာမှာ နယ်ခြားဖြတ်ရာဇဝတ်မှု ကျူးလွန်သူတွေကို ဖော်ပြထားပါတယ်။ မှုးယစ်ဆေး၊ ကျောက်မျက်၊ လူကုန်ကူမှု နဲ့ အခြား ဥပဒေမဲ့ လုပ်ငန်းအများအပြားဟာ နယ်ခြားဖြတ် ရာဇဝတ်မှု ဖြစ်ပါတယ်။ 'ဝ' တပ်ဖွဲ့ ရှမ်းပြည်နယ်တပ်ဖွဲ့ DKBA ကရင်အဖွဲ့ နဲ့ တရုတ်လူဆိုးဂိုဏ်းတွေဟာ နယ်ခြားဖြတ်ရာဇဝတ်မှုကို အများဆုံး ကျူးလွန်တယ်လို့ ဖော်ပြထားပါတယ်။ ဒီအထဲကရရှိတဲ့ အကျိုးအမြတ်ကို ဗမာစစ်အစိုးရလည်း ခံစားရတယ်လို့ ဆိုပါတယ်။

'ဝ' နယ်မြေကို ဘိန်းမဲ့ဒေသအဖြစ် ၂၀၀၅ ခုနှစ်က ကြေညာခဲ့ပေမဲ့ စိတ်ကြွဆေး ထုတ်လုပ်မှု၊ သစ်ခိုးထုတ်မှု၊ လောင်းကစားမှု၊ လူကနု်ကူးမှု၊ ကျောက်မျက်မှောင်ခိုမှု စတဲ့ ဒုစရိုက်လုပ်ငန်းတွေ ရှိနေဆဲဖြစ်ပါတယ်။ 'ဝ' တပ်ဖွဲ့ကို တရုတ်က အသိအမှတ်ပြုထားပေမဲ့ အမေရိကန်ကတော့ မှုးယစ်ဆေးမှောင်ခိုအဖွဲ့အဖြစ် သတ်မှတ်ပြီး 'ဝ' ခေါင်းဆောင် (၈) ဦးကို တရားရုံးမှာ စွဲချက်တင်ထားပါတယ်။ မှုးယစ်ဆေးလုပ်ငန်းမှာ ဗမာစစ်တပ်က ထိပ်ပိုင်းစစ်ဗိုလ်တွေပါဝင်တဲ့ အထောက်အထား မတွေ့ရသေးပေမဲ့ အောက်ပိုင်းက စစ်မှုထမ်းတွေ ပါဝင်တာကတော့ သေချာတယ်လို့ ဆိုပါတယ်။

မှုးယစ်ဆေးလုပ်ငန်းမှာ အစိုးရစစ်မှုထမ်းတွေ ပါဝင်တယ်လို့ သတင်းထွက်နေတာ ကြာပါပြီ။ ရှမ်းပြည်နယ်မှာ ဗမာအစိုးရတပ်က ဘိန်းစိုက်ပျိုးတယ်ဆိုတဲ့ အစီရင်ခံစာတောင်ရှိပါတယ်။ စစ်မှုထမ်းမိသားစုတွေကိုယ်တိုင် ဘိန်းစိုက်ပျိုးရေးနဲ့ ရောင်းဝယ်ရေးမှာ ပါဝင်လုပ်ကိုင်နေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ အရေးယူခံရတဲ့ ထိပ်တန်းအရာရှိတွေတော့ မရှိပါဘူး။ နယ်ခြားဖြတ်ရာဇဝတ်မှု နှိမ်နှင်းရေးကို အမေရိကန်ရော တရုတ်ပါ စိတ်ဝင်စားကြပါတယ်။

ဒါကြောင့် အပစ်ရပ်အဖွဲ့တွေကို ထိုးစစ်ဆင်မယ်ဆိုရင် နယ်ခြားဖြတ်ရာဇဝတ်မှု နှိမ်နှင်းရေးကို ဗမာစစ်အစိုးရက အကြောင်းပြနိုင်ပါတယ်။ ကိုးကန့်ကို ထိုးစစ်ဆင်ရာမှာလည်း နယ်ခြားဖြတ်ရာဇဝတ်မှု နှိမ်နှင်းရေးကို ဗမာစစ်အစိုးရက အကြောင်းပြတယ်လို့ ကြားသိရပါတယ်။ ဒါပေမဲ့ လေ့လာသူတွေကတော့ နယ်ခြားစောင့်အဖြစ် အသွင်ပြောင်းခိုင်းတာကို ကိုးကန့်တရုတ်က လက်မခံလို့ ဗမာတပ်က ဝင်တိုက်လို့ ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဗမာစစ်အစိုးရ တဖက်သတ်လုပ်တဲ့ အစီအစဉ်ကို အပစ်အရပ်အဖွဲ့တွေက လက်မခံသေးပါဘူး။ ဒါကြောင့်မို့ နှစ်ဦးနှစ်ဖက် ကျေနပ်အောင် အပေးအယူမလုပ်နိုင်ပဲ ဒီအတိုင်း ဆက်သွားနေမယ်ဆိုရင် လက်နက်ကိုင် ပဋိပက္ခ ထပ်ဖြစ်လာနိုင်ဖို့သာ ရှိတယ်လို့ သုံးသပ်ကြပါတယ်။

ဗမာစစ်တပ်မှာ စေ့စပ်ဆွေးနွေးပြီး ပြဿနာဖြေရှင်းတဲ့ အစဉ်အလာမရှိပါဘူး။ တရုတ်ကလည်း ကိုယ်ကျိုးစီးပွားကလွဲပြီး ဘာကိုမှ ဂရုစိုက်တာ မဟုတ်ပါဘူး။ သီရိလင်္ကာအစိုးရကို စည်းရုံးတဲ့အနေနဲ့ တရုတ်အစိုးရက လက်နက်ထောက်ပံ့တာကြောင့် Tamil ပြောက်ကျားသူပုန်အရေးနှိမ့်ပြီး ပြည်တွင်းစစ် နိဂုံးချုပ်သွားတာဟာကို ဗမာစစ်အစိုးရ အားကျနိုင်ပါတယ်။ သီရိလင်္ကာအစိုးရကို လက်နက်ကြီးမျိုးစုံနဲ့ စစ်လေယာဉ်တွေ ထောက်ပံ့တဲ့အပြင် သံတမန်ရေးရာအရလည်း တရုတ်က အကာအကွယ်ပေးပါတယ်။ ဒီကြားထဲ Tamil သူပုန်ကို အကြမ်းဖက်သမားအဖြစ် သတ်မှတ်ထားတဲ့ နိုင်ငံက (၄၀) နီးပါးရှိလာပါတယ်။ ဒါကြောင့် သီရိလင်္ကာအစိုးရဟာ အပစ်အခတ်ရပ်စဲမှုကို ရုတ်သိမ်းပြီး ထိုးစစ်ဆင်နိုင်တာ ဖြစ်ပါတယ်။

နိုင်ငံခြားက စစ်ရေးအကူအညီ ကောင်းကောင်းရနေတဲ့ အစိုးရဟာ ပြည်တွင်းပြဿနာကို လက်နက်နဲ့ ဖြေရှင်းနိုင်တယ်ဆိုတာကို သီရိလင်္ကာပြည်တွင်းစစ်က သက်သေပြနေပါတယ်။ သီရိလင်္ကာလူမျိုးစုနဲ့ Tamil လူနည်းစုဖြစ်ပွားတဲ့ လူမျိုးရေးပဋိပက္ခမှာ တရုတ်အစိုးရဟာ အာဏာရလူများစုဖက်က ရပ်တည်ပြီး ကိုယ်ကျိုးစီးပွားကို ကာကွယ်လိုက်တာပါပဲ။ လူနည်းစုအပစ်ရပ်အဖွဲ့နဲ့ လူများစု ဗမာအစိုးရကို ဆက်ဆံရာမှာလည်း တရုတ်အစိုးရဟာ လူများစုဖက်ကလိုက်ပြီး ကိုယ်ကျိုးစီးပွားမြှင့်တင်ဖို့သား အလားအလာရှိကြောင်း တင်ပြလိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG