သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေဝါရောင် (၂) နှစ်မြောက် ဘန်ကောက်မြို့ သံရုံးရှေ့ ဆန္ဒပြ


ဒီကနေ့ဟာ မြန်မာပြည်မှာ သံဃာတော်တွေရဲ့ ငြိမ်းငြိမ်းချမ်းချမ်း ကံဆောင်သပိတ်မှောက် လှုပ်ရှားမှု ဖြစ်ပွားခဲ့တဲ့ (၂) နှစ်ပြည့်မြောက်ခဲ့ပါပြီ။ ဒီလှုပ်ရှားမှုကို စစ်အစိုးရက ရက်ရက်စက် နှိမ်နှင်းခဲ့လို့ ရဟန်းသံဃာတော်တွေ အပါအဝင် ကျောင်းသားပြည်သူတွေ သွေးမြေကျခဲ့ရသလို တော်တော်များများလည်း နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ကြရပါတယ်။ ဒီအဖြစ်အပျက်ကြီးကို မမေ့နိုင်ကြတဲ့ ပြည်တွင်းပြည်ပက မြန်မာ့အရေးလှုပ်ရှားသူတွေကတော့ နှစ်ပတ်လည် အထိန်းအမှတ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီအကြောင်းကို ဘန်ကောက်ရုံးမှာ တာဝန်ကျနေတဲ့ ကိုသိန်းထိုက်ဦးက တင်ပြထားပါတယ်။

ကားသွားကားလာတွေ ရှုပ်ထွေးနေတဲ့ ဘန်ကောက်မြို့ စထုံ လမ်းမကြီးဘေး မြန်မာသံရုံးရှေ့မှာ ဒီနေ့နေ့ခင်းပိုင်း မြန်မာသံဃာတော်တချို့ စုဝေးပြီး မေတ္တာသုတ် ရွတ်ဆိုနေတဲ့အချိန်၊ အဲဒီသံဃာတော်တွေရဲ့ အနီးမှာ ထိုင်းလုံခြုံရေး တပ်ဖွဲ့ဝင်တချို့ ရှိနေခဲ့ပါတယ်။ ဒါပေမယ့်လည်း ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်တွေက လက်နက်တွေ ကိုင်ဆောင်ထားတာ မရှိသလို သံဃာတော်တွေကို ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားတာမျိုးတွေလည်း မတွေ့ခဲ့ရပါဘူး။ မြန်မာသံရုံးရှေ့ ဆန္ဒပြတဲ့သူတွေကို အနှောက်အယှက်မပေးဘဲ ရွှေဝါရောင် တော်လှန်ရေး သံဃာ့လှုပ်ရှားမှု ၂ နှစ်ပြည့် အခမ်းအနားကို ကျင်းပခွင့် ပေးခဲ့ပါတယ်။ ဆန္ဒပြပွဲမှာ သံဃာတော်တွေနဲ့အတူ ပါလာခဲ့တဲ့ မြန်မာ့အရေး လှုပ်ရှားသူတွေက ဖမ်းဆီးထားတဲ့ သံဃာတော်တွေ၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူတွေကို ပြန်လွှတ်ပေးဖို့ မြန်မာစစ်အစိုးရကို တောင်းဆိုပါတယ်။

သံဃာတော်တွေအပေါ် အကြမ်းဖက်နှိပ်စက်ခဲ့တဲ့ လုပ်ရပ်တွေအတွက် မြန်မာစစ်အစိုးရဘက်က ဝန်ချတောင်းပန်ဖို့လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက တောင်းဆိုပါတယ်။ စစ်အစိုးရအပေါ် ဘာသာရေးအရ အရေးယူဒဏ်ခတ်တဲ့ ကံဆောင်သပိတ်တွေ ဆက်ပြီး မှောက်သွားဖို့လည်း တောင်းဆိုနေပါတယ်။ ရွှေဝါရောင် တော်လှန်ရေး ၂ နှစ်ပြည့် သံဃာထုရဲ့ ကြေညာချက်တွေကိုလည်း ဒီနေ့အခမ်းအနားမှာ ဖတ်ကြားပါတယ်။

မြန်မာနိုင်ငံအရေးနဲ့ပတ်သက်လာရင် စစ်အစိုးရ ကျင်းပမယ်ဆိုတဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒအပြောင်းအလဲတွေကို ပိုပြီးတော့ အာရုံစိုက်တဲ့သူတွေလည်း အများအပြား ရှိလာနေပါတယ်။

မြန်မာစစ်အစိုးရရဲ့ လမ်းပြမြေပုံနဲ့ အရပ်သားအစိုးရအဖြစ် ပြောင်းလဲမယ့်အစီအစဉ်တွေ အပေါ် လက်ခံကြိုဆိုသူတွေလည်း အများအပြား ရှိနေပါတယ်။ ဒါပေမယ့်လည်း စစ်အစိုးရခင်းမယ့် ဒီမိုကရေစီလမ်းက သံဃာတော်တွေ စီတန်းကြွချီပြီး မေတ္တာပို့ခွင့်ရှိတဲ့လမ်း ဖြစ်ပါ့မလားဆိုတဲ့ သံသယတွေလည်း မြန်မာပြည်သူတွေကြားမှာ ရှိနေပါတယ်။ သံဃာတော်တွေကတော့ မြန်မာပြည်မှာ ဘာသာရေးဆိုင်ရာ တန်ဖိုးထားမှုတွေကို လေးစားပြီး ငြိမ်းချမ်းရေးနဲ့ မေတ္တာတရားကို တန်ဖိုးထားတတ်တဲ့ အစိုးရတရပ် ပေါ်ပေါက်လာရေး ဆက်လက်လှုပ်ရှားမယ့်အကြောင့် ရွှေဝါရောင် တော်လှန်ရေး နှစ်ပတ်လည်မှာ အခိုင်အမာ မိန့်ကြားခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG