သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်က တပ်ဖွဲ့ ရုပ်သိမ်းရေး အမေရိကန်ကာကွယ်ရေးဝန်ကြီး လက်မခံ


အာဖဂန်နိုင်ငံက အမေရိကန် တပ်တွေ ပြန်လည်ထွက်ခွာဖို့ ရက်သတ်မှတ်ဆုံးဖြတ်ဖို့ ကိစ္စကို ကာကွယ်ရေး ဝန်ကြီး ရောဘတ် ဂိတ်စ် က ပယ်ချလိုက်ပါတယ်။ အမေရိကန် စစ်ရေးဆောင်ရွက်မှုတွေကို အာဖဂန်မှာ အဆုံးသတ်လိုက်မယ် ဆိုရင် ဒါဟာ မဟာဗျူဟာအရ မှားယွင်းတဲ့ ဆုံးဖြတ်ချက် ဖြစ်လိမ့်မယ်ဆိုပြီး ဝန်ကြီး ဂိတ်စ် က မနေ့တုန်းကပဲ ပြောဆိုလိုက်တာပါ။ အာဖဂန်မှာ အရေးနိမ့်ခဲ့ရင် အစ္စလာမ် အစွန်းရောက် ဝါဒီတွေနဲ့ အယ်လ်ကိုင်းဒါး အဖွဲ့တွေ လူသစ်စုဆောင်းနေတာတွေ၊ စစ်ရေးဆင်နွှဲ နေတာတွေကို အားသစ်လောင်းသလို ကြီးမားလှတဲ့ အကျိုးဆက်တွေ ကြုံရနိုင်တယ်လို့ ဆိုပါတယ်။

အာဖဂန်နိုင်ငံကို နောက်ထပ် တပ်တွေ စေလွှတ်ဖို့ သင့်မသင့် ဆုံးဖြတ်ဖို့အတွက် ပြန်လည်သုံးသပ်နေတဲ့ သမ္မတ ဘရက်ခ် အိုဘားမား နဲ့ စစ်တပ်အကြား ကွဲလွဲမှုတွေ မရှိဘူးလို့လည်း သူက ပြောခဲ့တာ ဖြစ်ပါတယ်။ အာဖဂန်မှာရှိနေတဲ့ ဗိုလ်ချုပ်ကြီး Stanley McChrystal ကတော့ တပ်တွေတိုးပြီး ပို့ဖို့ တောင်းခံ ထားပေမဲ့ သမ္မတက မဟာဗျူဟာကို ပြန်ပြောင်းသုံးသပ် နေတဲ့အပေါ် ထောက်ခံကြောင်း ပြောပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ကတော့ အချေအတင် ဖြစ်နေတဲ့ အာဖဂန်သမ္မတ ရွေးကောက်ပွဲ ရလာဒ်နဲ့ ပတ်သက်လို့ ဖြေရှင်းလို့ မပြီးမချင်း တပ်တွေ နောက်ထပ် စေလွှတ်ဖို့ ကိစ္စကို မဆုံးဖြတ်သင့်ကြောင်း မနေ့တုန်းက CBS ရုပ်သံဌာနနဲ့ မေးမြန်းခန်းမှာ အကြံပြုခဲ့တာပါ။ ဒီအတောအတွင်း အာဖဂန် အနောက်ပိုင်းက Herat ပြည်နယ်မှာ အာဖဂန်အစိုးရရဲ့ စွမ်းအင် ဝန်ကြီးကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့ လမ်းဘေးထောင် ဗုံးတလုံး ပေါက်ကွဲခဲ့လို့ ဝန်ကြီးက အသက်မသေ လွတ်မြောက်ခဲ့ပေမဲ့ အနည်းဆုံး အရပ်သား ၄ ဦး သေဆုံးပြီး နောက်ထပ် ၁၇ ယောက်လည်း ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG