သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ကို ကျေးဇူးတင်သည့် ဝန်ကြီးချုပ်သိန်းစိန်၏ ကုလမိန့်ခွန်း


နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေညီလာခံ ခန်းမကြီးမှာ မြန်မာစစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် မိန့်ခွန်းပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံပေါ်မှာ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုပ်သိမ်းရေး၊ နာဂစ်မုန်တိုင်းသင့်ဒေသ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို ပိုပြီး အကူအညီပေးရေး၊ စတာတွေကို အဓိကထား တောင်းဆိုသွားပေမဲ့ ပြည်တွင်းမှာ ဒီမိုကရေစီရေး လုပ်ငန်းစဉ်တွေဖြစ်တဲ့ တွေ့ဆုံဆွေးနွေးရေး၊ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးရေး၊ အထွေထွေရွေးကောက်ပွဲ အချိန်ဇယား စတာတွေကိုတော့ ထည့်သွင်းပြောဆိုသွားတာ မတွေ့ရပါဘူး။ ဗိုလ်ချုပ်ကြီးသိန်းစိန်ရဲ့ မိန့်ခွန်းကို စောင့်ကြည့် နားထောင်နေတဲ့ ဗွီအိုအေမြန်မာပိုင်း ဌာနမှူး ဦးသန်းလွင်ထွန်းက အပြည့်အစုံ တင်ပြပေးထားပါတယ်။

မြန်မာစစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်ဟာ အနောက်တိုင်းဝတ်စုံကို သေသေသပ်သပ် ဝတ်ထားပေမဲ့ သူ့ရဲ့မိန့်ခွန်းကိုတော့ မြန်မာလိုပဲ ဖတ်ကြားသွားခဲ့ပါတယ်။ ကုလသမဂ္ဂ အထွေထွေညီလာခံ စင်မြင့်မှာ မိန့်ခွန်းပြောကြားသွားတဲ့ အတော်များများ နိုင်ငံတွေလိုပဲ သူက ကမ္ဘာ့စီးပွားရေး အကျပ်အတည်း ပြဿနာအကြောင်း၊ ဖွံ့ဖြိုးဆဲ ဆင်းရဲနွမ်းပါးတဲ့ နိုင်ငံတွေမှာ ဒီဒဏ်ကို ပိုမိုရိုက်ခတ် ခံစားရတဲ့ အကြောင်းနဲ့ စတင်ပါတယ်။ ဖွံ့ဖြိုးပြီး နိုင်ငံကြီးတွေဘက်က ဒီပြဿနာကို ပြေလည်အောင် ကြိုးပမ်းဆောင်ရွက် နေမှုတွေအတွက် ကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့ရာမှာတော့ တရုတ်နိုင်ငံနဲ့ သမ္မတကြီး ဟူဂျင်တောင်း (Hu Jintao) ရဲ့ နာမည်ကို အထူးတလည် ထုတ်ဖော်ပြောကြားသွားခဲ့တာမို့ ကုလသမဂ္ဂ စင်မြင့်ပေါ်ကနေ တရုတ်နဲ့ မြန်မာစစ်အစိုးရ နီးစပ်မှုကို မဏ္ဍပ်တိုင် တက်ပြလိုက်ခြင်းလို့ ရှုမြင်ရပါတယ်။

တဆက်တည်းမှာပဲ သူက ကုလသမဂ္ဂအတွင်း ဒီမိုကရေစီ နည်းလမ်းကျ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ နှေးကွေးနေတဲ့အကြောင်း၊ လုံခြုံရေးကောင်စီရဲ့ လုပ်ပုံကိုင်ပုံ ဆုံးဖြတ်ချက်တွေမှာ တာဝန်ခံမှုနဲ့ ပွင့်လင်းမြင်သာမှုတွေ လိုအပ်နေကြောင်း ထောက်ပြသွားပါတယ်။ ညီလာခံ ဖွင့်ပွဲနေ့က စင်မြင့်ပေါ်မှာ တနာရီခွဲကျော်ကြာ ကုလသမဂ္ဂကို ဝေဖန်သွားတဲ့ လစ်ဗျားခေါင်းဆောင် ကဒါဖီ (Gadhafi) လောက်တော့ ပြင်းပြင်းထန်ထန် ပြောသွားခဲ့တာ မဟုတ်ပါဘူး။

ဒါပေမဲ့လည်း စစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က နိုင်ငံကြီးတချို့ဟာ နိုင်ငံငယ်တွေရဲ့ သမိုင်းကြောင်း၊ ယဉ်ကျေးမှုတွေကို ဂရုမစိုက်ဘဲ သူတို့ရဲ့ သြဇာလွှမ်းမိုးမှု သက်သက်အတွက် ကြည့်ပြီး စီးပွားရေး ပိတ်ဆို့မှုတွေကို လက်နက်သဖွယ် အသုံးချနေတယ်လို့ စွပ်စွဲလိုက်ပါတယ်။ နိုင်ငံတွေကို အမည်တော့ မဖော်ပါဘူး။ ဒီပိတ်ဆို့ အရေးယူမှုတွေဟာ အပိတ်ဆို့ခံ နိုင်ငံတွေရဲ့ ဖွံ့ဖြိုးမှုနဲ့ ပြည်သူတွေ အပေါ်မှာပဲ ထိခိုက်စေတယ်၊ ဒါကြောင့် ဒီလို မတရား ပိတ်ဆို့မှုတွေကို ရပ်တန့်ပေးပါလို့ တောင်းဆိုကြောင်းလည်း သူက ပြောကြားသွားပါတယ်။

၂၀၀၈ ခုနှစ်က တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းအပြီး နိုင်ငံတကာက ကတိပြုထားတဲ့ အကူအညီတွေ အပြည့်အ၀ မရရှိသေးတာကြောင့် စစ်အစိုးရက အိတ်စိုက် အကူအညီပေးနေရတယ်လို့လည်း သူက ဆိုပါတယ်။ အဲဒီ နာဂစ်မုန်တိုင်း ပြီးပြီးချင်း မြန်မာနိုင်ငံမှာ လုပ်ခဲ့တဲ့ လူထုဆန္ဒခံယူပွဲကြီးမှာ စစ်အစိုးရရဲ့ အခြေခံဥပဒေကို လူထုက ၉၂.၄၈% နဲ့ အတည်ပြုပေးနိုင်ခဲ့တယ်လို့လည်း သူက ဝံ့ဝံ့ကြွားကြွား ပြောဆိုသွားခဲ့ပါတယ်။ စစ်အစိုးရရဲ့ အစီအစဉ်အတိုင်း အထွေထွေရွေးကောက်ပွဲတွေကို ရှေ့နှစ်မှာလုပ်မယ်လို့ ပြောပေမဲ့ အချိန်ဇယား၊ အစီအစဉ် အတိအကျကိုတော့ ထုတ်ဖော်ပြောကြားသွားခြင်း မရှိသေးပါဘူး။

အကျဉ်းသား ၇,၀၀၀ ကျော် မကြာခင်က လွတ်ငြိမ်းချမ်းသာခွင့် ရရှိကြောင်း ပြောသွားပေမဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေးကိစ္စ၊ အတိုက်အခံတွေနဲ့ ညှိနှိုင်းဆွေးနွေးရေး ကိစ္စတွေကိုလည်း မပြောဘဲ မိမိတို့နဲ့ သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ လက်ရှိ နိုင်ငံရေးအစီအစဉ်မှာ ပါဝင်ဆောင်ရွက်ဖို့ လိုတယ်ဆိုတဲ့ အကြောင်းကိုပဲ ပြောကြားသွားတာကို တွေ့ရပါတယ်။

မိန့်ခွန်းရဲ့ အစောပိုင်းမှာ ဒေသတွင်း နျူကလီးယားလက်နက် ကင်းစင်ရေး လုပ်ငန်းစဉ်အပေါ် သဘောတူညီကြောင်းလည်း သူက ပြောကြားခဲ့တာမို့ အများက အခုတလော စိုးရိမ်နေကြတဲ့ မြန်မာနိုင်ငံက နျူကလီးယားလက်နက် အစီအစဉ်တွေ ကိစ္စကို ကြိုတင်ကာကွယ် ပြောဆိုသွားတာ ဖြစ်တယ်လို့လည်း ရှုမြင်ရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG