သုံးရလွယ်ကူစေသည့် Link များ

အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်နဲ့ ဗိုလ်ချုပ်ကြီးသိန်းစိန် တွေ့ဆုံမည်


အခု ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်ဖို့ ရောက်ရှိနေတဲ့ မြန်မာစစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်ကို အမေရိကန် အထက်လွှတ်တော် အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ နိုင်ငံခြားရေးရာ ကော်မတီ ဥက္ကဋ္ဌ ဂျင်မ်ဝက်ဘ် (Jim Webb) က လက်ခံတွေ့ဆုံမယ်လို့ အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်ရုံးက ကြေညာပါတယ်။

ကုလသမဂ္ဂရဲ့ ဒုတိယ လက်ထောက်အတွင်းရေးမှူးချုပ် သံအမတ်ကြီး ဂျိုးဆက် ဗာနာ ရိဒ် (Joseph Verner Reed) ရဲ့ ဖိတ်ကြားချက်အရ အခုလို တွေ့ဆုံမှာ ဖြစ်တယ်လို့ သိရပါတယ်။ မစ္စတာရိဒ်ကနေ အခုလို စီစဉ်ဆောင်ရွက်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းနဲ့ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နဲ့ ထပ်ပြီး တွေ့ဆုံဆွေးနွေးလိုတယ်လို့ မစ္စတာဝက်ဘ်က သူ့ကြေညာချက်မှာ ဖော်ပြပါတယ်။

အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်ဟာ ပြီးခဲ့တဲ့ လအတွင်းကပဲ မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဗိုလ်ချုပ်ကြီးသိန်းစိန် အပါအဝင် မြန်ုမာစစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ဖူးပါတယ်။ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ ဒဏ်ခတ်မယ့်အစား မြန်မာစစ်အစိုးရနဲ့ တိုက်ရိုက်ဆက်ဆံပြီး မြန်မာ့အရေး ဆောင်ရွက်ကြဖို့ အနောက်နိုင်ငံတွေကို မစ္စတာဝက်ဘ်က တိုက်တွန်းခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာန တာဝန်ရှိသူတဦး ပြီးခဲ့တဲ့ သောကြာနေ့မှာ ပြောသွားတဲ့ အထဲမှာတော့ အမေရိကန် အစိုးရပိုင်းရော နိုင်ငံခြားရေးဌာနကပါ အခု မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်ကိုဖြစ်စေ၊ နယူးယောက် ကုလသမဂ္ဂ ညီလာခံ တက်လာတဲ့ မြန်မာ့အရာရှိတွေကိုဖြစ်စေ တွေ့ဆုံဖို့ အစီအစဉ်မရှိဘူးလို့ ပြောထားပါတယ်။

မကြာခင်ကတော့ မြန်မာနိုင်ငံအပေါ် အမေရိကန် နိုင်ငံခြားရေး မူဝါဒသစ်မှာ မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွေအတွက် ဖိအားပေးတာအပြင် မြန်မာစစ်အစိုးရနဲ့ ထိစပ်ဆက်ဆံ ဆောင်ရွက်သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ပြောခဲ့ပါတယ်။

ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် မစ္စတာဝက်ဘ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း ဝါရှင်တန်ဒီစီကို ရောက်လာတဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းကို တွေ့ဆုံခဲ့ပါသေးတယ်။ မစ္စတာဂျင်မ်ဝက်ဘ်ဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အထက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ ကြားနာပွဲတရပ်ကို အခု စက်တင်ဘာ ၃၀ ရက်မှာ ဦးဆောင်ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG