သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဝန်ကြီးချုပ် ကုလသမဂ္ဂမှာ ဝိုင်းဆန္ဒပြခံရ


မြန်မာဝန်ကြီးချူပ် ဗိုလ်ချုပ်ကြီးသိန်းစိန် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ လာပြီး မိန့်ခွန်းပြောတဲ့အချိန်မှာ နယူးယောက် (New York) မြို့မှာ ရှိနေကြတဲ့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေကလည်း ကုလသမဂ္ဂရုံး အပြင်ဘက်မှာ စုဝေး ဆန္ဒပြ ခဲ့ကြပါတယ်။ မြန်မာကိုယ်စားလှယ်အဖွဲ့ တည်းခိုတဲ့ နယူးယောက်မြို့ ၃၉ လမ်းမှာရှိတဲ့ East Gate ဟိုတယ် ရှေ့မှာ လည်း ၂၈ ရက်နေ့မနက်က ဆန္ဒပြခဲ့ကြရာမှာ စိတ်မထိန်းနိုင်တဲ့ ဆန္ဒပြသူတချို့က နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းတို့ ပါသွားတဲ့ ကားကို ဖိနပ်၊ ကော်ဖီခွက်တွေနဲ့ ပစ်ပေါက်တာတွေ လုပ်ခဲ့ကြပါတယ်။ အဲဒီအခြေအနေတွေ အားလုံးကို သတင်းယူဖို့ ရောက်နေတဲ့ ဗွီအိုအေ (မြန်မာ) ဝိုင်းတော်သူ မစုမြတ်မွန်က အပြည့်အစုံကို တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာစစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် မိန့်ခွန်းပြောကြမယ့် မနက် ၇ နာရီ ကတည်းက နယူးရော့ခ်မြို့မှာရှိတဲ့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားနေသူတွေက မြန်မာကိုယ်စားလှယ်အဖွဲ့ တည်းခိုတဲ့ East Gate ဟိုတယ်ရှေ့မှာ စောင့်ပြီး ဆန္ဒပြနေခဲ့ကြပါတယ်။

ဆန္ဒပြသူ ၂၀ ကျော် ၃၀ လောက် ဆန္ဒပြနေကြချိန်မှာ ဟိုတယ်ထဲကနေ မြန်မာကိုယ်စားလှယ်အဖွဲ့က လူတချို့က ထွက်လာ ပြီး ဆန္ဒပြသူတွေကို ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေ ပြန်ရိုက်တာကို မြင်ခဲ့ရပါတယ်။ နောက် မကြာခင်မှာဘဲ နယူးယောက်မြို့ ရဲတချို့ ရောက်လာပြီး ဟိုတယ်အရှေ့မှာ ဆန္ဒပြနေကြတဲ့ ဆန္ဒပြနေသူတွေကို လမ်းတဖက်မှာ သွားပြီး ဆန္ဒပြဖို့ ပြောဆိုပါ တယ်။ အဲဒီလို ဖြစ်နေတဲ့အချိန်မှာ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနဲ့အဖွဲ့ ထွက်လာပြီး ကားပေါ်တက်ချိန်မှာတော့ ဆန္ဒပြ သူတွေက ကားနားအထိသွားပြီး အော်ဟစ်ဆန္ဒပြကြလို့ ခဏတော့ ရုန်းရင်းဆန်ခတ် ဖြစ်သွားပါတယ်။ နိုင်ငံခြားရေး ဝန်ကြီးနဲ့အဖွဲ့ စီးသွားတဲ့ကားကို ဆန္ဒပြသူတွေက ဖိနပ်တွေနဲ့ပစ်ပေါက်၊ ကော်ဖီခွက်တွေနဲ့လည်း ပစ်ပေါက်ခဲ့ကြပါတယ်။ ဖိနပ်နဲ့ပေါက်ကြတဲ့ သူတွေထဲက တယောက်ကို ရဲက ပထမ ဖမ်းလိုက်ပြီး ခဏအကြာမှာပဲ ပြန်လွှတ်ပေးလိုက်ပါတယ်။ ဆန္ဒပြကြသူတွေထဲမှာ ကျောင်းသားခေါင်းဆောင်ဟောင်း တယောက်ဖြစ်တဲ့ ကိုမိုးသီးဇွန်လည်း ပါပါတယ်။

“ဗိုလ်ချုပ်သိန်းစိန်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဉာဏ်ဝင်းတို့က ကုလသမဂ္ဂ အစည်းအဝေးကို လာတယ်။ သူတို့က မြန်မာ ကိုယ်စားလှယ်တွေ မဟုတ်ဘူး။ သူတို့ဟာ တရားဝင် ကိုယ်စားလှယ်အဖြစ် ကျနော်တို့ မသတ်မှတ်ဘူး။ သူတို့ဟာ တရားဝင် ကိုယ်စားလှယ်တွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ ၉၀ ရွေးကောက်ပွဲက အရွေးခံတဲ့ ပြည်သူလွှတ်တော် ကိုယ်စားလှယ်များ သာ ဖြစ်သင့်ပါတယ်။ နောက်တခုက သူတို့ဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေသူတွေ၊ ၉၀ ရွေးကောက်ပွဲ ရလဒ်ကို ignore လုပ်ထားသူတွေ၊ ဒါကြောင့်မို့ ကျနော်တို့အားလုံး လာပြီးတော့ နယူးယောက်မှာရှိတဲ့ မြန်မာတွေ ဆန္ဒပြ တာ ဖြစ်ပါတယ်။ ဒီဆန္ဒပြပွဲမှာ နိုင်ငံခြားရေးဝန်ကြီး ဉာဏ်ဝင်းကို ဖိနပ်နဲ့ ပစ်လိုက်နိုင်ပါတယ်။”

"ဒီမှာ ဆန္ဒပြတာတော့ မြင်တွေ့နေရတဲ့အတိုင်း ကျနော်တို့ ရောက်လာတဲ့ မြန်မာတွေကတော့ မခံမရပ်နိုင် ဖြစ်နေကြကာ ဒေါသတွေထွက်၊ ဝမ်းတွေနည်းဖြစ်ရင်းနဲ့ အခုန နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းကတော့ သူတို့ကို လာခေါ်တဲ့ ကား အနက်ရောင်နဲ့ ထွက်သွားတယ်။ အဲဒီထွက်သွားတဲ့အချိန်မှာ ကျနော်တို့ မြန်မာပြည်သူတွေက ဒေါသမထိန်းနိုင်တဲ့ အတွက် ကြောင့် ပစ္စည်းတွေ၊ ဖိနပ်တွေနဲ့ ပေါက်မိတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့တောင်မှ လူသတ်ထားတာပဲ။ ကျနော်တို့ ဒေါသတွေကို ကျနော်တို့ အတတ်နိုင်ဆုံး ထိန်းနေရတာပါ။”
ဆန္ဒပြသူတဦးဖြစ်သူ ကိုမိုးချမ်း ပြောဆိုသွားတာ ဖြစ်ပါတယ်။

စစ်အစိုးရအပေါ်ထားတဲ့ ပြည်သူတွေရဲ့ သဘောထားကို မြန်မာနိုင်ငံမှာဆိုရင် ဖော်ထုတ်ဖို့ ခက်ခဲလို့ မြန်မာစစ်ခေါင်းဆောင် တွေ အမေရိကန်မှာ ရောက်နေချိန်မှာ မြန်မာပြည်သူတွေအစား ဆန္ဒလာပြီး ဖော်ထုတ်တောင်းဆိုတာလို့ ဆန္ဒလာပြတဲ့ သံဃာတော်တပါးကလည်း မိန့်ကြားပါတယ်။

“သံဃာတွေက ဗမာပြည်မှာ ဘယ်သူမှ ဘာမှမပြောဆိုနိုင်လို့ အားလုံးက ကြောက်နေကြရတယ်။ အဲဒီလို ကြောက်နေပြီး တော့ ဘယ်သူမှ အသံမထွက်ရဲဘူး။ ဘုန်းကြီး ရဟန်းသံဃာ လူတွေကို ထောင်ထဲမှာ သွင်းထားတယ်။ ဘယ်သူမှ မပြောရဲ မဆိုရဲ ဖြစ်တာကို ဘုန်းဘုန်းတို့က ပြည်တွင်းမှာရှိတဲ့ သံဃာတွေ၊ ဗမာပြည်သူပြည်သားတွေ ကိုယ်စား လာပြီးတော့ မကျေနပ်ကြောင်း၊ ဗမာပြည်ကို စစ်တပ်ကို အလိုမရှိကြောင်း၊ ပြည်သူပြည်သားတွေ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာနဲ့ လူ့အခွင့်အရေး ပြည့်ပြည့်ဝဝ၊ ဘာသာရေး လွတ်လပ်ခွင့် ရှိအောင်ဆိုပြီးတော့ ပြည်သူပြည်သားတွေ ကိုယ်စား လာပြီးတော့ အခွင့်အရေးကို တောင်းဆိုပြီးတော့ ပြောရခြင်းဖြစ်ပါတယ်။”

ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာဝန်ကြီးချုပ် မိန့်ခွန်းလာပြီး ပြောတဲ့နေ့မှာပဲ သူဟာ ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ် ဘန်ကီမွန်း (Ban Ki-moon)၊ အမေရိကန် အထက်လွှတ်တော် အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ နိုင်ငံခြားရေးရာ ကော်မတီ ဥက္ကဋ္ဌ ဂျင်မ်ဝက်ဘ် (Jim Webb) နဲ့လည်း သီးခြားတွေ့ဆုံခဲ့ပါတယ်။ ဒါကြောင့် နယူးရော့ခ်မြို့က ဒီမိုကရေစီရေး လှုပ်ရှား ဆန္ဒပြကြတဲ့ Burma Point အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပါ၊ မြန်မာနိုင်ငံ လွတ်မြောက်ပါစေ စတဲ့ ဓာတ်ပုံ ပိုစတာတွေ ကပ်ထားတဲ့ ကား ၂ စီးနဲ့ နယူးရော့ခ်မြို့မှာရှိတဲ့ မြန်မာသံရုံးရှေ့၊ ကုလသမဂ္ဂ သံရုံးရှေ့နဲ့ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နဲ့အဖွဲ့ တည်းခိုနေတဲ့ East Gate ဟိုတယ်ရှေ့တွေကို တနလာၤနေ့ တနေ့လုံး ကားနဲ့လှည့်ပတ်ပြီး ဆန္ဒပြကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG