သုံးရလွယ်ကူစေသည့် Link များ

အမေရိကန်၊ မြန်မာ အဆင့်မြင့် အရာရှိများ နယူးယောက်မှာ တွေ့ဆုံဆွေးနွေး


အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ မူဝါဒကို ပြန်လည်သုံးသပ်ခဲ့ပြီး ပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးဖို့ မစဉ်းစားသေးပေမဲ့ တိုက်ရိုက်ဆက်ဆံမယ်လို့ ထုတ်ပြန်ခဲ့ပြီးနောက် အရှေ့အာရှနဲ့ ပစိဖိတ်ဒေသရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် (Kurt Campbell) က မြန်မာစစ်အစိုးရ သိပ္ပံနဲ့ နည်းပညာဝန်ကြီး ဦးသောင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ အင်္ဂါနေ့ မွန်းလွဲပိုင်းက နယူးယောက်မြို့မှာ တွေ့ဆုံခဲ့ပါတယ်။ အကြောင်းစုံ ကို ဒေါ်ခင်စိုးဝင်းက တင်ပြပေးထားပါတယ်။

ဒီတွေ့ဆုံပွဲ အစီအစဉ်နဲ့ ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ ပီ.ဂျေ. ခရောင်လီ (P.J. Crowley) က အင်္ဂါနေ့က ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ အခုလို အတည်ပြု ပြောဆိုခဲ့ပါတယ်။

“လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ်ဟာ မြန်မာ သိပ္ပံနဲ့ နည်းပညာဝန်ကြီး ဦးသောင်း ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့နဲ့ ဒီကနေ့ နယူးယောက်မြို့မှာ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ အဲဒီအစည်းအဝေးမှာ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် ဦးသန်းဆွေလည်း တက်ရောက်ဖို့ ရှိပါတယ်။”

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ်က ကနဦးအဆင့် အနေနဲ့ စစ်အစိုးရ ထိပ်တန်း ခေါင်းဆောင်ပိုင်းနဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ အ၀န်းအ၀ိုင်းပြင်ပမှာ တွေ့ဆုံမယ်လို့ တနင်္လာနေ့က ပြောဆိုခဲ့တဲ့ အတိုင်း အင်္ဂါနေ့မှာ တွေ့ဆုံခဲ့တာ ဖြစ်တယ်လို့ နယူးယောက်ကလာတဲ့ ခိုင်လုံတဲ့ သံတမန် သတင်းရပ်ကွက်က အတည်ပြု ပါတယ်။

လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ်နဲ့ တွေ့ဆုံခဲ့တဲ့ မြန်မာစစ်အစိုးရ သိပ္ပံနဲ့ နည်းပညာဝန်ကြီး ဦးသောင်း နဲ့ ပတ်သက်ပြီး မြန်မာ့အရေးကို အနီးကပ် စောင့်ကြည့်လေ့လာနေတဲ့ ၀ါရှင်တန်မြို့ ဂျော့ခ်ျတောင်းတက္ကသိုလ်က အာရှရေးရာဌာန ပါမောက္ခ ဒေးဗစ် စတိုင်းဘာ့ဂ် (David Steinberg) က ဗွီအိုအေကို အခုလိုပြောပြပါတယ်။

“၀န်ကြီး ဦးသောင်းဟာ မြန်မာနိုင်ငံမှာ ရုရှားအကူအညီနဲ့ တည်ဆောက်မယ့် နျူကလီးယား သုတေသန ဓာတ်ပေါင်းဖို စီမံကိန်းရဲ့ အကြီးအကဲတယောက် ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ်နဲ့လည်း တာဝန် ထမ်းဆောင်ခဲ့ဖူးပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မနက်ဖြန် အထက်လွှတ်တော် မြန်မာ့အရေး ကြားနာပွဲမှာ မေးမြန်းကြဖို့ ရှိပါတယ်။”

မြန်မာစစ်အစိုးရက မြောက်ကိုရီးယားက နျူကလီးယား နည်းပညာတွေ ရယူဖို့ ကြိုးပမ်းနေတဲ့ ကိစ္စတွေ အပေါ်မှာလည်း လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ်က တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါသေးတယ်။
တဆက်တည်းမှာပဲ မလေးရှားနိုင်ငံကို တရက်ကြာခရီး သွားရောက်ခဲ့တဲ့ အမေရိကန် ဒု-နိုင်ငံခြားရေးဝန်ကြီး ဂျိမ်းစ် စတိုင်းဘာ့ဂ် (James Steinberg) ကလည်း မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက် အစီအစဉ်အရေး အပါအ၀င် မြန်မာ့အရေး အမေရိကန်ရဲ့ မူဝါဒအသစ်နဲ့ ပတ်သက်ပြီးတော့လည်း ကွာလာလမ်ပူမြို့မှာ အင်္ဂါနေ့က ပြောဆိုခဲ့ပါသေး တယ်။

မြောက်ကိုရီးယားက နျူကလီးယားလက်နက်တွေ ပိုင်ဆိုင်မဲ့ နိုင်ငံအဖြစ် အမေရိကန် ပြည်ထောင်စုကရော ဒေသတွင်းမှာ ရှိတဲ့ နိုင်ငံတွေကပါ မတွေ့မြင်လိုကြပါဘူး၊ ဒီနှစ် ဇွန်လ ၁၂ ရက်နေ့က လုံခြုံရေးကောင်စီက ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက် အမှတ် ၁၈၇၄ အရ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတိုင်းက လိုက်နာဖို့ လိုအပ်တယ်လို့ ပြောရင်းနဲ့ မြောက်ကိုရီးယားနဲ့ အနီးကပ် ဆက်ဆံနေတဲ့ မြန်မာစစ်အစိုးရ အနေနဲ့လည်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် လာမယ့် ၂၀၁၀ ရွေးကောက်ပွဲကို အခွင့်ကောင်းယူပါလို့ အခုလို တိုက်တွန်းလိုက်ပါတယ်။

“မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဆိုတဲ့ ရည်မှန်းချက်အတွက် မြန်မာစစ်အစိုးရနဲ့ တိုက်ရိုက်ဆက်ဆံသွားဖို့ ကျနော်တို့ ပြင်ဆင်ထားကြပါတယ်။ စစ်အစိုးရအနေနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို တကယ် အလေးအနက်ထား တယ် ဆိုတာကို ပြသဖို့အတွက် လာမယ့် ၂၀၁၀ ရွေးကောက်ပွဲဟာ အခွင့်ကောင်းတရပ်ပဲလို့ ယူဆပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အပါအ၀င် သက်ဆိုင်သူတွေ အားလုံး ပါဝင်နိုင်မယ့် ပွင့်လင်းတဲ့၊ တရားမျှတတဲ့၊ ဥပဒေနဲ့အညီ ကျင်းပမယ့် ရွေးကောက်ပွဲဆိုတာ ကမ္ဘာကို ပြသရပါလိမ့်မယ်။”

တဆက်တည်းမှာပဲ ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် ခေါင်းဆောင် မစ်ခ်ျ မက်ကောနဲလ် (Mitch McConnell) က သမ္မတ အိုဘားမား အစိုးရက မြန်မာ့အရေး မူဝါဒသစ်တွေ ချမှတ်လိုက်တာဟာ စမ်းသပ်ချက်တရပ် ဖြစ်တယ်လို့ သဘောထားတဲ့အကြောင်း ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွှတ်ပေးပြီး၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပပေးရေး၊ အဲဒီရွေးကောက်ပွဲမှာ တိုင်းရင်းသားတွေ၊ အတိုက်အခံတွေ အားလုံး၊ သက်ဆိုင်သူတွေ အားလုံး ပါဝင်စေရေးနဲ့ မြောက်ကိုရီးယားနဲ့ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်နေတာတွေကို အဆုံးသတ်ရေး စတာတွေကို မြန်မာစစ်အစိုးရက အကောင်အထည် ဖော်ခဲ့မယ်ဆိုရင် တားဆီးပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးရေးကို စဉ်းစားပေးသင့်တဲ့ အကြောင်းကိုလည်း တိုက်တွန်းထားပါတယ်။

အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးရာ ကော်မတီ၊ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသရေးရာ ဆပ်ကော်မတီကနေ ဒီနေ့ ကျင်းပမယ့် မြန်မာ့အရေး ကြားနာပွဲမှာတော့ အမေရိကန်ရဲ့ မူဝါဒဟာ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးမှာ ဘယ်လို အကျိုး သက်ရောက်မှုတွေ ရှိနိုင်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး ထွက်ဆိုကြမှာ ဖြစ်ပါတယ်။ ဒီကြားနာပွဲမှာ ထွက်ဆိုကြမယ့် သူတွေ ကတော့ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ်၊ ကွယ်လွန်သူ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့ မြေးဖြစ်သူ သမိုင်းပညာရှင် ဦးသန့်မြင့်ဦး၊ ၀ါရှင်တန်မြို့ ဂျော့ခ်ျတောင်းတက္ကသိုလ် အာရှရေးရာ ဌာနက ပါမောက္ခ ဒေးဗစ် စတိုင်းဘာ့ဂ်၊ ဘလူမင်တန်မြို့ အင်ဒီယားနား တက္ကသိုလ် က ဥပဒေပါမောက္ခ ဒေးဗစ် ၀ီလီယံတို့က အသီးသီး ထွက်ဆိုကြမှာ ဖြစ်ပါတယ်။

မြန်မာ့အရေးကို အလေးအနက်ထား စတင်ကိုင်တွယ်နေတဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ်ကတော့ မြန်မာစစ်အစိုးရ အနေနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းက အဓိက စိုးရိမ် မကင်း ဖြစ်နေရတာတွေကို အရေးတယူ ဆောင်ရွက်မပြမချင်း တားဆီးပိတ်ဆို့မှုတွေကို လျှော့ပေါ့ပေးဖို့ စဉ်းစားမှာ မဟုတ် ဘူးလို့ ပြောဆိုထားပြီး ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG