သုံးရလွယ်ကူစေသည့် Link များ

မြန်မာ့အရေးမူဝါဒ ထိရောက်မှုရှိမရှိ အမေရိကန် အထက်လွှတ်တော် ကြားနာ


အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံဆိုင်ရာ မူဝါဒတွေမှာ တိုက်ရိုက် ဆက်ဆံမှုတွေ လုပ်မယ်လို့ ကြေညာထားတဲ့ နေရာမှာ ဒီလို ဆက်ဆံမှုတွေ လုပ်ဆောင်ဖို့ အဓိက တိုက်တွန်းမှုတွေ လုပ်နေတဲ့ အမေရိကန် အထက်လွှတ်တော်အမတ် Jim Webb က အထက်လွှတ်တော် နိုင်ငံခြားရေးရာ ဆပ်ကော်မတီရှေ့မှောက် ကြားနာမှုတွေ လုပ်ခဲ့ပါတယ်။ အမေရိကန် အစိုးရရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ မူဝါဒတွေနဲ့ ထိရောက်မှုတွေ အပေါ် အစစ်ခံတဲ့ နေရာမှာတော့ အခု အသစ်ကျင့်သုံးဖို့ ရှိနေတဲ့ မူဝါဒသစ်ကို ဦးဆောင်သွားဖို့ ရှိတဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kurt Campbell နဲ့ မြန်မာ့အရေး ကျွမ်းကျင်သူတွေ တက်ရောက် အစစ်ခံခဲ့ကြတဲ့ မနေ့တုန်းက ဒီကြားနာပွဲနဲ့ ပတ်သက်လို့တော့ ကိုယ်တိုင် သွားရောက် သတင်းယူခဲ့တဲ့ ကိုအောင်လွင်ဦး က အကြောင်းစုံ ကို တင်ပြပေးထားပါတယ်။

မြန်မာစစ်အစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်ထားတဲ့ အမေရိကန် အစိုးရက တိုက်ရိုက်ဆက်ဆံမှုတွေပါ လုပ်ဆောင်သွားဖို့ ဆုံးဖြတ်လိုက်တဲ့နောက် အသစ်ကျင့်သုံးသွားမယ့် မူဝါဒနဲ့ အရင်က ကျင့်သုံးခဲ့တဲ့ မူဝါဒတွေကြား အကျိုး အပြစ်တွေကို အထက်လွှတ်တော်မှာ ကြားနာခဲ့ကြတာပါ။ ဒီလို ထိတွေ့ဆက်ဆံမှုတွေ လုပ်ဆောင်ဖို့ အမေရိကန် အစိုးရ တွင်းမှာ တိုက်တွန်းမှုတွေ လုပ်ဆောင်နေတဲ့ အထက်လွှတ်တော်အမတ် Jim Webb က ဦးဆောင်ပြီး ပြုလုပ်ခဲ့တဲ့ ဒီကြားနာ မှု အတွင်းမှာတော့ မြန်မာနိုင်ငံက လက်ရှိနိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြဿနာတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလိုအပြောင်းအလဲတွေ လုပ်ဆောင်ဖို့ မြန်မာစစ်အစိုးရနဲ့ ဆက်ဆံမှုတွေလုပ်ဖို့ တိုက်တွန်းမှုတွေ လုပ်နေတဲ့ အထက်လွှတ်တော်အမတ် မစ္စတာ ၀က်ဘ် ကတော့

“ဒီကြားနာမှုကို အရေးကြီးတဲ့ အချိန်အခါမှာ ကျနော်တို့ ကျင်းပနေတာပါ။ ပြီးခဲ့တဲ့ သြဂုတ်လထဲမှာတုန်းက မြန်မာအစိုးရ ထိပ်တန်း ခေါင်းဆောင်တွေကို ပြောခဲ့သလိုပါပဲ၊ ဒေါ်အောင်ဆန်းစုကြည် အပေါ် ပြုမူဆက်ဆံနေတာနဲ့ ပတ်သက်လို့ ရှုမြင် နေတာတွေ ရှိပါတယ်။ သက္ကရာဇ် ၂၀၁၀ ရွေးကောက်ပွဲတွေဟာ နိုင်ငံတကာက ယုံကြည်လက်ခံနိုင်တဲ့ အခြေအနေ ဖြစ်ဖို့ က သူနဲ့ သူ့ပါတီကို ဒီလုပ်ငန်းစဉ်မှာ လွတ်လပ်ပြီး အပြည့်အ၀ ပါဝင်ခွင့်ရအောင် ကမ်းလှမ်းရပါလိမ့်မယ်။ ဒါတွေဟာလည်း သူ့ကို နေအိမ်မှာ ဖမ်းဆီးထားထာက လွှတ်မှ ဖြစ်နိုင်မယ်ဆိုတာလည်း ရှင်းပါတယ်။”

မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ နိုင်ငံရေးအရ တိုးတက်အောင် မလုပ်နိုင်တဲ့ အခြေအနေတွေ ရှိနေတာ မို့ စစ်အစိုးရနဲ့ အဆက်အဆံမလုပ်ဘဲ စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်ထားတာ၊ မြန်မာနိုင်ငံနဲ့ အဆင့်မြင့် သံတမန် ဆက်သွယ်မှု တွေ မလုပ်ခဲ့တာဟာ ဆိုရင်လည်း လွန်ခဲ့တဲ့ ၁၉၉၂ ခုနှစ်ကတည်းကလို့ သူက ဆိုခဲ့တာပါ။ အထက်လွှတ်တော်အမတ် ၀က်ဘ် က တော့ ဒါတွေကို ပြောင်းလဲလိုတာပါ။

“ကျနော်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကျန်ထဲ့သူတွေကို ထပ်ပြီး တိုက်တွန်းလိုတာကတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ပိုပြီး ထိရောက်စေမယ့် ချဉ်းကပ်မှုမျိုးတွေ ရှာနိုင်ဖို့ ဒီကနေ့ ကြားနာပွဲကို ဂရုစိုက်နားထောင်ကြပါ။ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ကျနော်တို့ရဲ့ မူဝါဒတွေမှာ ထိရောက်မှုရှိစေရေး ပြန်လည်သုံးသပ်ဖို့ အခု အထက်လွှတ်တော်မှာ စိတ်ကောင်းစေတနာ ထားပြီး ဆွေးနွေးမှု အသစ်တွေ လုပ်ဆောင်နေတာတွေကိုလည်း အားပေးကြပါ။”

အထက်လွှတ်တော် အမတ် အပါအ၀င် ကြားနာပွဲမှာ ကိုယ်တိုင်တက်ရောက် အစစ်ခံခဲ့ကြသူတွေကတော့ အမေရိကန် အစိုးရ က အရင်ချမှတ်ထားခဲ့တဲ့ ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေဟာ ထိရောက်မှု မရှိဘူးလို့ ဆိုကြတာပါ။ ဒီအထဲက မြန်မာ သမိုင်း ပညာရှင်တဦးဖြစ်တဲ့ ဒေါက်တာ သန့်မြင့်ဦး ကတော့ ပိတ်ဆို့ဒဏ်ခတ်မှုတွေဟာ နိုင်ငံရေး အပြောင်းအလဲ တွေ အတွက် အကောင်းထက် အဆိုးဘက်ကိုသာ ဦးတည်စေတယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

“ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေဟာ ဒီမိုကရေစီရေး ပြောင်းလဲမှုတွေ ဖြစ်စေဖို့အတွက် မထိရောက်သလို၊ အနောက် နိုင်ငံ တွေရဲ့ သြဇာသက်ရောက်မှုတွေ လျော့ကျတာ၊ အထီးကျန်ဖြစ်မှုဘက်ကို ပိုပြီးယိမ်းယိုင်သွားနိုင်တာ၊ ဈေးကွက်စီးပွားရေး ဘက်ကို ဦးတည်စေမယ့် အခြေအနေတွေကို ကန့်သတ်မှုတွေ ဖြစ်စေတာ၊ မြန်မာနိုင်ငံသား ကျွမ်းကျင်သူတွေ ပညာတတ် တွေ၊ စီမံခန့်ခွဲသူ၊ စွန့်ဦးတီထွင်သူတွေ နည်းပါးလာစေတာတွေ စတဲ့ ဆိုးကျိုးတွေကိုပဲ ဖြစ်စေပါတယ်။”

အမေရိကန်အစိုးရရဲ့ လက်ရှိပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေနဲ့ ပတ်သက်လို့ ထိရောက်မှုတွေ အားနည်းနေတယ်လို့ ဆွေးနွေးကြတဲ့ နေရာမှာတော့ ဒေသတွင်း နိုင်ငံတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိတာတွေကိုလည်း ဆွေးနွေးသူတွေက ပြောခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့လို့ ဒီအတွက် ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေကို ရုပ်သိမ်းတဲ့အတွက် အပြောင်းအလဲ တွေ သေချာပေါက် ဖြစ်လာနိုင်သလား ဆိုတာတော့ တိတိကျကျ ပြောနိုင်တာမျိုးတော့ မတွေ့ရပါဘူး။ အမေရိကန် အစိုးရ ကတော့ စစ်အစိုးရဘက်က အပြောင်းအလဲတွေ တကယ်တမ်း လုပ်မလုပ်ကို စောင့်ကြည့်သွားဦးမှာပါ။ အခုအချိန်အခါ မျိုး မှာ ဒါတွေကို ရုပ်သိမ်းဖို့ အချိန်မဟုတ်သေးဘူးလို့ မူဝါဒသစ်ကို လက်ရှိ ဦးဆောင်နေတဲ့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kirt Campbell က ကြားနာမှုမှာ ဆိုခဲ့တာပါ။

တိုက်ရိုက် ဆွေးနွေးမှုတွေကတဆင့် မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေရဲ့ ရည်ရွယ်ချက်တွေ၊ အမေရိကန်ပြည်ထောင်စုနဲ့ ဆက်ဆံမှုတွေမှာ ပိုပြီးအပြုသဘော ဆက်ဆံချင်ပါတယ်လို့ ပြောဆိုတာတွေနဲ့ ပတ်သက်လို့ကျနော်တို့ စမ်းသပ်သွားမှာပါ။ ဒါတွေဟာလည်း ခိုင်မာတဲ့ အပြောင်းအလဲတွေနဲ့ တိုက်ရိုက်ဆက်နွယ်နေပါတယ်။

အမေရိကန် အစိုးရက ပိတ်ဆို့ဒဏ်ခတ်မှုတွေဟာ ထင်သလောက်မပေါက်ဘူး ဆိုပြီး ဆက်ဆံထိတွေ့မှုတွေပါ လုပ်ဆောင် သွားဖို့ သဘောထားပြောင်းလဲ လာပေမဲ့လို့ ဒါတွေဟာလည်း ဘယ်လောက်အထိ အကျိုးသက်ရောက်မှု ရှိနိုင်မလဲ ဆိုတာ တွေကိုလည်း သတိကြီးကြီးထား နေတာတွေကို တွေ့ရပါတယ်။ အခုကြားနာမှုအတွင်း အရေးယူဒဏ်ခတ်ပိတ်ဆို့မှု အပါအ၀င် မြန်မာစစ်အစိုးရက ကျင်းပဖို့ ရှိနေတဲ့ ရွေးကောက်ပွဲတွေဟာ နိုင်ငံတကာက လက်ခံနိုင်မယ့် အခြေအနေ တွေဟာ လတ်တလော နိုင်ငံတကာက လက်ခံနိုင်တဲ့ အခြေအနေမှာမရှိတာ၊ တခါ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ပဋိပက္ခတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ တိုးတက်အောင် ဘယ်လောက် လုပ်နိုင်မလဲဆိုတာတွေနဲ့ ပတ်သက်လို့ ထင်မြင်ချက် သဘောထားတွေကိုလည်း အစစ်ခံခဲ့ကြတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG