သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုဆမာ ဘင်လာဒင် ပါကစ္စတန်မှာ ရှိနေဟု အမေရိကန် ယူဆ


အကြမ်းဖက်အဖွဲ့ရဲ့ခေါင်းဆောင် အိုဆမာ ဘင်လာဒင် (Osama bin Laden) ဟာ ပါကစ္စတန်နိုင်ငံထဲ တနေရာမှာ ခုထိ အသက်ရှင်နေဆဲဖြစ်သလို တာလီဘန်ခေါင်းဆောင် မိုဟာမက် အိုမာ (Mohammad Omar) ကလည်း ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းရှိ ကွက်တာ (Quetta) မြို့မှာ ခိုအောင်းနေနိုင်ဖွယ် ရှိတယ်လို့ အမေရိကန် ထိပ်တန်းသံတမန်တဦးက ပြောလိုက်ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး အစ္စလမ်မာဘတ်မြို့က ဗွီအိုအေသတင်းထောက် ရှောင် မာရိုနေ (Sean Maroney) သတင်းပေးပို့ထားတာကို နော်ရှိုးက တင်ပြပေးထားပါတယ်။

အယ်လ်ကိုင်းဒါး (al-Qaida) အကြမ်းဖက်အဖွဲ့ရဲ့ ခေါင်းဆောင် အိုဆမာ ဘင်လာဒင်ဟာ ပါကစ္စတန်နိုင်ငံတွင်း ဝေးလံခေါင်ဖျားတဲ့ အာဖဂန်နစ္စတန် နယ်စပ်အနီးမှာ ခြေကုပ်ယူပြီး လှုပ်ရှားနေဆဲဖြစ်တယ် ဆိုတာကို အမေရိကန်အစိုးရက ယုံကြည်နေတဲ့အကြောင်း ပါကစ္စတန်နိုင်ငံရဲ့မြို့တော် အစ္စလမ်မာဘတ်ရှိ အမေရိကန်သံရုံးက လက်ထောက်သံရုံးတာဝန်ခံ ဂျရယ်လ်ဒ် ဖီယာစတိုင်း (Gerald Feierstein) က ပြောလိုက်တာပါ။

ပါကစ္စတန် အနောက်တောင်ပိုင်းရှိ ဘလူချီစတန်ပြည်နယ်ရဲ့ မြို့တော် ကွက်တာမြို့ဟာ တာလီဘန်ခေါင်းဆောင်တွေ ဗဟိုပြုပြီး ဦးဆောင်လှုပ်ရှားနေတဲ့ နေရာဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။ အဲဒီကနေတဆင့် အာဖဂန်စ္စတန်နိုင်ငံထဲ လွယ်လွယ်ကူကူ ဝင်ထွက်သွားလာနေပြီး အမေရိကန်နဲ့ အာဖဂန်တပ်ဖွဲ့တွေကို တိုက်ခိုက်နေတာ ဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။

ဒီလိုပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး ပါကစ္စတန် ပြည်ထဲရေးဝန်ကြီး ရာမန် မာလစ်ခ် (Rehman Malik) ကတော့ အမေရိကန်ဘက်က အသေအချာကြီး ယုံကြည်နေတာတွေဟာ ခန့်မှန်းချက်သက်သက်သာ ဖြစ်တယ်ဆိုပြီး သဘောမတူပါဘူး။

“စစ်သွေးကြွတွေဟာ ကွက်တာမှာ မရှိဘူးဆိုတာ ကျနော်တို့ သူတို့ကို အတည်ပေါက် ပြောပြီးပါပြီ။ တကယ်လို့ သူတို့ဆီမှာ စိတ်ချရတဲ့ သတင်းအချက်အလက်တွေ ရထားတယ်ဆိုရင် အချိန်မရွေး ကျနော်တို့ကိုပြောပါ။ ကျနော်တို့ဘက်က အရေးယူ ဆောင်ရွက်မှာပါ။”

ခုလို အမေရိကန် အစိုးရဘက်က တွက်ချက်ယူဆချက်ကို ပယ်ချခဲ့သလို ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ အဗ္ဗဒူလ် ဘစစ်တ် (Abdul Basit) ကလည်း သူ့နိုင်ငံတွင်းမှာ မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်ခံရမှုတွေနဲ့ ပတ်သက်ပြီး သတိပေး ပြောဆိုသွားပါတယ်။

“ဘလူချီစတန်က ဖာတာ (FATA) မဟုတ်ပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ကျနော်တို့ အမြဲ စကားပြောနေပါတယ်။ ကျနော်တို့ စိုးရိမ်မကင်း ဖြစ်ရတာကိုလည်း ပြောပြပြီးပါပြီ။ ဆက်ပြီးတော့လည်း ပြောသွားမှာပါ။”

အယ်လ်ကိုင်းဒါးနဲ့ တာလီဘန်တို့ရဲ့ ခြေကုပ်စခန်းရှိရာ နေရာတွေရှိတဲ့ ဖာတာခေါ် ပါကစ္စတန်ရဲ့ လူမျိုးစုတွေ နေထိုင်ရာ ဒေသတွေမှာ အမေရိကန်စစ်တပ်ဟာ မောင်းသူမဲ့ တိုက်လေယာဉ်တွေနဲ့ တိုးမြှင့်တိုက်ခိုက်လာနေတာ ဖြစ်ပါတယ်။ အဲဒီလို တိုက်ခိုက်မှုတွေကြောင့် ပါကစ္စတန်က တာလီဘန်ခေါင်းဆောင်ဟောင်း ဘိုင်တူလာ မာဆွတ်ဒ် (Baitullah Mehsud) အပါအဝင် အဆင့်မြင့် စစ်သွေးကြွတပ်မှူးတွေကို ချေမှုန်းနိုင်ခဲ့တယ်လို့ ပါကစ္စတန် အရာရှိတွေက ပြောပါတယ်။

ခုလို အမေရိကန်ရဲ့ မောင်းသူမဲ့ တိုက်လေယာဉ်တွေဟာ ပါကစ္စတန် အနောက်တောင်ပိုင်း ဘလူချီစတန်ပြည်နယ်က တာလီဘန်တို့ ခိုအောင်းလှုပ်ရှားနေတဲ့ မြို့တော် ကွက်တာကိုပါ ပစ်မှတ်ထား တိုက်ခိုက်လာမှာကို ပါကစ္စတန်တလွှားမှာ စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG