သုံးရလွယ်ကူစေသည့် Link များ

အင်ဒိုနီးရှားငလျင်ဒဏ်ကြောင့် သေဆုံးသူဦးရေ ၁,၀၀၀ ကျော်ပြီ


ပြိုကျပျက်စီးနေတဲ့ အဆောက်အဦးပုံတွေအကြား အသက်မသေဘဲ ရှင်ကျန်ရစ်သူတွေကို ကယ်ဆယ်ရေးလုပ်သားတွေက တူးဖော်ကယ်ဆယ်နေချိန်မှာ အင်ဒိုနီးရှားငလျင်အတွင်း သေဆုံးသူ အရေအတွက်ဟာ ၁,၀၀၀ ကျော်လောက်ရှိသွားပြီလို့ အာဏာပိုင်တွေက ပြောဆိုလိုက်ပါတယ်။

လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနဲ့ ဖိလစ်ပိုင် နိုင်ငံတို့မှာ လူပေါင်း ၄၀၀ ကျော် သေဆုံးခဲ့ရတဲ့ ကတ်ဆာနာ လေပြင်း မုန်တိုင်း တိုက်ခတ်ပြီးနောက်ပိုင်း နောက်ထပ် လေပြင်းမုန်တိုင်းတခုလည်း အဲဒီကျွန်းတွေဆီ ဦးတည် ၀င်ရောက်လာနေ တယ် ဆိုပြီး ဖိလစ်ပိုင်နိုင်ငံမှာ သတိပေးမှုတွေ ထွက်ပေါ်နေပါတယ်။ ဒီအကြောင်းကို ဘန်ကောက် အခြေစိုက် ဗွီအိုအေ အရှေ့တောင်အာရှဌာနကနေ Daniel Schearf က သတင်းပေးပို့ထားပါတယ်။ မနန္ဒာချမ်း က အပြည့်အစုံကို တင်ပြထား ပါတယ်။

သောကြာနေ့မှာတော့ ကွန်ဂရစ်အပိုင်းအစတွေအောက်မှာ ပိတ်မိနေတယ်လို့ ယုံကြည်ရတဲ့ ရာပေါင်းများစွာသောလူတွေ ထဲက အသက်မသေဘဲ ရှင်ကျန်ရစ်သူတွေကို ရှာဖွေဖို့ အင်ဒိုနီးရှားကယ်ဆယ်ရေးလုပ်သားတွေက သူတို့ လက်တွေနဲ့ တူးပြီး ကယ်ဆယ် နေကြပါတယ်။

ဆူမတ်ထရားကျွန်း အနောက်ဖက်ကျွန်းဆွယ်ကို ဗုဒ္ဓဟူးနေ့က ငလျင်လှုပ်ခတ်ခဲ့တာပါ။ ဒီငလျင်ဒဏ်ကြောင့် ပါဒန်မြို့မှာ ပျက်ဆီးဆုံးရှုံးမှု အမြောက်အများ ရှိခဲ့ပါတယ်။

ဂျကာတာမြို့တော်မှာရှိတဲ့ ဗွီအိုအေ သတင်းထောက် Brian Padden က အခုဆိုရင် အဲဒီ ငလျင်ဒဏ်ခံခဲ့ရတဲ့ ပါဒန်မြို့ကို ရောက်ရှိနေပြီး လမ်းမတွေပေါ်မှာ လူတွေ အလုပ်ရှုပ်နေကြသလို မြို့ကြီးမှာ ကယ်ဆယ်ရေးလုပ်သားတွေနဲ့ ပြည့်နေတယ် လို့ သူက အခုလို ပြောပါတယ်။

"လေဆိပ်အဆောက်အဦးတွေအပါအ၀င် ကျနော်တို့ဖြတ်လာတဲ့ လမ်းတလျှောက်က အဆောက်အဦး အများအပြားဟာ အကြီးအကျယ် ပျက်ဆီး၊ ဒါမှမဟုတ် ပြိုကျနေတာကို တွေ့ခဲ့ရပါတယ်။ လျှပ်စစ်မီးကလည်း နေရာတကာမှာ ပြတ်တောက် နေတယ်။ ဓာတ်ဆီဆိုင်တွေမှာလည်း လူတန်းရှည်ကြီးတွေ တန်းစီနေကြတယ်။ ခွဲတမ်းနဲ့ပေးတဲ့ ဓာတ်ဆီကို ထုတ်ဖို့အတွက် လူတွေက ဓာတ်ဆီပုံးတွေနဲ့ တန်းစီစောင့်နေကြတာကို တွေ့ခဲ့ရပါတယ်။"

ဗုဒ္ဓဟူးနေ့ငလျင်ဒဏ်ကြောင့် ပျက်ဆီးဆုံးရှုံးမှုတွေဟာ စက်တင်ဘာအစောပိုင်းက လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်တုန်းက ပျက်စီးဆုံးရှုံးခဲ့တာတွေထက် ပိုဆိုးတယ်လို့ သူက ဆက်ပြောပါတယ်။

"အရင်တခေါက် ဂျားဗားကျွန်းမှာ ငလျင်လှုပ်ခဲ့တုန်းက ပျက်စီးဆုံးရှုံးမှုဟာ ဟိုတစဒီတစပဲ ရှိတာပါ။ ဘာပျက်တယ်ဆိုတာကို ထောက်ပြဖို့ ခက်ပါတယ်။ အခုကျတော့ နေရာတိုင်းမှာ အပြည့်ပဲ။ ဘယ်နေရာကြည့်ကြည့် တွေ့နိုင်တယ်။"

မက်ဂနီကျု ၇ ဒဿမ ၆ ပြင်းအားရှိတဲ့ ငလျင်ဒဏ်ကြောင့် ဒုက္ခရောက်နေသူတွေကို ထောက်ပံ့ဖို့နဲ့ ကယ်ဆယ်ရေး ဆောင်ရွက်ချက်တွေမှာ ကူညီဖို့ နိုင်ငံခြားအကူအညီတွေ အင်ဒိုနီးရှားက တောင်းဆိုထားပါတယ်။

ငလျင်ဒုက္ခသည်တွေအတွက် အမေရိကန် ဒေါ်လာ ၃ သန်း ကူညီဖို့ကတိပေးခဲ့တဲ့ အမေရိကန်ပြည်ထောင်စု အပါအ၀င် ဒီအချိန်မှာ နိုင်ငံတော်တော်များများက အကူအညီတွေကို ကမ်းလှမ်းနေတာပါ။

ဒါ့အပြင် ဒီတပတ်ထဲမှာပဲ လေပြင်းမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ဖိလစ်ပိုင် တို့က မုန်တိုင်း ဒုက္ခသည်တွေကိုလည်း အကူအညီတွေ ပေးအပ်မယ်လို့ အမေရိကန်ပြည်ထောင်စုက ကတိပေးခဲ့ပါတယ်။ ဒီမုန်တိုင်းကြောင့် အဲဒီနိုင်ငံတွေမှာ လူပေါင်း ၄၀၀ ကျော် သေဆုံးခဲ့ရပါတယ်။

ကတ်ဆာနာ မုန်တိုင်းကြောင့် စနေနေ့တုန်းက ဖိလစ်ပိုင် မြေပြိုမှုတွေဖြစ်ခဲ့ပြီး မြို့တော် မနီလာရဲ့ တချို့နေရာတွေမှာ ရေကြီးခဲ့ပါတယ်။ ထောင်သောင်းချီတဲ့လူတွေဟာလည်း အိုးအိမ်တွေကို စွန့်ခွာခဲ့ရပါတယ်။

နောက်ထပ် အင်အားပြင်းတဲ့ မုန်တိုင်းတခု သိပ်မကြာခင် ၀င်လာနိုင်တာမို့ ကုန်းနိမ့်ပိုင်းအရပ်တွေကနေ ထွက်ခွာကြဖို့ လူတွေကို ဖိလစ်ပိုင်အစိုးရက သတိပေးထားပါတယ်။

နောက်ထပ် သဘာဝဘေးအန္တရာယ်တခုဖြစ်တဲ့ ဆာမိုဝါ၊ အမေရိကန် ဆာမိုဝါနဲ့ တွန်ဂါကျွန်းတို့မှာဖြစ်ခဲ့တဲ့ ဆူနာမီအတွင်း သေဆုံးသူဦးရေဟာ ၂၀၀ နီးနီး ရှိခဲ့ပါတယ်။

အင်္ဂါနေ့က ပစိဖိတ်ကျွန်းငယ်လေးတွေမှာ မက်ဂနီကျု ၈ ဒဿမ ၀ ပြင်းအားရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့ရာက ဒီ ဆူနာမီ လှိုင်းလုံးကြီးတွေ ဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG