သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယားဆိုင်ရာ ကုလစုံစမ်းရေးမှူးများ စစ်ဆေးခွင့် အီရန်လက်ခံ


မကြာခင်ကမှ သိခဲ့ကြတဲ့ အီရန်နျူကလီးယား စက်ရုံသစ်ဆီကို ကုလသမဂ္ဂ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) က အောက်တိုဘာလ ၂၅ ရက်နေ့မှာ စစ်ဆေးခွင့် ရထားပြီလို့ IAEA အကြီးအကဲက ပြောပါတယ်။

အီရန်က ပြောနေသလို ငြိမ်းချမ်းစွာ အသုံးပြုမယ့် နျူကလီးယား ပစ္စည်းတွေကို အဲဒီစက်ရုံက ထုတ်နေတာ ဟုတ်မဟုတ် ဝင်ရောက်စစ်ဆေးဖို့ လိုအပ်တယ်လို့ IAEA အကြီးအကဲ မိုဟာမက် အယ်လ်ဘာရာဒေး (Mohamed ElBaradei) က ပြောပါတယ်။ အီရန်တာဝန်ရှိသူတွေနဲ့ တီဟီရန်မြို့တော်မှာ ဒီနေ့ တွေ့ဆုံဆွေးနွေးအပြီးမှာ မစ္စတာ အယ်လ်ဘာရာဒေးက အခုလို ကြေညာခဲ့တာ ဖြစ်ပါတယ်။

အီရန်အစိုးရနဲ့ IAEA ကြားမှာရှိနေတဲ့ ပြဿနာတွေအားလုံးကို ဖြေရှင်းနိုင်ခဲ့ပြီလို့ အီရန်သမ္မတ မာမွတ်ဒ် အမာဒီနီဂျက်ဒ် (Mahmoud Ahmadinejad) ရဲ့ အပြောကို ကိုးကားပြီး အစိုးရသတင်း မီဒီယာတွေမှာ ဖော်ပြပါတယ်။

အီရန်ဟာ နျူကလီးယားလက်နက် ထုတ်လုပ်နိုင်ဖို့ လေ့လာနေတယ်ဆိုတဲ့ စွပ်စွဲမှုတွေအပေါ်မှာ စုံစမ်းနေပေမဲ့ အီရန်က နျူကလီးယားလက်နက်တွေ ဆက်ပြီး ထုတ်လုပ်နေတယ် ဆိုတာကို IAEA က လက်ဆုပ်လက်ကိုင် မပြနိုင်ပါဘူးလို့လည်း မစ္စတာ အယ်လ်ဘာရာဒေးက ဆိုပါတယ်။

အီရန်နဲ့ ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံက သံတမန်တွေ ကြာသပတေးနေ့က တွေ့ဆုံဆွေးနွေးပြီးတဲ့နောက်မှာ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူတွေကို ဝင်ရောက်စစ်ဆေးခွင့် အီရန်က ပေးခဲ့တာလည်း ဖြစ်ပါတယ်။ အောက်တိုဘာလ ၁၉ ရက်နေ့ကြရင်လည်း သြစတြီးယားနိုင်ငံ ဗီယင်နာမြို့တော်မှာ ထပ်ပြီးတွေ့ဆုံကြဖို့ ရှိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG