သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးများ အခွင့်အရေး စောင့်ရှောက်ဖို့ မြန်မာစစ်အစိုးရကို လူ့အခွင့်အရေးအဖွဲ့ တောင်းဆို


မြန်မာနိုင်ငံက ကလေးသူငယ်တွေနဲ့ ဆိုင်တဲ့ ဥပဒေ ပြဋ္ဌာန်းချက်အပေါ်မှာ အာဏာပိုင်တွေက လိုက်နာကျင့်သုံးခြင်း မရှိတဲ့အတွက် အာရှလူ့အခွင့်အရေး ကော်မရှင်က ဝေဖန် ထောက်ပြလိုက်ပါတယ်။ အကြောင်းစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၉၃ ခုနှစ်ကတည်းက ကလေးသူငယ်များဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်။ အဲဒီပြဋ္ဌာန်းချက်ထဲမှာ ပါတဲ့အတိုင်း ကလေးတွေအားလုံးဟာ ဒီခံစားခွင့်တွေကို ညီတူညီမျှ ခံစားခွင့်ပေးဖို့အတွက် ဟောင်ကောင်အခြေစိုက် AHRC အာရှ လူ့အခွင့်အရေး ကော်မရှင်က မနေ့က အောက်တိုဘာ ၅ ရက် နေ့စွဲနဲ့ အရေးပေါ် ကြေညာချက်တစောင် ထုတ်ပြန်ပြီး မြန်မာစစ်အစိုးရကို တောင်းဆိုလိုက်ပါတယ်။

အခုလို အရေးပေါ် တောင်းဆိုရတာကတော့ မြန်မာနိုင်ငံတဝန်းက ကလေးသူငယ်တွေကို အာဏာပိုင်တွေက ပြဋ္ဌာန်းချက်ထဲမှာ ပါတဲ့အတိုင်း ဆက်ဆံမှုတွေ၊ စီမံဆောင်ရွက်မှုတွေ မရှိတဲ့ အခြေအနေတွေကို ကလေးငယ်တွေ ရင်ဆိုင်နေရတာကြောင့် ဖြစ်တယ်လို့ AHRC အဖွဲ့က ရှေ့နေ ဦးမင်းလွင်ဦးက ပြောပါတယ်။

“မြန်မာနိုင်ငံတွင်းမှာ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေကို စစ်ဆေးပြီး ထောင်ကိုပို့ထားတဲ့ ကိစ္စတွေရှိတယ်။ ပြီးတော့ အသက် ၁၆ နှစ်ကနေ ၁၈ နှစ်အထိ လူငယ်လို့ သတ်မှတ်ထားတဲ့သူတွေကို အဓမ္မလုပ်အားပေး ခေါ်ယူခိုင်းစေတဲ့ ကိစ္စရပ်တွေ၊ ကလေးစစ်သားအဖြစ် ခေါ်ယူ အသုံးပြုတဲ့ ကိစ္စရပ်တွေ ရှိနေတယ်ဆိုတာ တွေ့ရှိရတယ်။

“အဲဒီလိုမျိုး မလိုက်နာဘူးဆိုရင်လည်း အဲဒီလူငယ်တွေကို မြို့ပြဆိုင်ရာ ဥပဒေတွေနဲ့ အရေးယူတာရှိတယ်။ ပြီးတော့ ကလေးစစ်သားအဖြစ် စုဆောင်းခံရတဲ့ ကလေးသူငယ်တွေက တပ်ထဲမှာမနေချင်လို့ ထွက်ပြေးတဲ့အခါမှာလည်း တပ်ပြေးတွေအဖြစ် စစ်ခုံရုံးတွေမှာ စစ်ဆေးစီရင်ခြင်း ခံရပြီးတော့ အကျဉ်းထောင်တွေထဲမှာ အကျဉ်းကျခံနေရတယ် ဆိုတာကို ကျနော်တို့ သိရှိရတယ်။”

မြန်မာနိုင်ငံထဲမှာ လက်ရှိပြဋ္ဌာန်းထားတဲ့ ကလေးသူငယ်ဆိုင်ရာ ဥပဒေထဲက ပြဋ္ဌာန်းချက်တချို့ကို ကုလသမဂ္ဂ ကလေးသူငယ်များဆိုင်ရာ ညီလာခံက ချမှတ်ထားတဲ့ အချက်အလက်နဲ့အညီ ပြင်ဆင်ဖို့လိုတယ်လို့လည်း AHRC အဖွဲ့က ထောက်ပြပါတယ်။ အထူးသဖြင့် ၂၀၀၄ ခုနှစ် ကလေးသူငယ်များဆိုင်ရာ ကုလသမဂ္ဂ ညီလာခံကနေ မြန်မာစစ်အစိုးရရဲ့ ကလေးသူငယ် ဥပဒေအပေါ်မှာ အကြံပြုထားတဲ့ အချက်တွေကို အခုအချိန်ထိ မြန်မာအာဏာပိုင်တွေက ပြင်ဆင် ဆောင်ရွက်ခြင်း မရှိသေးဘူးလို့လည်း ဦးမင်းလွင်ဦးက ပြောပါတယ်။

“၁၉၉၃ ခုနှစ်မှာ ကလေးသူငယ် ဥပဒေကို ပြဋ္ဌာန်းတယ်။ ပြီးတော့ နည်းဥပဒေတွေ ပြဋ္ဌာန်းတယ်။ ဒါတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ ကလေးသူငယ်များ ညီလာခံကနေပြီး ထောက်ပြထားတဲ့ အချက်က အသက် ၁၈ နှစ်အောက် လူတွေကိုလည်း ကလေးသူငယ် ဥပဒေမှာပါတဲ့ ခံစားခွင့်တွေနဲ့အညီ ခံစားခွင့် ပေးသင့်တယ်၊ ကလေးသူငယ် တရားရုံးတွေမှာ စစ်ဆေးစီရင်သင့်တယ်။ ပြီးတော့ ပြစ်ဒဏ်ချတဲ့အခါမှာလည်း ထောင်တွေကို မပို့ဘဲနဲ့ လူငယ်သင်တန်းကျောင်းတွေကို ပို့ဖို့လိုတယ်ဆိုတာ ထောက်ပြပြီးတော့ ပြန်လည် ပြင်ဆင်ခိုင်းထားတာ ဖြစ်ပါတယ်။”

ကလေးစစ်သား စုဆောင်းခံရမှု၊ အဓမ္မလုပ်အား စေခိုင်းခံရမှုတွေကို မြန်မာနိုင်ငံတဝန်းက ကလေးသူငယ်တွေ ကြုံနေရတယ်လို့လည်း ဆက်ပြောပါတယ်။

“ကလေးစစ်သားတွေနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေမှာ လူငယ်တော်တော်များများက အဲဒီလိုပဲ တပ်ပြေးမှုတွေနဲ့ လူကြီးတွေ ချုပ်နှောင်ထားတဲ့ အကျဉ်းထောင်တွေထဲမှာ ထောင်ကျခံနေရတယ်ဆိုတာ သိရှိရတယ်။ ဒါတွေက လူငယ်တွေအတွက် မဖြစ်သင့်တဲ့ အချက်အလက်တွေ ဖြစ်တယ်။ စစ်သားစုဆောင်းတဲ့ ကိစ္စရပ်တွေကတော့ ကျနော်တို့ မြန်မာနိုင်ငံ တဝန်းလုံးမှာ ဖြစ်နေတဲ့ ကိစ္စရပ်တွေပါ။

“နောက် အဓမ္မ လုပ်အားပေးအဖြစ် အတင်းအဓမ္မ ဆင့်ဆိုခြင်း မပြုရဘူးလို့ မြန်မာနိုင်ငံ အစိုးရက ပြဋ္ဌာန်းထားပေမဲ့လည်း နိုင်ငံတော်ရဲ့ စီမံကိန်းတွေ ဆောင်ရွက်တဲ့အခါမှာ ကလေးသူငယ် မဟုတ်ပေမဲ့လည်း လူငယ်ဆိုပြီးတော့ အဓမ္မလုပ်အားပေး ခိုင်းစေတဲ့ ကိစ္စတွေ တော်တော်များများ ရင်ဆိုင်ကြုံတွေ့နေရတယ် ဆိုတာကို ကျနော်တို့ရဲ့ မှတ်တမ်းတွေအရရော၊ ILO က လက်ခံရရှိထားတဲ့ အချက်အလက်တွေ အရရော ပြောဆိုနေရခြင်း ဖြစ်ပါတယ်။”

AHRC အဖွဲ့က ရှေ့နေ ဦးမင်းလွင်ဦး ပြောပြခဲ့တာ ဖြစ်ပါတယ်။

အခုလို ကလေးသူငယ်တွေနဲ့ဆိုင်တဲ့ ဥပဒေ ပြဋ္ဌာန်းချက်တွေကို အမြန်ပြင်ဆင် ပြဋ္ဌာန်းဖို့နဲ့ ပြဋ္ဌာန်းချက်ထဲမှာ ပါတဲ့အတိုင်း လိုက်နာဆောင်ရွက် ဆက်ဆံဖို့ ဆိုတဲ့ကိစ္စတွေကို သက်ဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့အစည်း အသီးသီးကို ပေးပို့ခဲ့တယ်လို့ AHRC အဖွဲ့က ပြောပါတယ်။

အလားတူ မြန်မာနိုင်ငံအတွင်းမှာ ကလေးသူငယ်တွေရဲ့ ကိစ္စတွေကို အထူးဆောင်ရွက်နေတဲ့ UNICEF အဖွဲ့အစည်းကိုလည်း သူတို့ စုဆောင်းရရှိထားတဲ့ ကလေးသူငယ်တွေရဲ့ မှတ်တမ်းနဲ့ အခုတောင်းဆိုစာကိုလည်း ပေးပို့ခဲ့တယ်လို့ AHRC အဖွဲ့က ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG