သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စက်တင်ဘာ တလအတွင်း နိုင်ငံရေးလှုပ်ရှားသူ အနည်းဆုံး ၃၉ ဦး ဖမ်းဆီးခံရ


မြန်မာအစိုးရအနေနဲ့ ပြီးခဲ့တဲ့လအတွင်း လွှတ်လိုက်တဲ့ အကျဉ်းသားတွေထဲ နိုင်ငံရေး အကျဉ်းသား ၁၀၀ ကျော် ပါဝင်ပေမဲ့ ပြီးခဲ့တဲ့ တလအတွင်းမှာကို နိုင်ငံရေး လှုပ်ရှားသူ အနည်းဆုံး ၃၉ ဦး ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရတယ်လို့ နိုင်ငံရေး အကျဉ်းသား အရေး လှုပ်ရှားသူတွေက ပြောပါတယ်။ ဒီလူတွေဟာ တရားလက်မဲ့ ဖမ်းဆီးခံရတာဖြစ်ပြီး မိသားစုတွေနဲ့ အဆက်အသွယ် လုပ်ခွင့် မရတာကြောင့် ဒါဟာ ဥပဒေစိုးမိုးမှု ကင်းမဲ့နေတာလို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။ အကြောင်းစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

လာမယ့် ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ပတ်သက်နိုင်ကြဖို့ နိုင်ငံသား အကျဉ်းသားတွေကို စီစဉ်ပြီး လွှတ်ပေးခဲ့တယ်လို့ ဆိုသလို ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်မှာ လွတ်ငြိမ်းချမ်းသာခွင့်တွေ ပေးမယ်လို့ ကုလသမဂ္ဂမှာ မြန်မာအစိုးရက ပြောခဲ့ ပေမဲ့ အခု ဒီလပိုင်းအတွင်းမှာတော့ အဖမ်းအဆီး အစစ်အဆေးတွေက ပိုများလာပါတယ်။ အထူးသဖြင့်တော့ သံဃာတော် တွေရဲ့ ရွှေဝါရောင် လှုပ်ရှားမှု နှစ်ပတ်လည် အချိန်ကာလမို့လည်း သံဃာတော်တွေရော လှုပ်ရှားသူတွေကိုပါ ပိုပြီး တင်းကျပ် စောင့်ကြည့်လာတာ ဖြစ်တယ်၊ အဖမ်းအဆီးတွေ ရှိလာတာ ဖြစ်တယ်လို့ ယူဆရပါတယ်။ တဘက်မှာ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို မီးသေအောင် လုပ်လာတာလို့လည်း ယူဆသူတွေ ရှိပါ တယ်။

အခု အဖမ်းအဆီး အခြေအနေတွေနဲ့ ပတ်သက်လို့ AAPP နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း အတွင်းရေးမှူး ကိုတိတ်နိုင်က အခုလို ပြောပါတယ်။

“သြဂုတ်လမှာ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ ၃၃ ဦး ဖမ်းဆီးခံရပြီး စက်တင်ဘာလ အတွင်းမှာတော့ ၃၉ ဦး အဖမ်းခံရပါတယ်။ အခု အောက်တိုဘာလ အစပိုင်းမှာကို ၁၂ ဦး အဖမ်းခံရပြီးပြီဆိုတာ ကျနော်တို့ စာရင်း ရရှိထားပါ တယ်။”

တဘက်က နိုင်ငံရေး အကျဉ်းသားတွေ လွှတ်နေတဲ့ အချိန်မှာ ဒီရက်ပိုင်းမှာ ဘာကြောင့် အခုလောက်ထိ အဖမ်းအဆီး များ နေတာလဲခင်ဗျ၊ ဘယ်လိုကြောင့်လို့ သိရပါလဲ။

“စက်တင်ဘာလ အတွင်းမှာတော့ အဓိက သံဃာတော်တွေ ကံဆောင်ပွဲလုပ်မယ် ဆိုတာနဲ့ ပတ်သက်ပြီးတော့ ကြိုတင်ပြီး ထိန်းတဲ့သဘော ရှိပါတယ်။ အခုနောက်ပိုင်း ကာလတွေမှာကတော့ သူတို့ ဆက်တိုက် အဲဒါတွေနဲ့ ပတ်သက်ပြီး ဆက်ဖမ်း နေတဲ့ ကိစ္စတွေ ရှိပါတယ်။ ဥပမာ ဆုတောင်းပွဲတွေကိုလည်း ဖမ်းတယ်၊ နယ်တွေမှာရှိတဲ့ ဒီမိုကရေစီရေး လှုပ်ရှားတဲ့ လူတွေ ကိုလည်း ပိုက်စိပ်တိုက်ရှာပြီး ဖမ်းနေတဲ့ သဘောမျိုး ရှိပါတယ်။”

ဖမ်းဆီးခံရသူ အများစုကို အခု ဘယ်မှာထားတယ်၊ ဘယ်ရောက်နေတယ် ဆိုတာကို မိသားစုဝင်တွေကအစ မသိကြပါဘူး။ မိသားစုဝင်တွေ၊ မိတ်ဆွေအပေါင်းအသင်း၊ လုပ်ဖော်ကိုင်ဘက်တွေက သူတို့ကို ဘယ်မှာထားတယ် စုံစမ်းကြပေမဲ့ အာဏာပိုင်တွေက တိတိပပ အဖြေမပေးပါဘူး။ အခုလို ဖမ်းဆီးပြီး မိသားစုဝင်တွေကို အကြောင်းမကြားတာတွေဟာ တကယ်တော့ လက်ရှိ တည်ဆဲဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့ မြန်မာနိုင်ငံ ရှေ့နေများကောင်စီက ဦးမျိုးက ပြောပါ တယ်။

“ဖမ်းဆီးတဲ့ အကြောင်းရင်းက ဘာကြောင့် ဖမ်းဆီးရတယ် ဆိုတာကို ပြောခဲ့ရမယ်၊ ဖမ်းတဲ့အချိန်မှာပေါ့။ သူ့ မိသားစု ရှိတယ်ဆို မိသားစုရှေ့မှာလည်း ပြောခဲ့ရမယ်။ ဖမ်းဆီးတဲ့နေရာမှာ ရဲမှာ ဖမ်းပိုင်ခွင့် မရှိဘူးလို့ မပြောပါဘူး။ ဘာကြောင့် ဖမ်းရတယ်ဆိုတာ အကြောင်းကြားရမယ်။ ဥပမာ လမ်းမှာဖမ်းသွားတယ်ဆိုရင် မင်း ဘယ်အိမ်ကလဲ၊ ဘယ်နေရာကလဲ၊ မင်းမိဘ ဘယ်သူလဲ၊ အဲလိုဆိုရင် သူ့မိဘကို အကြောင်းကြားရမယ်၊ ဘာကြောင့် ဖမ်းဆီးတယ်ဆိုတာ ပြောရမယ်။ အခုဟာ ဘာအကြောင်းပြချက်မှာ မရှိဘဲနဲ့ ဒီလိုပဲ ကြက်ကလေး ငှက်ကလေး ဖမ်းသလို ဟိုကကောက်ဆွဲ၊ ဒီကကောက်ဆွဲ၊ တနိုင်ငံ လုံးမှာ အဲဒီလို ဖမ်းဆီးမှုတွေ ဖြစ်နေတဲ့အပေါ်မှာ အခုလို မတရားဖမ်းဆီး ချုပ်နှောင်တာဟာ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၄၀ ကို ဖောက်ဖျက် ကျူးလွန်တာ ဖြစ်တယ်လို့။”

အခုဆိုရင် ဖမ်းဆီးခံရတဲ့ မိသားစုတွေဆိုရင် လိုက်စုံစမ်းကြတယ်၊ သက်ဆိုင်ရာကို စုံစမ်းတဲ့အခါမှာလည်း စုံစမ်းလို့မရဘူး၊ သက်ဆိုင်ရာကလည်း ဘာမှမပြောဘူး။ အဲတော့ ခုန ဦးမျိုးတို့ပြောတဲ့ ပုံစံအရဆိုရင် ဒါ တည်ဆဲဥပဒေကို ချိုးဖောက်တဲ့ သဘောမျိုး ဖြစ်နေတော့ မိသားစုတွေဘက်ကရော ပြန်ပြီး တရားစွဲလို့ မရဘူးလား။

“ဟုတ်ကဲ့၊ ဒီဟာကို တရားစွဲဖို့ ကျနော်တို့က တောင်းဆိုနေတာပါ။ မိသားစုတွေဘက်က ဒီလို မတရား ဖမ်းဆီးခံရတဲ့ အပေါ်မှာ သက်ဆိုင်ရာ ဒီမြို့နယ်အတွင်းမှာ ဖမ်းတယ်ဆိုရင် ဒီမြို့နယ်အတွင်းက ရဲစခန်းကို တိုင်လို့ရပါတယ်။ တိုင်ရမယ်၊ တရားတဘောင် အမှုဖွင့်ရမယ်။ မဟုတ်ဘူးဆိုရင် ဒီလိုပဲ တောက်လျှောက် ဖမ်းနေတော့မှာပဲလေ။ တိုင်ရဲရမယ်။ ဟိုတုန်း က ဆိုရင် စာချွန်တော်တွေနဲ့ကို တိုက်ရိုက်တိုင်လို့ရတယ်။ တရားလွှတ်တော်ချုပ်အထိ တိုင်လို့ရတယ်၊ စာချွန်လွှာနဲ့။ ဒီလို မတရား ဖမ်းဆီးခံရတာနဲ့ ပတ်သက်လို့။ အခု စာချွန်တော် မရှိတဲ့ကာလမှာ တိုင်းပြည်က ဥပဒေမဲ့သလို ဖြစ်နေတယ်။”

ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာကတော့ အခုလာမယ့် ၂၀၁၀ ရွေးကောက်ပွဲကို အများက လက်ခံယုံကြည်ဖို့ဆိုရင် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးဖို့ လိုမယ်လို့ တောင်းဆိုထားကြပါတယ်။ ဒါပေမဲ့ အခု ကြည့်ရတဲ့ပုံကတော့ စစ်အစိုးရအနေနဲ့ ဒီ ၂၀၁၀ ရွေးကောက်ပွဲကို တည်တည်ငြိမ်ငြိမ် လုပ်နိုင်ဖို့ အရေးပါတဲ့ နိုင်ငံရေး အကျဉ်းသား အချို့ကို ဆက်ပြီး ထိန်းထားလိုတဲ့သဘော ရှိပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲ မတိုင်ခင်မှာကို အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ထိန်းချုပ်နိုင်ဖို့ အဖမ်းအဆီးတွေ ပိုပြီးတောင် များလာနိုင်တယ်လို့လည်း လေ့လာသူအချို့က ယူဆပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG