သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ အိုဘားမား အမေရိကန်ရဲ့ အာဖဂန်ဗျူဟာ ပြန်လည်သုံးသပ်


အမေရိကန်ပြည်ထောင်စုရဲ့ အာဖဂန်အရေး မဟာဗျူဟာ ပြန်သုံးသပ်ဖို့အတွက် သမ္မတ အိုဘားမားက စစ်ရေးနဲ့ နိုင်ငံရေး အကြံပေးပုဂ္ဂိုလ်တွေနဲ့ မနေ့က အိမ်ဖြူတော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့တွေ အာဖဂန်နစ္စတန်နိုင်ငံမှာ စစ်ပွဲ ဆင်နွှဲခဲ့တာ ၈ နှစ် ပြည့်ပြီးတဲ့နောက် အာဖဂန်အရေး မဟာဗျူဟာကို ပြန်လည် သုံးသပ်နေကြတာ ဖြစ်ပါတယ်။

ဒီအစည်းအဝေးမှာ ပါကစ္စတန်နိုင်ငံရဲ့ အခန်းကဏ္ဍကို အဓိက အာရုံစိုက် ဆွေးနွေးခဲ့ကြပါတယ်။ ပါကစ္စတန်နိုင်ငံ အနေနဲ့လည်း အစွန်းရောက်သမားတွေကို နိုင်နင်းအောင် ကိုင်တွယ်သွားကြဖို့အတွက် အရှိန်အဟုန်မြှင့် ကြိုးပမ်းနေတယ်လို့ အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် ရောဘတ် ဂစ်ဘ်စ် (Robert Gibbs) က ပြောဆိုလိုက်ပါတယ်။

သမ္မတ အိုဘားမားရဲ့ အာဖဂန်အရေး မဟာဗျူဟာမှာ ပါကစ္စတန်နိုင်ငံဟာ အဓိက အခန်းကဏ္ဍက ပါဝင်နေပြီး အိမ်ဖြူတော်က အထူးအလေးပေး ဂရုစိုက် ကိုင်တွယ်နေရပါတယ်လို့လည်း ဆိုပါတယ်။

အာဖဂန်မှာရှိတဲ့ အမေရိကန်နဲ့ နေတိုးတပ်ဖွဲ့တွေရဲ့ တပ်မှူးကြီး ဗိုလ်ချုပ်ကြီး စတန်လေ မက်ခရစ်စ်တယ်လ် (Stanley McChrystal) က တပ်ဖွဲ့တွေ တိုးပြီး စေလွှတ်ဖို့ တောင်းခံထားတဲ့ စာကို သမ္မတ အိုဘားမားက လက်ခံရရှိခဲ့ပြီး ဖြစ်တယ်လို့ ပင်တဂွန် စစ်ဌာနချုပ်က ပြောဆိုလိုက်ပါတယ်။ ဗိုလ်ချုပ်ကြီး မက်ခရစ်စ်တယ်လ်ရဲ့ တောင်းဆိုချက်နဲ့ ပတ်သက်ပြီး အာဖဂန်အရေး သုံးသပ်ရာမှာ ဆွေးနွေးမလား ဆိုတာကိုတော့ သဲသဲကွဲကွဲ မသိရသေးပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG