သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

AAPPB တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည် လူ့အခွင့်အရေး စောင့်ကြည့်ရေးဆု ချီးမြှင့်ခံရ


လူ့အခွင့်အရေး စောင့်ကြည့်လေ့လာနေတဲ့ Human Rights Watch အဖွဲ့ကြီးက မြန်မာနိုင်ငံက လူ့အခွင့်အရေး လှုပ်ရှားသူတဦး အပါအဝင် ကမ္ဘာတဝန်းက လူ့အခွင့်အရေးအတွက် ကြိုးပမ်းဆောင်ရွက်သူ ၄ ဦးကို ဒီနှစ်အတွက် ဂုဏ်ထူးဆောင်ဆု ချီးမြှင့်လိုက်ပါတယ်။ အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

Alison Des Forges လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ ဆုကို ဒီနှစ်အတွက် ရွေးချယ်ရာမှာ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေကို မီးမောင်းထိုးပြဖို့၊ အထူးသဖြင့်ကတော့ နိုင်ငံရေး ဖိနှိပ်မှုတွေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ အခွင့်အရေးအတွက် ဆောင်ရွက်နေသူတွေကို ဂုဏ်ပြုဖို့အတွက် AAPP လို့ခေါ်တဲ့ ပြည်ပမှာ အခြေစိုက် လှုပ်ရှားနေတဲ့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) အဖွဲ့က တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်ကို ရွေးချယ်လိုက်တာပါ။

မနေ့တုန်းကပဲ ဆုပေးအပ်ကြောင်း ကြေညာလိုက်တဲ့ နယူးယောက် အခြေစိုက် Human Rights Watch အဖွဲ့ကြီးရဲ့ အာရှရေးရာ ဒုတိယညွှန်ကြားရေးမှူးဖြစ်သူ အီလိန်း ပီယာစန် (Elaine Pearson) ကတော့ လူ့အခွင့်အရေး လှုပ်ရှားသူတွေရဲ့ ကြိုးပမ်းမှုတွေကို နိုင်ငံတကာ အတိုင်းအတာနဲ့ အာရုံစိုက်လာစေဖို့ ဒီလို ဆုချီးမြှင့်ခဲ့တာလို့ ပြောပါတယ်။

“လူ့အခွင့်အရေး လှုပ်ရှားသူတွေရဲ့ စွမ်းစွမ်းတမံ ဆောင်ရွက်ချက်တွေအတွက် ပေးအပ်တဲ့ Alison Des Forges လူ့အခွင့်အရေး ကာကွယ်သူများဆု ပေးရတဲ့ အကြောင်းကတော့ ဒီကနေ့ ကမ္ဘာပေါ်က လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ကြသူတွေကို ဂုဏ်ပြုဖို့ပါ။ သူတို့အလုပ်နဲ့ ပတ်သက်လို့ ပိုပြီး သိလာကြရအောင်၊ အထူးသဖြင့်ကတော့ ခက်ခဲလှတဲ့ အခြေအနေမျိုး၊ အစိုးရတွေရဲ့ ခြိမ်းခြောက်မှုအောက်မှာ သူတို့တတွေရဲ့ အရေးကြီးလှတဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့ သတိပြုမိလာအောင် ရည်ရွယ်ထားတာပါ။”

ဒီနှစ်အတွက် လူ့အခွင့်အရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်သူတွေအဖြစ် ပြည်ပရောက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) ရဲ့ တွဲဖက် အတွင်းရေးမှူး ကိုဘိုကြည်၊ ရုရှားနိုင်ငံက စာနယ်ဇင်းသမား တဦးဖြစ်သူ အယ်လီနာ မီလာရှီနာ (Elena Milashina)၊ အီသီယိုးပီးယားနိုင်ငံက ဒန်နီယယ် ဘက်ကယ်လီ (Daniel Bekele)၊ ကွန်ဂို ဒီမိုကရက်တစ် သမ္မတ နိုင်ငံက မာသီလ်ဒယ် မူဟင်ဒို (Mathilde Muhindo) တို့ကို Human Rights Watch အဖွဲ့ကြီးက ရွေးချယ်လိုက်တာပါ။

မြန်မာနိုင်ငံက နိုင်ငံရေး၊ လူ့အခွင့်အရေး ပြဿနာတွေနဲ့ ပြောဆိုရတဲ့အခါတိုင်း ထည့်သွင်းပြောဆိုရတဲ့ နိုင်ငံရေး အကျဉ်းသားတွေအတွက် ကြိုးပမ်းဆောင်ရွက်နေသူအဖြစ် ကိုဘိုကြည်ကို ရွေးချယ်ရတာလို့လည်း Human Rights Watch အဖွဲ့ကြီးက ဆိုပါတယ်။

“မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ကိုဘိုကြည် လုပ်နေတဲ့ အလုပ်ဟာ အင်မတန်မှ အရေးပါတယ်လို့ ကျမတို့ ယုံကြည်ပါတယ်။ အထူးသဖြင့် လွန်ခဲ့တဲ့ ၂ နှစ်အတွင်းမှာ နိုင်ငံရေး အကျဉ်းသား အရေအတွက်ဟာ ၂ ဆ တိုးလာတာကို ကျမတို့ မြင်တွေ့ခဲ့ရသလို နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ စာနယ်ဇင်းသမားတွေ၊ သံဃာတော်ကြီးတွေ၊ သီလရှင်တွေလို ပုဂ္ဂိုလ်တွေကို ထောင်ဒဏ်ပြစ်ဒဏ် စီရင်တဲ့ ဖိနှိပ်မှုတွေဟာလည်း ပိုတိုးလာတာမို့ ဒါတွေကို မီးမောင်းထိုးပြဖို့၊ မြန်မာနိုင်ငံမှာ ဘာတွေဖြစ်နေတယ် ဆိုတာကို သိအောင်လုပ်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။”

ဆုရှင်တဦးအဖြစ် ရွေးချယ်ချီးမြှင့်ခံရသူ ကိုဘိုကြည်ကတော့ ဒီလို ဆုချီးမြှင့်ခံရတာဟာ သူတဦးချင်းထက် မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှု ခံနေရတဲ့ အခြေအနေတွေ၊ နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံ နေရသူတွေကို ရည်ညွှန်းပေးအပ်တယ်လို့ ခံစားမိတယ်လို့ ဆိုပါတယ်။

“ဒီသတင်းကို ကြားတဲ့အချိန်မှာ ကျနော်က ဘာခံစားရလဲဆိုတော့ ဒီဆုက ကျနော့်ကို ဂုဏ်ပြုတာတင် မကဘူး၊ တကယ့် မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ နှိပ်စက်ညှဉ်းပန်းမှုတွေ၊ မတရားမှုတွေကို ကြံ့ကြံ့ခံနေတဲ့ ကိုမင်းကိုနိုင်တို့ ခွန်ထွန်းဦးတို့ အစရှိသဖြင့် နိုင်ငံရေး အကျဉ်းသားပေါင်း ၂,၁၁၉ ယောက်ကို ဂုဏ်ပြုတာလို့ ကျနော် ခံစားရပါတယ်။ အခုလိုမျိုး ဆုပေးတယ်ဆိုတာ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်၊ အဲဒီ လူ့အခွင့်အရေး ချိုးဖောက်မှု ခံရတာက နိုင်ငံရေး အကျဉ်းသားတွေမှ မဟုတ်ပါဘူး၊ နယ်စပ်ဒေသမှာဆိုလည်း တိုင်းရင်းသား တိုင်းရင်းသူတွေ၊ နောက် အိုးမဲ့အိမ်မဲ့ ဖြစ်နေတဲ့ကိစ္စတွေ၊ ဒါတွေကလည်း အများကြီး ရှိပါတယ်။

“ဒီလိုကိစ္စတွေကို နိုင်ငံတကာက ပိုသိလာတဲ့သဘော၊ နောက်တခုက မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ ပြဿနာက လူ့အခွင့်အရေး ချိုးဖောက်မှု ပြဿနာတင် မဟုတ်တော့ဘူး၊ ဒီ့ထက်ကျော်လွန်နေပြီ။ Crimes against humanity လို့ခေါ်တဲ့ လူသားဖြစ်တည်မှုကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုကို ကျူးလွန်ရာရောက်နေပြီ ဆိုတဲ့ဟာကို ပိုပြီးတော့ မီးမောင်းထိုးပြချင်တာမျိုး ဖြစ်ပါတယ်။”

Human Rights Watch အဖွဲ့ကြီးက ဒီနှစ်အတွက် လူ့အခွင့်အရေး စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်သူ တဦးအဖြစ် ဆုချီးမြှင့်ခံခဲ့ရသူ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) ရဲ့ တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည် ပြောပြသွားတာ ဖြစ်ပါတယ်။

ဒီဆုကိုတော့ နယူးယောက် အခြေစိုက် Human Rights Watch အဖွဲ့ကြီးရဲ့ အာဖရိက ဌာနခွဲက အကြီးတန်း အကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်ရင်း ဒီနှစ် ဖေဖော်ဝါရီလထဲမှာတုန်းကပဲ လေယာဉ်ပျက်ကျလို့ ကွယ်လွန်သွားခဲ့တဲ့ Dr Alison Des Forges အမည်ကို အစွဲပြုပြီး နှစ်စဉ် နိုင်ငံတကာက လူ့အခွင့်အရေး လှုပ်ရှားသူ ၄ ဦးကို ဂုဏ်ပြုပေးအပ်နေတာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG