သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရောက် မြန်မာကလေးငယ်တွေ မှတ်ပုံတင်ခွင့် ရတော့မည်


ထိုင်းအလုပ်သမားဝန်ကြီးဌာနဟာ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ သားသမီးတွေကို လူသားချင်း စာနာထောက်ထားမှုအရ မှတ်ပုံတင်ခွင့် ပြုတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလိုခွင့်ပြုတာဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး ကလေးတွေအနေနဲ့ ပညာရေးနဲ့ ကျန်းမာရေးလို လူမှုဖူလုံရေး ခံစားခွင့်တွေ ရလာနိုင်မယ်လို့ သုံးသပ်ကြပါတယ်။ အကြောင်းစုံကို မေးမြန်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

ထိုင်းအလုပ်သမားဝန်ကြီးဌာနက တရားဝင် ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ သားသမီးတွေကို မှတ်ပုံတင်ခွင့် ပြုမှာဖြစ်ပြီး သူတို့ဟာ မိဘတွေအတိုင်း လူမှုဖူလုံရေး ခံစားခွင့်တွေ ရလာမှာဖြစ်တယ်လို့ ဆိုပါတယ်။ အသက် ၁၅ နှစ်အောက် ကလေးငယ်တွေဟာ ဒီအခွင့်အရေးတွေ ရမှာဖြစ်ပြီး သက်ဆိုင်ရာနယ်မြေ အုပ်ချုပ်ရေးရုံးတွေမှာ တပတ်အတွင်း မှတ်ပုံတင်ကြရမှာ ဖြစ်ပါတယ်။

အလုပ်သမားဝန်ကြီး နိုင်ဖိုင်ထုံ ကယောက်ထောင်က တပတ်ပဲ မှတ်ပုံတင်ခွင့်ကာလ သတ်မှတ်တာဟာ ရွှေ့ပြောင်းအလုပ်သမားတွေ သူတို့နိုင်ငံတွေမှာ ကျန်ခဲ့တဲ့ သားသမီးတွေကို ပြန်ခေါ်ကြမှာစိုးလို့ဆိုပြီး ထိုင်းဘာသာနဲ့ ထုတ်ဝေတဲ့ မာတီချွန် သတင်းစာကို ပြောပါတယ်။

ခုလို မှတ်ပုံတင်ခွင့် ပြုတာဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး လူသားချင်း စာနာထောက်ထားမှုအရ ခုလို ဆုံးဖြတ်တာ ဖြစ်တယ်လို့လည်း အလုပ်သမားဝန်ကြီးက ဆိုပါတယ်။ ဒါပေမဲ့ ဒီဆုံးဖြတ်ချက်ကို အစိုးရအဖွဲ့ရဲ့ အတည်ပြုချက် ရယူပြီးမှ စတင် မှတ်ပုံတင်ရမယ့်ရက်ကို သတ်မှတ်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

အလုပ်သမားအရေး ကူညီနေတဲ့ MAP foundation ထိုင်းနိုင်ငံတောင်ပိုင်း တာဝန်ခံ ကိုနစ်က မှတ်ပုံတင်ရက် ကန့်သတ်ထားမှုအပေါ် ခုလိုပြောပါတယ်။

“တကယ့်တကယ် အကောင်အထည် ဖော်ပေးနိုင်မယ်ဆိုရင်တော့ ပြောင်းလဲမှုတခုပေါ့။ ဒါပေမဲ့ တခုရှိတာက သူတို့က ၇ ရက်ပဲ အချိန်ပေးမယ်ဆိုတော့ ဗမာကလေးတွေက ဒီ ထိုင်းနိုင်ငံမှာ မီလျံနဲ့ချီပြီး ရှိတာလေ။ ဆိုတော့ ကျနော့်အနေနဲ့ ၇ ရက်ဆိုတာ ပြီးပါ့မလားဆိုတဲ့အပေါ် စိုးရိမ်မှုရှိတာပေါ့။ ဘာကြောင့် ၇ ရက်ပဲပေးတာလဲ ဆိုတော့ သူတို့ပြောတာက တကယ်လို့များ အချိန်ကြာကြာ ပေးမယ်ဆိုရင် ဗမာပြည်ထဲကရှိတဲ့ ကလေးတွေ ပိုပြီး လာမှာစိုးလို့တဲ့။ အဲဒါကြောင့် ၇ ရက်ပဲ အချိန်ပေးမယ်တဲ့။”

ဒါပေမဲ့ မှတ်ပုံတင်ခွင့်သာ ရခဲ့ရင် ကလေးတွေ ကြုံနေရတဲ့ အခက်အခဲတချို့ ပြေလည်သွားမယ်လို့လည်း သူက ဆက်ပြောပါတယ်။

“သူတို့ အဲဒီလိုမျိုး မရှိခင်တုန်းက တွေ့ရသလောက်တော့ တချို့ ကလေးလေးတွေကို ကျန်းမာရေး ချို့တဲ့လာလို့ ဆေးရုံတွေ ဘာတွေ တင်တဲ့အခါမှာ တအား ကုန်ကျစရိတ် များတာပေါ့နော်။ တချို့ ကလေးတွေက ကျောင်းတွေဘာတွေ သွားတက်တဲ့အခါ အခက်အခဲတွေ ရှိတာပေါ့လေ။ ထိုင်းရဲ့ ဥပဒေကတော့ ကလေးတိုင်း ကျောင်းတက်နိုင်တယ် ဆိုပေမဲ့လည်း တချို့ကျောင်းတွေက လက်မခံဘူး။ သူတို့တောင်းတာ မွေးစာရင်းပေါ့နော်။ ဗမာကလေးတွေက မွေးစာရင်းမှ မရှိဘဲ။ အဲဒါကြောင့် အခက်အခဲတွေ ရှိတာပေါ့။ တချို့ကလေးတွေဆို ကျောင်းတွေ ဘာတွေ မတက်ရဘူး။ နောက်ပြီး တချို့အလုပ်သမားတွေက လုပ်ငန်းထဲမှာ ကလေးတွေ ဘာတွေ ပါလာတယ်။ အဲဒီအချိန်မှာ ပုလိပ်တွေဘာတွေ ဖမ်းတယ်ဆိုရင် ဒီကလေးတွေလည်း အတူတူ သူတို့မိဘနဲ့ အချုပ်ခန်းထဲမှာတို့၊ ထောင်ထဲမှာတို့ နေရတာ တွေ့ခဲ့ဖူးတယ်လေ။”

တရားမဝင် နေထိုင်ရမှုနဲ့ တရားဝင် နေထိုင်ရသည့်တိုင် ကျန်းမာရေး၊ ပညာရေး အခက်အခဲတွေကြောင့် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေဟာ များသောအားဖြင့် ထိုင်းနိုင်ငံမှာမွေးတဲ့ သားသမီးတွေကို ပြည်တွင်းကို ပြန်ပို့တတ်ကြပါတယ်။
ခုလို အခွင့်အရေးရပေမဲ့ ရတဲ့ဝင်ငွေနဲ့ ကလေးကျောင်းစရိတ် ကာမိမှာမဟုတ်ဘူးလို့ မုဒုံမြို့နယ်က အလုပ်သမတယောက်က ပြောပါတယ်။

“အဲဒီလိုမျိုး အခွင့်အရေး ပေးရင်တော့ ကောင်းသင့်သလောက် ကောင်းတာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ တချို့မိသားစုတွေ အနေနဲ့ မပြန်နိုင်ဘူး။ သူတို့အနေနဲ့တော့ ကောင်းတယ်။ ဒါပေမဲ့ တခုရှိတာက ကျမတို့မှာ ဝင်ငွေက သူတို့တွေနဲ့ တန်းတူမရှိဘူး။ မရှိတဲ့အခါကြတော့ သူတို့က အခွင့်အရေး ပေးပေမယ့် အဲဒီအခွင့်အရေးကို လူတိုင်းယူလို့မရဘူး။ ဥပမာ ကျောင်းသွားထားမယ်ဆိုရင် ထားခွင့်ရှိတယ်၊ ဒါပေမဲ့ မိဘတွေက ထိုင်းလစာနဲ့ မတူတဲ့အခါကြတော့ ကိုယ့်ကလေးတွေက ဒီရှမ်းတွေကြားထဲ မျက်နှာငယ်နေမလား၊ အဲလိုမျိုးပေါ့နော်။”

လက်ရှိမှာတော့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ကလေးတွေအတွက် ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုတွေကို အများစုနေထိုင်တဲ့ မဲဆောက်၊ ဘန်ကောက်၊ မဟာချိုင်၊ ဖူးခက်၊ ဖန်ငနဲ့ ရနောင်းခရိုင်တွေမှာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ လုပ်ဆောင်နေပါတယ်။ ဒီနှစ် အလုပ်သမားမှတ်ပုံတင် ကာလထဲမှာ မြန်မာအလုပ်သမား ၇၀၀,၀၀၀ နီးပါး မှတ်ပုံတင်ခဲ့ကြတယ်လို့လည်း အလုပ်သမားဝန်ကြီးဌာနရဲ့ စာရင်းအရ သိရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG