သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်မှာ နေတိုးတပ်ဖွဲ့ ဆက်ထားရေး လုံခြုံရေးကောင်စီ ဆုံးဖြတ်


အာဖဂန်နစ္စတန်မှာ နေတိုးအဖွဲ့က ဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့တွေကို ဆက်လက် ထားရှိပိုင်ခွင့် ရဖို့အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မနေ့က တညီတညွတ်တည်း သဘောတူညီခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက် ၁၈၉၀ ကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အမြဲတမ်းနဲ့ ယာယီအဖွဲ့ဝင် ၁၅ နိုင်ငံလုံးက သဘောတူခဲ့ကြတာပါ။

အခုလို သဘောတူညီလိုက်တာကြောင့် International Security Assistance Forces (ISAF) ခေါ် နေတိုးအဖွဲ့က ဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့တွေ အနေနဲ့ အာဖဂန်နစ္စတန်မှာ ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့အထိ ဆက်လက် တပ်စွဲထား နိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ ယိုယွင်းအားနည်းနေတဲ့ အာဖဂန် လုံခြုံရေးတပ်ဖွဲ့တွေကို လူအား၊ ပစ္စည်းအား တခြားနည်းတွေနဲ့ အားဖြည့်ကူညီပေးဖို့ တောင်းဆိုထားပါတယ်။

မနေ့က အာဖဂန်နစ္စတန်နိုင်ငံရဲ့ မြို့တော် ကဘူးလ်ရှိ အိန္ဒိယသံရုံးအနီး ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီးတော့လည်း လုံခြုံရေးကောင်စီက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG