သုံးရလွယ်ကူစေသည့် Link များ

ဒေါ်အောင်ဆန်းစုကြည် အနောက်တိုင်းသံတမန်တွေနဲ့ တွေ့ဆုံ


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်နဲ့ သြစတြေးလျ နိုင်ငံ သံအရာရှိတွေကို ရန်ကုန်မြို့က မြန်မာအစိုးရ ဧည့်ဂေဟာမှာ တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံ တွေရဲ့ အရေးယူ ပိတ်ဆို့ ဒဏ်ခတ်မှုတွေနဲ့ ပတ်သက်ပြီး ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် သတင်း အချက်အလက်တွေ ရယူဖို့ ဒေါ်အောင်ဆန်းစုကြည် ဘက်က တောင်းဆိုချက်အတိုင်း စစ်အစိုးရ အာဏာပိုင်တွေက ဒီလိုတွေ့ဆုံနိုင်အောင် စီစဉ်ပေးခဲ့တာ ဖြစ်ပါတယ်။ အသေးစိတ်ကို ကိုသိန်းထိုက်ဦးက အစီရင်ခံထားပါတယ်။

ဒီနေ့မနက် ၁၀ နာရီက အမေရိကန်သံရုံး ယာယီတာဝန်ခံ သောမတ်စ် ဗက်တာ (Thomas Vajta)၊ ဥရောပ နိုင်ငံတွေ ကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး အင်န်ဒရူးဟိန်း (Andrew Heyn)၊ သြစတြေးလျနိုင်ငံ ယာယီ သံရုံး တာဝန်ခံ ဒု သံအမတ်ကြီး ဆိုင်မွန် ခရစ်တိုဘာ စတား (Simon Christopher Starr) တို့ စိမ်းလဲ့ကန်သာ ဧည့်ဂေဟာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တနာရီကျော်ကြာ တွေ့ဆုံခဲ့ကြပါတယ်။ ဒီလိုတွေ့ဆုံတဲ့အချိန်မှာ မြန်မာစစ်အစိုးရ အရာရှိတွေ လည်း တွေ့ဆုံချိန်မှာ ရှိနေခဲ့ပါတယ်။

မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေ ပြဋ္ဌာန်းထားတဲ့ ကိစ္စတွေနဲ့ပတ်သက်လို့ အဓိက ဆွေးနွေး ကြတာ ဖြစ်တယ်လို့ ဗြိတိန်နဲ့ အမေရိကန် သံရုံး ပြောရေးဆိုခွင့် ရှိသူတွေက ဗွီအိုအေကို ပြောပါတယ်။ နေ့ခင်းပိုင်းမှာ သံရုံးအရာရှိတွေ အဲန်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို သွားပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တာ တွေကို ရှင်းပြခဲ့ပါတယ်။ အဲန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း က ဒီကိစ္စကို အခုလို ပြောပါတယ်။

"မနက် ၁၀ နာရီကနေ ၁၁ နာရီအထိကို သံအမတ်ကြီးတွေနဲ့တွေ့တယ်။ ယူအက်စ် ရယ်၊ သြစတြေးလျရယ်၊ ယူကေ ရယ်။ အဲဒါကို ညနေပိုင်းမှာ ကျနော်တို့ဆီကို လာရောက်ရှင်းပြပါတယ်။ အဲဒီသံမှူးကြီးတွေက။ အဓိက ကတော့ သူတို့ ရှင်းပြတဲ့ အသေးစိတ်တော့ ကျနော်တို့ ပြောလို့မရသေးပါဘူး။ ပြောနိုင်တာကတော့ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့စာမှာ ပါတဲ့ အချက် ၃ ချက်ပေါ့နော်။ ဘယ်လို sanction တွေလဲ၊ ဘယ်လောက် ထိတာလဲ၊ consequences (နောက်ဆက်တွဲ အကျိုးသက်ရောက်မှု) တွေက ဘာတွေလဲ။ အဲဒီအချက်အလက်တွေနဲ့ ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က မေတ္တာ ရပ်ခံတယ်။ သူတို့ကလည်း အဲဒီအချက်အလက်တွေ ရဖို့ အစွမ်းကုန် ဆောင်ရွက်ပေးပါ့မယ်လို့ သူတို့ ကတိ ပေးခဲ့ကြ တယ်။ အဓိက က အဲဒါပါပဲ။"

ဒီလို မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတွေရဲ့ အရေးယူ ပိတ်ဆို့မှုတွေနဲ့ ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးပွဲကို နောက်တကြိမ် ထပ်ပြီး ကျင်းပနိုင်မယ်လို့ သံရုံးအရာရှိတွေဘက်က မျှော်လင့်တဲ့အကြောင်း ဦးဉာဏ်ဝင်းက ပြောပါတယ်။ ဒီလို ထိတွေ့ ဆက်ဆံမှု တွေ့ဆုံမှုတွေက တိုင်းပြည်အတွက် ပြည်သူတွေအတွက် အကျိုးရှိမယ်လို့ အဲန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က သတ်မှတ်ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ ရက်နေ့ နေ့စွဲနဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဆီ ရေးသားပေးပို့ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စာမှာ မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့ထားမှု အားလုံးကို သိရှိ နားလည်ရေး၊ မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့ ထားမှုကြောင့် နစ်နာရမှု အတိုင်းအတာကို သိနိုင်ရေး၊ အရေးယူ ပိတ်ဆို့မှုတွေ ချမှတ်ထားတဲ့ သက်ဆိုင်ရာ နိုင်ငံ အစိုးရ တွေရဲ့ သဘောထားကို သိရှိနိုင်ဖို့ ဦးစွာဆောင်ရွက်ဖို့ လိုတယ်ဆိုပြီး ဒါတွေ ဆောင်ရွက်ဖို့အတွက် အမေရိကန် ပြည်ထောင်စု၊ ဥရောပသမဂ္ဂရဲ့ အဖွဲ့ဝင်နိုင်ငံများရဲ့ ကိုယ်စားလှယ်၊ သြစတြေးလျနိုင်ငံက သံအမတ်ကြီးတွေနဲ့ တွေ့ဆုံခွင့် ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒီလို တောင်းဆိုတဲ့စာ ရေးသားပေးပို့ပြီး သတင်းနှစ်ပတ်အတွင်းမှာပဲ မြန်မာစစ်အစိုးရ ခန့်ထား တဲ့ ဆက်ဆံရေးအရာရှိ အလုပ်သမားရေးဝန်ကြီး ဦးအောင်ကြည်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နှစ်ကြိတ်တွေ့ဆုံခဲ့ပြီး အခု သံအမတ်ကြီးတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက တွေ့ဆုံခွင့်ပေးခဲ့တာပါ။

တွေ့ဆုံဆွေးနွေးခဲ့တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ သံရုံးအရာရှိတွေက ထုတ်ဖော်မပြောပါဘူး။ သြစတြေးလျ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ကုန်သွယ်ရေးဝန်ကြီးဌာန ကတော့ တွေ့ဆုံဆွေးနွေးပွဲက အပြုသဘောဆောင်တဲ့ ဆွေးနွေး ပွဲဖြစ်တယ်လို့ ဆိုပြီး ဒီလိုတွေ့ဆုံမှုတွေကနေ နောင်မှာ ထိတွေ့ဆက်ဆံနိုင်တဲ့ အခွင့်အလမ်းတွေ ရနိုင်မယ့် အခြေခံတွေ ဖြစ်မယ်လို့ မျှော်လင့်တဲ့အကြောင်း ကြေညာချက်မှာ ထည့်သွင်းထားပါတယ်။ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့အကြိမ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းကျန်းမာမာ ရှိတဲ့အကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနစ်နာခံမှုတွေကနေ မြန်မာ နိုင်ငံဟာ ပိုပြီးကောင်းမွန်တဲ့ နိုင်ငံတခု ဖြစ်မယ်လို့ မျှော်လင့်တဲ့အကြောင်းနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲ ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် သြစတြေးလျနိုင်ငံ အနေနဲ့ ကူညီဖို့ အဆင်သင့်ရှိတဲ့ အကြောင်းတွေကို လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG