သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၁ ရာစု အကဲစမ်းမှုတွေအတွက်  နိုင်ငံအားလုံးရင်ဆိုင်ဖို့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် အိုဘားမား တိုက်တွန်း


အမေရိကန်သမ္မတ ဘရက်အိုဘားမားက သူ့ကို နိုဘယ်လ်ငြိမ်းချမ်းရေးဆု ချီးမြှင့်တဲ့အတွက် အံ့သြပြီး ဒီဆုကြီးနဲ့ သူ ထိုက်တန်ပါ့မလားလို့ ခံစားမိတဲ့အကြောင်း ၂၁ ရာစုမှာ နိုင်ငံအားလုံးရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုကြီးများအတွက် အလုပ်လုပ် ဖို့ တိုက်တွန်းလိုက်တာဖြစ်တယ်လို့ ယူဆတဲ့အကြောင်း ပြောဆိုပါတယ်။

အမေရိကန်သမ္မတဖြစ်တာ ၁ နှစ်တောင်မပြည့်သေးတဲ့ မစ္စတာ အိုဘားမားက ဒီဆုချီးမြှင့်တာဟာ သူ့ရဲ့ လုပ်ဆောင်ချက် တွေကို အသိအမှတ်ပြုခြင်းထက် ကမ္ဘာတဝှမ်းပြည်သူတွေရဲ့ စိတ်ကူးစိတ်သန်းကို အမေရိကန်က ဦးဆောင်မှုပေးတဲ့ အတွက် အသိအမှတ်ပြုတာလို့ ထင်မြင်ချက်ပေးပါတယ်။

နိုဘယ်လ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံခဲ့ရတဲ့ တခြားပုဂ္ဂိုလ်ကျော်ကြီးများရဲ့ စာရင်းထဲမှာ မိမိ ပါဝင်ထိုက်ရဲ့လားလို့လည်း မဝံ့မရဲ ဖြစ်မိတယ်လို့ အမေရိကန်သမ္မတ က ပြောဆိုပါတယ်။ အော်စလိုမြို့မှာ နိုဘယ်လ်ငြိမ်းချမ်းရေးဆု ရွေးချယ်ရေး ကော်မတီ ဥက္ကဌ ယက်ဂ်လန်း (Jagland) က - မစ္စတာ အိုဘားမားက နိုင်ငံတကာ သံခင်းတမန်ခင်းနဲ့ ပြည်သူတွေကြား ပူးပေါင်း ဆောင်ရွက်ဖြစ်အောင် သူမတူ ထူးခြားစွာ ဆောင်ရွက်နိုင်ခဲ့သူ ဖြစ်ကြောင်း၊ နျူကလီးယားမဲ့ ကမ္ဘာကြီးဖြစ်ရေး ရှုမျှော်မှုကိုလည်း နိုဘယ်လ်ငြိမ်းချမ်းရေးဆု ရွေးချယ်ရေးကော်မတီက အလေးထားပါကြောင်း ကြေညာတဲ့အခါ အံ့အားသင့် ကုန်ကြတယ်လို့ ဆိုပါတယ်။

ဆုကြေးငွေ ဒေါ်လာ ၂ သန်း ၄ သိန်းနီးပါးကို သမ္မတ အိုဘားမားက လှူဒါန်းမယ်လို့ အိမ်ဖြူတော်က ဆိုပါတယ်။ ဒီဆုက မိမိအတွက်သာ မဟုတ်သေးဘဲ သတ္တိပြောင်မြောက်တဲ့ ကမ္ဘာတဝှမ်းက ပြည်သူတွေ၊ အထူးသဖြင့် ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်တာ မစွန့်လွှတ်လို့ နေအိမ်အကျယ်ချုပ်ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း မျှဝေဂုဏ်ယူရမှာလို့ အိမ်ဖြူတော်က ထုတ်ပြန်တဲ့ကြေညာချက်ထဲမှာ သမ္မတ အိုဘားမားက ဖော်ပြပြောဆိုထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG