သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲအတွက် ၂၀၀၈ အခြေခံ ဥပဒေကို လိုက်နာရန် လိုအပ်


မြန်မာနိုင်ငံအပေါ် သြဇာလွှမ်းမိုးလိုတဲ့ နိုင်ငံကြီးတချို့ဟာ ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး ဘက်ပေါင်းစုံက အကျပ်ကိုင်လျက် ရှိတယ်လို့ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြောကြားလိုက်ပါတယ်။ မနေ့က နေပြည်တော် လယ်ဝေးမှာ ပြုလုပ်တဲ့ စစ်မှုထမ်းဟောင်းအဖွဲ့ ညီလာခံမှာ မြန်မာစစ်အစိုးရ အကြီးအကဲက အခုလို ပြောကြားသွားတာ ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရဟာ အမေရိကန် ပြည်ထောင်စုရဲ့ စီးပွားရေးအရ အရေးယူ ပိတ်ပင်တားဆီးမှုကို ရင်ဆိုင်နေရဆဲဖြစ်ပြီး ဒီလို ပိတ်ဆို့အရေးယူမှုတွေကို ပြန်လည်ရုပ်သိမ်းပေးဖို့ အမြဲတောင်းဆိုနေခဲ့တာ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ၂၀၁၀ နိုင်ငံရေးစနစ် ကူးပြောင်းရေး လုပ်ငန်းစဉ် အပါအဝင် ကျန်အဆင့်တွေကိုပါ စီမံထားပြီး ဖြစ်တဲ့အတွက် မြန်မာနိုင်ငံ အနာဂတ် ဖွဲ့စည်းမှု သေချာရေရာ ခိုင်မြဲနေပြီလို့လည်း ဆိုပါတယ်။ ၂၀၁၀ မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတွေဟာ သူ့အခေါ် ရင့်ကျက်တဲ့ စည်းရုံးမှုတွေကို ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ကိုလည်း ပြောကြားသွားပါတယ်။

ပြည်သူတွေ တခဲနက် အတည်ပြုထားပြီးပြီဆိုတဲ့ အခြေခံဥပဒေနဲ့အညီ ရွေးကောက်ပွဲ ကျင်းပပေးမှာ ဖြစ်ပေမဲ့ ရင့်ကျက်တဲ့ ဒီမိုကရေစီမျိုးကို ချက်ချင်းရနိုင်သေးမှာ မဟုတ်ဘူးလို့လည်း ပြောကြားသွားပါတယ်။ နိုင်ငံရဲ့ အကျိုးစီးပွား ပျက်ပြားစေနိုင်တဲ့ ကိစ္စမှန်သမျှကို နိုင်ငံရေးပါတီတွေ အနေနဲ့ ရှောင်ရှားဖို့လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ မိန့်ခွန်းထဲမှာ သတိပေးသွားပါတယ်။

အခုလို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စစ်မှုထမ်းဟောင်းအဖွဲ့ ညီလာခံမှာ မိန့်ခွန်းပြောကြားတဲ့ တနေ့တည်းမှာပဲ နေအိမ်အကျယ်ချုပ် ချခံထားရတဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အနောက်တိုင်း သံတမန်တချို့နဲ့ ရှားရှားပါးပါး တွေ့ဆုံခွင့် ပေးခဲ့ပါတယ်။

အမေရိကန်၊ သြစတြေးလျနဲ့ ဗြိတိန်က သံတမန်တွေနဲ့ တနာရီလောက်ကြာအောင် တွေ့ဆုံမှုအတွင်း မြန်မာစစ်အစိုးရအပေါ် အရေးယူ ဒဏ်ခတ်ထားတာနဲ့ ဆိုင်တဲ့ ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးဉာဏ်ဝင်းက ဗွီအိုအေကို ပြောပြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG