သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်ရွေးကောက်ပွဲ သိသာထင်ရှားတဲ့ မသမာမှုတွေ့ရှိ


အချေအတင် ဖြစ်စရာတွေ ကြုံနေရတဲ့ အာဖဂန် သမ္မတ ရွေးကောက်ပွဲတွေ ကျင်းပခဲ့တုန်းက မသမာမှုတွေ အကြီးအကျယ် ရှိခဲ့ကြောင်း အာဖဂန်နိုင်ငံမှာရှိတဲ့ ကုလသမဂ္ဂရုံး အကြီးအကဲက ဖွင့်ဟပြောဆိုလိုက်ပါတယ်။ သြဂုတ်လ ၂၀ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာ မသမာမှုတွေ ရှိခဲ့တဲ့ အထောက်အထားတွေကို ဖုံးကွယ်ထားတယ်လို့ သူ့ရဲ့ လက်ထောက် ဖြစ်သူ Peter Galbraith က လူသိရှင်ကြား စွပ်စွဲ ပြောဆိုလိုက်တာကို တုံ့ပြန်တဲ့ အနေနဲ့ မြို့တော် ကာဘူးလ်မှာ ကုလသမဂ္ဂ တာဝန်ရှိ ပုဂ္ဂိုလ် Kai Eide က သတင်းထောက်တွေကို ပြောဆိုလိုက်တာပါ။

အမေရိကန် နိုင်ငံသား လက်ထောက် အရာရှိရဲ့ စွပ်စွဲချက်တွေက အာဖဂန်ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေကို သေးသိမ်စေသလို၊ ကုလသမဂ္ဂရဲ့ ဆောင်ရွက်ချက်တွေအပေါ် ယုံကြည်မှုတွေကို အားနည်းစေတယ်ဆိုပြီး နော်ဝေး သံတမန်ကတော့ ဝေဖန်ခဲ့တာပါ။ ကုလသမဂ္ဂရုံး အကြီးအကဲ ဖြစ်သူက အာဖဂန် ရွေးကောက်ပွဲ အတွင်း မဲမသမာမှုတွေ ရှိခဲ့တာကို မှတ်ချက်ပေး ပြောဆိုခဲ့ပေမဲ့၊ မဲအရေအတွက် ဘယ်လောက်အထိ တရားမဝင် ဖြစ်ခဲ့တယ် ဆိုတာတော့ မသိဘူးလို့ ပြောခဲ့တာပါ။

ဥရောပ ရွေးကောက်ပွဲ အကဲခတ်သူတွေကတော့ မဲအားလုံးရဲ့ ၃၀ ရာခိုင်နှုန်းလောက် အထိ ပျက်ပြယ်နိုင်တယ်လို့ ဆိုပါတယ်။ သံသယဖြစ်စရာ မဲရုံတွေက မဲပေးမှုတွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာ တခု ဒီတပတ်ထဲမှာပဲ ထုတ်ပြန်ဖို့ ရှိနေတဲ့ ရွေးကောက်ပွဲဆိုင်ရာ တိုင်ကြားရေး ကော်မရှင်ရဲ့ စုံစမ်း စစ်ဆေးမှုတွေကိုတော့ ကုလသမဂ္ဂက ကျောထောက် နောက်ခံ ပေးထားတာပါ။ ဒီကော်မရှင်ကနေ သမ္မတ ဟာမစ် ခါဇိုင်း အနိုင်ရကြောင်း အတည်ပြုပေးနိုင်သလို၊ သူရတဲ့မဲအများစုဟာ မမှန်မကန် ရထားကြောင်း တွေ့ရရင်တော့ အဓိကစိန်ခေါ်သူ နိုင်ငံခြားရေးဝန်ကြီးဟောင်း အဗ္ဗဒူလာ အဗ္ဗဒူလာ နဲ့ တခါပြန်ပြီး ယှဉ်ပြိုင်ဖို့လည်း အဆုံးအဖြတ် ပေးနိုင်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG