သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နိုင်ငံ ရှင်ဂျန်း အဓိကရုဏ်း ပါဝင်သူ ၆ ဦးကို သေဒဏ်ချမှတ်


တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်ဂျန်းပြည်နယ်မှာ ဖြစ်ခဲ့တဲ့ အဓိကရုဏ်းတွေမှာ ပါဝင်ပတ်သက်ခဲ့သူ ၆ ယောက်ကို တရုတ်တရားရုံးက သေဒဏ် ချမှတ်လိုက်ပါတယ်။ အဓိကရုဏ်းတွေကနေ တဆင့် အကြမ်းဖက်မှုတွေ ဖြစ်ခဲ့တာကြောင့် လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့ပြီး ၁,၆၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဘေဂျင်းမြို့ကနေ ဗွီအိုအေသတင်းထောက် စတက်ဖနီ ဟိုး (Stephanie Ho) သတင်းပေးပို့ထားတာကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

တရုတ်နိုင်ငံ ရှင်ဂျန်းပြည်နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လက လူတွေသေဆုံးတဲ့အထိ ဖြစ်ခဲ့တဲ့ အကြမ်းဖက် အဓိကရုဏ်းတွေနဲ့ တိုက်ရိုက်ပတ်သက်မှုတွေရှိတဲ့ ပထမဆုံး အမှုတွေမှာ လူသေစေမှုနဲ့ တခြားပြစ်မှုတွေကြောင့် လူ ၆ ယောက်ကို သေဒဏ် အပြစ်ပေးလိုက်တယ်လို့ တရုတ်အစိုးရ သတင်းဌာနတွေက ပြောပါတယ်။ ဒါ့အပြင် နောက်ထပ် တရားခံ တယောက်ကိုတော့ ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခဲ့ပါတယ်။

အဲဒီ လူ ၇ ယောက်စလုံးဟာ ဝီဂါလူမျိုးတွေ ဖြစ်တယ်လို့ ရှင်ဂျန်းပြည်နယ်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် လီဂျီး (Li Jie) က အတည်ပြု ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် အခုလို ပြစ်ဒဏ်တွေ ချမှတ်လိုက်တာကြောင့် နောက်ထပ် ပြဿနာတွေ ထပ်ဖြစ်လာနိုင်မလားလို့ မေးတဲ့အပေါ်မှာတော့ သူက အခုလိုပြောပါတယ်။

“သာမန်ပြည်သူတွေက ဘယ်လိုတုံ့ပြန်မလဲ ဆိုတာကို ပြောဖို့ခက်ခဲပါတယ်။ ဒါပေမယ့် အခုချမှတ်လိုက်တဲ့ ပြစ်ဒဏ်တွေဟာ ဘက်လိုက်မှုမရှိဘဲ သမာသမတ် ကျပါတယ်။ အဓိကရုဏ်းနဲ့ သက်ဆိုင်တဲ့ တခြားပြစ်ဒဏ်တွေကို တရားရုံးက နောက်ပိုင်းမှာ ချမှတ်သွားမှာ ဖြစ်ပါတယ်။ အားလုံးကို ဥပဒေအတိုင်း ကိုင်တွယ် ဆောင်ရွက်သွားမှာပါ။” လို့ သူက ပြောသွားတာ ဖြစ်ပါတယ်။

ပြစ်ဒဏ်တွေဟာ တရားမျှတမှု မရှိတဲ့အပြင် အဲဒီလူတွေဟာ ဥပဒေအရ အပြည့်အ၀ ခုခံချေပခွင့်တွေ မရဘူးလို့ ကမ္ဘာလုံးဆိုင်ရာ ဝီဂါကွန်ဂရက်က ဒီလက်စ် ရစ်ဇစ်တ် (Dilax Rixit) က အခုလို ပြောပါတယ်။

“တရားခံတွေအတွက် တရားရုံးကနေ ရွေးချယ်ခန့်အပ် ပေးခဲ့တဲ့ ရှေ့နေတွေဟာ တရုတ်အစိုးရ အကျိုးစီးပွားအတွက်ပဲ လုပ်ခဲ့တာဖြစ်တယ်” လို့ သူက ပြောပါတယ်။

လွန်ခဲ့တဲ့ ဇွန်လတုန်းက တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ဒေါင်းပြည်နယ်က အရုပ်စက်ရုံ ရုန်းရင်းဆန်ခတ်ဖြစ်မှု တခုမှာ ပါဝင်ပတ်သက်ခဲ့တာကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်က အဲဒီထဲက တယောက်ကို သေဒဏ်ပေးခဲ့ပြီး နောက်တယောက်ကို ထောင်ဒဏ် တသက်တကျွန်း ပေးခဲ့ပါတယ်။ ရှင်ဂျန်းပြည်နယ်မှာ အဓိကရုဏ်း ဖြစ်စေခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုမှာ ဝီဂါလူမျိုး ၂ ယောက် သေဆုံးခဲ့ပါတယ်။

ရှင်ဂျန်းပြည်နယ်မှာ ဇူလိုင်လက ဖြစ်ခဲ့တဲ့ အဓိကရုဏ်းဟာ ဆယ်စုနှစ်ပေါင်း များစွာအတွင်း တရုတ်နိုင်ငံမှာ ဖြစ်ခဲ့တဲ့ အဆိုးဆုံး အကြမ်းဖက်မှုတွေထဲက တခုဖြစ်ပါတယ်။ ဂွမ်ဒေါင်းပြည်နယ်မှာ သေဆုံးခဲ့မှုကို ဒေါသထွက်နေတဲ့ ဝီဂါလူမျိုးတွေက ကန့်ကွက်ဆန္ဒပြခဲ့ကြပြီး ရှင်ဂျန်းပြည်နယ်မြို့တော် အူရမ်ရှီးက ဟန်လူမျိုး တရုတ်တွေကို တိုက်ခိုက်တာတွေနဲ့ အဆုံးသတ်ခဲ့တယ်လို့ ရဲက ပြောပါတယ်။ ၂ ရက်အကြာမှာတော့ ဟန်လူမျိုး တရုတ်တွေက ဝီဂါလူမျိုးတွေကို ပြန်ပြီး တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ တရုတ်စစ်တပ်တွေက အခြေအနေတွေကို ထိန်းသိမ်းခဲ့ပါတယ်။

တာကစ်အနွယ်ဝင် ဝီဂါလူမျိုးတွေဟာ ဟန်လူမျိုးတွေက သူတို့ကို လူမျိုးရေး ခွဲခြားဆက်ဆံပြီး သူတို့ရဲ့ မွတ်စလင်ဘာသာ ကိုးကွယ်ပိုင်ခွင့်တွေကို အစိုးရက အပြင်းအထန် တားမြစ်ပိတ်ပင်တာတွေ လုပ်တယ်လို့ အချိန်အတော်ကြာ ကတည်းက ကန့်ကွက်ပြောဆိုခဲ့ပါတယ်။ တရုတ်အစိုးရကတော့ ခွဲခြားဆက်ဆံမှုတွေ မရှိကြောင်း၊ တခြား လူနည်းစုတွေလိုပဲ ဝီဂါလူမျိုးတွေဟာလည်း ဟန်လူမျိုး တရုတ်တွေ မရရှိတဲ့ အကျိုးခံစားခွင့်တွေ ရနေတယ်လို့ ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG