သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အသေခံ ဗုံးခွဲတိုက်ခိုက်မှုကြောင့် ပါကစ္စတန် အနောက်မြောက်ပိုင်းမှာ လူ ၄၁ ဦး သေဆုံး


ပါကစ္စတန် အနောက်မြောက်ဘက် ဒေသမှာ စစ်တပ်က မော်တော်ယာဉ်တန်းတခုကို ပစ်မှတ်ထားပြီး အသေခံ ဗုံးခွဲ တိုက်ခိုက်ခဲ့လို့ ၄၁ ယောက် သေဆုံးပြီး တခြားလူ ၄၅ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ တချိန်တည်းမှာပဲ ရာဝါပင်ဒီ (Rawalpindi) မြို့က စစ်ဌာနချုပ်ကို စနေနေ့က တိုက်ခိုက်ခဲ့တာ သူတို့ရဲ့လက်ချက်ပါလို့ တာလီဘန်တွေက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ဆွပ်တောင်ကြား (Swat Valley) ဒေသအနီး ရှန်ဂလာ (Shangla) ခရိုင်မှာ လူစည်ကားတဲ့ဈေးကို စစ်တပ်က မော်တော်ယာဉ်တန်း ဖြတ်သန်းသွားစဉ် တိုက်ခိုက်ခဲ့တာဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၆ ယောက် သေဆုံးခဲ့ရပါတယ်။ ဒါဟာ တပတ်အတွင်း ပါကစ္စတန်မှာ ၄ ကြိမ်မြောက် တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။

ရာဝါပင်ဒီတပ်မြို့က စစ်ဌာနချုပ်ကို စစ်သွေးကြွတွေက တနင်္ဂနွေနေ့က ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၀ ဦး၊ အရပ်သား ၄ ယောက်၊ စစ်သွေးကြွ ၉ ယောက် သေဆုံးခဲ့ရပါတယ်။ အဲဒီတိုက်ခိုက်မှုဟာ တာလီဘန်တွေရဲ့ လက်ချက်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒီစီးနင်းမှုမှာ စစ်သွေးကြွတွေက ၃၉ ယောက်ကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ပါသေးတယ်။ ပါကစ္စတန် လက်ဖြောင့် အထူးတပ်ဖွဲ့က ဌာနချုပ်ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ဓားစာခံတွေကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။

တောင်ပိုင်း ဝါဇီရစ္စတန် (Waziristan) ဒေသက တဲရစ်-အီး-တာလီဘန် (Tehrik-e-Taliban) အကြမ်းဖက်အဖွဲ့က ဓားစာခံတွေကို ဖမ်းဆီးပြီး အကျဉ်းကျနေတဲ့ စစ်သွေးကြွတွေနဲ့ လဲလှယ်ဖို့ ကြံစည်ခဲ့ကြတဲ့ အထောက်အထားတွေ တွေ့ရှိရတယ်လို့ ပါကစ္စတန် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ကြီး အာဘတ်စ် (Abbas) က ပြောဆိုလိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG