သုံးရလွယ်ကူစေသည့် Link များ

အိန္ဒိယ၊ ကမ္ဘောဒီးယားတို့နဲ့ မြန်မာ စစ်ဘက်ဆက်ဆံရေး အားဖြည့်


မြန်မာနိုင်ငံကို ၃ ရက်ကြာခရီး ရောက်ရှိနေတဲ့ အိန္ဒိယ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဒီးပတ်ခ် ကာပူး (General Deepak Kapoor) ဟာ မနေ့က မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ ပါတယ်။

အိန္ဒိယ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဒီးပတ်ခ် ကာပူးဟာ စစ်အစိုးရ ဒုတိယ အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးနဲ့လည်း တွေ့ဆုံပြီး နှစ်နိုင်ငံ စစ်ရေးအရ ဆက်ဆံရေး ခိုင်မာစေဖို့အတွက် ဆွေးနွေးခဲ့ကြတယ်လို့ ရန်ကုန်က လာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးဟာ အိန္ဒိယနိုင်ငံကို ၂၀၀၈ ခုနှစ် ဧပြီလတုန်းက သွားရောက်ခဲ့ပြီး အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန် ဆင်းဂ် (Manmohan Singh) နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ အဲဒီခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော် အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် ထောက်လှမ်းရေး သတင်းတွေ ဖလှယ်ရေး သဘောတူ စာချွန်လွှာ လက်မှတ် ရေးထိုး ခဲ့ပါတယ်။

ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့ ဖိတ်ကြားချက်အရ အိန္ဒိယ ဒု-သမ္မတ ရှရီ အမ် ဟာမစ်ဒ် အန်ဆရီလည်း ဒီနှစ် ဖေဖော်ဝါရီ လဆန်းပိုင်းက နေပြည်တော်ကို ချစ်ကြည်ရေးခရီး လာရောက်ခဲ့ဘူးပါတယ်။

တချိန်တည်းမှာပဲ မြန်မာနိုင်ငံ စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်ဟာ ကမ္ဘောဒီးယားနိုင်ငံကို ရောက်ရှိနေပြီး ကမ္ဘောဒီးယားနိုင်ငံ ကာကွယ်ရေးဦးစီးချုပ် ပိုးလ် ဆာရိုရွန်း (Pol Saroeun) နဲ့ နှစ်နိုင်ငံ စစ်ဘက်ရေးရာ ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။

ကမ္ဘောဒီးယားနဲ့ ထိုင်းနယ်စပ်အကြား အငြင်းပွားနေတဲ့ ပရာ ၀ိဟာရ (Preah Vihear) ရှေးဟောင်း ပုထိုးတော် အရေးကိစ္စ ကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဖနွမ်းပင်ကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG