သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်-အာဆီယံ လွတ်လပ်စွာကုန်သွယ်ရေးစာချုပ် မြန်မာကြောင့် အဟန့်အတား ဖြစ်ဖွယ်ရှိ


အာဆီယံ အရှေ့တောင်အာရှ နိုင်ငံများအသင်းနဲ့ လွတ်လပ်တဲ့ ကုန်သွယ်ရေး သဘောတူညီချက်တွေ ချမှတ်နိုင်ရေး စတင် ပြင်ဆင်ဖို့ အမေရိကန် အထက်လွှတ်တော်အမတ် တချို့က သမ္မတအိုဘားမား အစိုးရကို တိုက်တွန်းနေပါတယ်။ အာရှဒေသ စီးပွားရေး ပညာရှင်တွေကတော့ မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုတွေ ရှိနေတဲ့အတွက် အာဆီယံနဲ့ ကုန်သွယ်ရေး သဘောတူညီချက်တွေဟာ ထိရောက်မှာ မဟုတ်ဘူးလို့ မြင်နေကြပါတယ်။ အကြောင်းစုံကို ကိုသိန်းထိုက်ဦးက တင်ပြထား ပါတယ်။

ရှေ့လအတွင်း အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) စင်ကာပူနိုင်ငံမှာ ကျင်းပမယ့် အာရှ-ပစိဖိတ်ဒေသ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (APEC) ထိပ်သီးစည်းဝေးပွဲ မတက်ခင်မှာ အာဆီယံနဲ့ အမေရိကန် ပြည်ထောင်စုအကြား လွတ်လပ်တဲ့ ကုန်သွယ်ရေး သဘောတူညီချက်တွေ ချမှတ်နိုင်အောင် စတင်ဆွေးနွေးဖို့ အမေရိကန် ဆီးနိတ် လွှတ်တော်အမတ် တချို့က သမ္မတအိုဘားမား အစိုးရကို တိုက်တွန်းနေတာပါ။

မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ထားတဲ့အတွက် အာဆီယံနိုင်ငံတွေနဲ့ လွတ်လပ်တဲ့ ကုန်သွယ်ရေး သဘောတူညီချက်တွေ ချမှတ်ရေးမှာ အဟန့်အတား မဖြစ်သင့်ဘူးဆိုပြီး ဆီးနိတ်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီ ခေါင်းဆောင်တဦးဖြစ်တဲ့ အင်ဒီယားနားပြည်နယ် ရီပတ်ဘလစ်ကန် အမတ် ရစ်ချတ် လူဂါ (Richard Lugar) က တိုက်တွန်းထားပါတယ်။

အမေရိကန် ပြည်ထောင်စုဟာ အာဆီယံ အရှေ့တောင်အာရှ နိုင်ငံတွေနဲ့ ထိတွေ့ဆက်ဆံရေးမှာ ပြည့်စုံတဲ့ မဟာဗျူဟာတရပ် ချမှတ်ဖို့လိုသလို FTA လွတ်လပ်တဲ့ ကုန်သွယ်ရေး သဘောတူညီချက်တွေအတွက် ဆက်တိုက်ဆိုသလို ဆွေးနွေးညှိနှိုင်းနိုင်အောင် ပြင်ဆင်ဖို့ ဆီးနိတ်လွှတ်တော်အမတ် ရစ်ချတ် လူဂါက တိုက်တွန်းထားတာပါ။

တရုတ်နိုင်ငံ အပါအဝင် ဒေသတွင်း နိုင်ငံတွေက အာဆီယံနိုင်ငံတွေနဲ့ လွတ်လပ်တဲ့ ကုန်သွယ်ရေး သဘောတူညီချက်တွေ ချမှတ်ထားပြီးသား ဖြစ်တဲ့အတွက် အမေရိကန်ပြည်ထောင်စု အနေနဲ့ စီးပွားရေး ယှဉ်ပြိုင်ရနိုင်ခြေတွေကို သတိပေးထား ပါတယ်။

ဒါပေမဲ့လည်း အမေရိကန် ပြည်ထောင်စုဟာ မြန်မာစစ်အစိုးရနဲ့ ထိတွေ့ဆက်ဆံရေး မူကိုသာ ကျင့်သုံးမှာဖြစ်ပြီး အရေးယူ ပိတ်ဆို့မှုတွေကို ရုပ်သိမ်းဦးမှာ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။ ဒါကြောင့်လည်း ဒီလို အာဆီယံအဖွဲ့ဝင် နိုင်ငံတခုအပေါ် အရေးယူထားတဲ့အချိန်မှာ ဒေသတွင်း အဖွဲ့အစည်း တခုလုံးနဲ့ သဘောတူနိုင်မဲ့ ကုန်သွယ်ရေး သဘောတူညီချက်တွေက ထိရောက်မှာ မဟုတ်ဘူးဆိုပြီး စင်ကာပူတက္ကသိုလ် ဂုဏ်ထူးဆောင်ပါမောက္ခ စီးပွားရေးပညာရှင် ဒေါက်တာခင်မောင်ကြည် က မြင်ပါတယ်။

“မပြည့်စုံဘူးပေါ့ဗျာ၊ ဒါပါပဲ။ နာမည်ပဲ ဖြစ်မှာပေါ့။ Free Trade Agreement ဆိုတာက ရှိတဲ့ နိုင်ငံ ၂ ခု၊ ၃ ခု အစရှိသဖြင့် ပူးပေါင်းပြီး တခုတခု အရောင်းအဝယ်လုပ်တဲ့ နေရာမှာ စည်းကမ်းကန့်သတ်ပြီး အဲဒီစည်းကမ်းအတွင်းမှာ သူတို့ လွတ်လပ်စွာ လုပ်နိုင်အောင် ခွင့်ပြုတဲ့ စနစ်ပါပဲ။ အာဆီယံနဲ့ လုပ်တယ်ဆိုရင်လည်း အာဆီယံက ဗမာပြည် ထည့်ရမှာပဲ။ ဗမာပြည် မထည့်ဘဲနဲ့လည်း အာဆီယံ မဖြစ်ဘူးလေ။ အာဆီယံဆိုတာကိုက ဗမာပြည်ပါလို့ အာဆီယံ ဖြစ်နေတာ။ ဘယ်နည်းနဲ့မှ ဒါကတော့ နာမည်ပဲရှိမယ်။ တကယ့် Real Trade အောင်မြင်စရာ မရှိပါဘူး။ တရုတ်က လွှမ်းမိုးတာကတော့ တရုတ်ရဲ့ Influence ကတော့ နည်းတဲ့ Influence မဟုတ်ဘူး။”

ဒေါက်တာခင်မောင်ကြည် ပြောပြသွားတာ ဖြစ်ပါတယ်။

အာဆီယံနိုင်ငံတွေဟာ တရုတ်၊ အိန္ဒိယ၊ သြစတြေးလျ၊ တောင်ကိုရီးယား၊ နယူးဇီလန် စတဲ့နိုင်ငံတွေနဲ့ လွတ်လပ်တဲ့ ကုန်သွယ်ရေး သဘောတူညီချက်တွေ ချမှတ်ပြီးပြီ ဖြစ်ပါတယ်။

လူဦးရေ သန်းပေါင်း ၅၆၀ ရှိတဲ့ အရှေ့တောင်အာရှ နိုင်ငံတွေဟာ အမေရိကန် ပြည်ထောင်စုရဲ့ ပဉ္စမအကြီးဆုံး ကုန်သွယ်ဖက်ဒေသ ဖြစ်ပါတယ်။ ကနေဒါ၊ မက္ကဆီကို၊ တရုတ်နဲ့ ဥရောပနိုင်ငံတွေပြီးရင် အရှေ့တောင်အာရှ ဒေသကို အဓိက စီးပွားရေး ဒေသအဖြစ် အမေရိကန် ပြည်ထောင်စုက သတ်မှတ်ထားပါတယ်။

အရှေ့တောင်အာရှဒေသကို ပို့တဲ့ အမေရိကန် ပြည်ထောင်စုရဲ့ ပို့ကုန်တန်ဖိုးဟာ တရုတ်နိုင်ငံကိုပို့တဲ့ ပမာဏနဲ့ အတူတူ ဖြစ်ပြီး အိန္ဒိယနိုင်ငံကိုပို့တဲ့ ပို့ကုန်ပမာဏထက် ၃ ဆ ပိုများတယ်လို့ အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီရဲ့ ကိန်းဂဏန်းတွေမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်းမှာ အမေရိကန် ပြည်ထောင်စုရဲ့ အရှေ့တောင်အာရှ ဒေသကို ပို့တဲ့ ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာ သန်းပေါင်း ၆၈,၀၀၀ တန်ဖိုးအထိ တိုးလာခဲ့တဲ့ အတွက်လည်း အရှေ့တောင်အာရှဒေသနဲ့ စီးပွားဆက်ဆံရေး တိုးမြှင့်ဖို့ကို အမေရိကန် အထက်လွှတ်တော်အမတ် တချို့က ပိုပြီး အာရုံစိုက်လာနေကြပါတယ်။

အမေရိကန် ပြည်ထောင်စုနဲ့ အာဆီယံအကြားမှာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု အခြေခံ သဘောတူညီချက်ကို လက်မှတ် ရေးထိုး ထားပါတယ်။ ဒီသဘောတူညီချက်ဟာ FTA လွတ်လပ်တဲ့ ကုန်သွယ်ရေး သဘောတူညီချက် ချမှတ်နိုင်ဖို့အတွက် ရှေ့ပြေး သဘောတူညီချက်တခုလို့ သတ်မှတ်ထားပါတယ်။

အာဆီယံတခုလုံးနဲ့ လွတ်လပ်တဲ့ ကုန်သွယ်ရေး သဘောတူညီချက် ချမှတ်မထားပေမဲ့လို့ အမေရိကန် ပြည်ထောင်စု အနေ နဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေထဲက စင်ကာပူနဲ့ နှစ်နိုင်ငံချင်း သဘောတူညီချက် ချမှတ်ထားပါတယ်။ မလေးရှားနိုင်ငံနဲ့ လည်း အလားတူ သဘောတူညီချက်တွေ ချမှတ်နိုင်ရေး ဆွေးနွေးနေဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG