သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ညီညီအောင်ကို တရားရုံးထုတ်


ပြီးခဲ့တဲ့လတုန်းက ရန်ကုန် နိုင်ငံတကာလေဆိပ်မှာ ဖမ်းဆီးခံရတဲ့ မြန်မာလူမျိုး အမေရိကန်နိုင်ငံသား ကိုညီညီအောင်ကို ဒီကနေ့ ပထမဆုံး တရားရုံး ရုံးထုတ်ပါတယ်။ အထောက်အထား အတုလုပ်မှု၊ အယောင်ဆောင်မှုတွေနဲ့ စွဲချက်တင်ထား တယ်လို့ ရှေ့နေဖြစ်သူက ပြောပါတယ်။

စစ်အစိုးရ သတင်းစာရှင်းလင်းပွဲမှာတော့ သူဟာ တိုင်းပြည် မငြိမ်မသက်ဖြစ်အောင်နဲ့ ဖောက်ခွဲဖျက်ဆီးရေး လုပ်ငန်းတွေနဲ့ ဆက်စပ်တယ်လို့ စွပ်စွဲထားပေမဲ့ စွဲချက်မှာတော့ အဲဒါတွေကို မတွေ့ရပါဘူး။

ဒီကနေ့ တရားရုံး ရုံးထုတ်စဉ်မှာတော့ ရှေ့နေတွေအပြင် ရန်ကုန် အမေရိကန်သံရုံး အရာရှိတဦးလည်း တရားခွင်ကို လာရောက်ခဲ့ပါတယ်။

သူဟာ စစ်ကြောရေးကာလအတွင်း ညှဉ်းပန်းနှိပ်စက်တာ ခံခဲ့ရပေမဲ့ အခုတော့ စိတ်ရော ကိုယ်ပါ ကျန်းကျန်းမာမာ ရှိနေတယ်လို့ ရှေ့နေဖြစ်သူတွေက ပြောပါတယ်။ ညှဉ်းပန်းနှိပ်စက် ခံခဲ့ရတယ် ဆိုတာနဲ့ ပတ်သက်လို့ အမေရိကန်သံရုံးက မြန်မာအစိုးရကို တရားဝင် ကန့်ကွက်စာ ပို့ထားတယ်လို့ သိရပါတယ်။

ကိုညီညီအောင်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်နေ့က ရန်ကုန် နိုင်ငံတကာလေဆိပ်မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ သူဟာ ၁၉၈၈ ခုနှစ် ကျောင်းသားလှုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီးနောက် နယ်စပ်ဒေသကို တိမ်းရှောင်၊ အဲဒီကနေ အမေရိကန် နိုင်ငံမှာ နိုင်ငံသား ခံယူခဲ့တာပါ။

ကိုညီညီအောင်ဟာ ပြီးခဲ့တဲ့ ၂ နှစ်က သံဃာတွေရဲ့ ရွှေဝါရောင် လှုပ်ရှားမှုဖြစ်အောင် သွေးထိုးခဲ့သလို အတိုက်အခံ လှုပ်ရှားသူတွေကို ငွေကြေးထောက်ပံ့ပြီး အခြား အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုတွေလည်း လုပ်ခဲ့တယ်လို့ စစ်အစိုးရက သူ့ကို စွပ်စွဲထားပါတယ်။

ကိုညီညီအောင်ရဲ့ မိခင်ဖြစ်သူဟာလည်း ပြီးခဲ့တဲ့ ရွှေဝါရောင် လှုပ်ရှားမှုတွေနဲ့ ဆက်နွယ်ပြီးတော့ ဖမ်းဆီးထောင်ချ ခံထား ရပါတယ်။

ကိုညီညီအောင် အမှုကိုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးဉာဏ်ဝင်းနဲ့ ဦးကြည်ဝင်းတို့က လိုက်ပါဆောင်ရွက် ပေးနေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG